spot_imgspot_imgspot_imgspot_img
Thursday, November 21, 2024
spot_imgspot_imgspot_imgspot_img

ခြေထောက်တဖက်နဲ့ တော်လှန်ရေးခရီးကို ဆက်လျှောက်နေတဲ့ KNDF ရဲဘော်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရဲဘော်မောင်ဘ က ခြေတဖက်ပဲရှိပါတယ်။ အမေမွေးတုန်းကတော့ ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံနဲ့ မွေးဖွားလာသူပါ။ ဒါပေမဲ့ နွေဦးတော်လှန်ရေးလို့ခေါ်တဲ့ အာဏာသိမ်းပြီးနောက်ဆက်တွဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ခြေထောက်တဖက်ကို ပေးဆပ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး ဘီလူးစစ်ကြောင်းနဲ့အတူ (mission) မစ်ရှင် ပြုလုပ်နေစဉ်မှာ မိုင်းနင်းမိခဲ့တာပဲ ဖြစ်ပါတယ်။ ခြေထောက်ကို ဒူးခေါင်းအပေါ်ထိ ဖြတ်လိုက်ရပါတယ်။

ခြေထောက်တဖက်မရှိတော့ပေမဲ့ သူစလျှောက်ခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းကို လက်ကျန် ခြေထောက်တဖက်နဲ့ လျှောက်လှမ်းနေဆဲပါ။ ခုချိန်မှာတော့ လစ်လပ်နေတဲ့ ခြေထောက်တဖက်ကို ခြေတုအစားထိုးကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ တပ်ရင်း ၈ မှာ ကားမောင်းပြီး တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

“အခက်ခဲတော့ရှိတာပေါ့နော၊ အရင် သာမာန်ထက်တော့ မဟုတ်ဘူးလေး၊ ခြေတဖက် အတုနဲ့ ခါကျတော့ ဂရုစိုက်မောင်းရတာပေါ့၊ အရင်လိုတော့ မဟုတ်ဘူးပေါ့။” လို့ ရဲဘော်မောင်ဘက ပြောပါတယ်။

ခြေတုနဲ့မို့ လှုပ်ရှားသွားလာရတာ မလွယ်ကူတာမို့ ရှေ့တန်းထိ လိုက်ပါသွားနိုင်တာမျိုးမရှိတော့ပေမဲ့ နောက်တန်း မှာနေပြီး တော်လှန်ရေးရဲဘော်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီနေဆဲပါ။

သူတတ်နိုင်တဲ့ ကားမောင်းပေးတာ ၊ သေနတ်တွေကို ဆေးကျောသန့်စင်ပေးတာနဲ့ တပ်ဆင်ပေးတာတွေကို အားတက်သရော လုပ်ကိုင်ပေးတတ်ပါသေးတယ်။

“ရဲဘော်မစ်ရှင်သွားတာ၊ အကြိုအပို့တွေ၊ အဲ့ဒါတွေနဲ့ပဲလုပ်နေပါတယ်။ အားနေတဲ့အချိန် ရဲဘော်တွေ သေနတ်တွေလာပုံထားရင် သေနတ်ဆေးပေး အဲဒါတွေရှိတယ်။” လို့ ရဲဘော်မောင်ဘက ပြောပါတယ်။

ရဲဘော်မောင်ဘဟာ ကယန်းလူမျိုးဖြစ်ပြီး သူတို့မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ထဲသာ ရှိပါတယ်။ ညီဖြစ်သူကလည်း တော်လှန်ရေးရဲဘော်တဦး ဖြစ်ပါတယ်။ စားရေးသောက်ရေးအတွက် ညီဖြစ်သူက ကူညီလုပ်ကိုင်ပေးပေမဲ့ တခါတလေမှာတော့ သူကိုယ်တိုင် ချက်ပြုတ်စားသောက်တာမျိုးလည်း ရှိပါတယ်။

ရဲဘော် မောင်ဘဟာ ခြေအတု တပ်ထားရတာကြောင့် သာမန်လူတွေထက် မနက်အစောထရတာ၊ အလုပ် အချိန်မီသွားလာနိုင်ဖို့ အချိန်ပိုပေးရတာလည်း ရှိတယ်လို သူက ပြောပြပါတယ်။

ခြေထောက်တဖက် ဆုံးရှုံးသွားချိန်မှာပဲ စိတ်ဓာတ်ကျအားငယ်တာ‌မျိုးတော့ရှိခဲ့ပေမဲ့ တခြား အသက်ပေးခဲ့ရသူတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်း ဖြစ်ခဲ့ရတဲ့ ရဲဘော်တွေအကြောင်းကိုတွေးပြီး ရဲဘော် မောင်ဘဟာ အားအင်တွေ ပြန်ယူနေရတယ်လို့ ပြောပါတယ်။

ရဲဘော် မောင်ဘဟာဆိုရင် တော်လှန်ရေး မအောင်မချင်းတော့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ လုပ်နိုင်သလောက် ဆက်လက်ပါဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

သူဟာ မသန်စွမ်းတဦး ဖြစ်သွားခဲ့ပေမဲ့ စိတ်ဓာတ်ပြင်းထန်နေဆဲဖြစ်သလို၊ စိတ်ဓာတ်ကျတာမျိုးမရှိပဲ တပ်ရင်းအတွက် တတ်နိုင်တဲ့ဖက်ကနေ ပါဝင်ကူညီပေးနေတာကို လေးစားမိတယ်လို့ ရဲဘော်မောင်ဘရဲ့ မိတ်ဆွေရင်း ကိုပေါ့လူက အခုလို ပြောပါတယ်။

“သူ့စိတ်ဓာတ်ကတော့ ကောင်းတယ်၊ တခြားရဲဘော်ထက်စာရင်တော့ လေးစားစရာကောင်းတယ်၊ သူ့ရဲ့ စိတ်ဓာတ်ပေါ့၊ ရုန်းကန်တယ်၊ တကယ်လည်းလုပ်ပေးတယ်”လို့ ကိုပေါ့လူက ပြောပါတယ်။

လက်ရှိအချိန်ထိ တပ်ရင်းအတွက် သူတတ်နိုင်တဲ့ဘက်က ပေးဆပ်နေဆဲဖြစ်တဲ့သူ့ကို သူရဲ့ မိတ်ဆွေတွေကတော့ အရင်လိုပဲ တန်းတူညီတူဆက်ဆံပေးကြသလို ကူညီဖေးမမှုတွေ ပေးကြတယ်လို့လည်း ဆိုပါတယ်။

” ကျနော်ကတော့ သူ့ကို ဂုဏ်ယူတယ်။ လေးလည်း လေးစားတယ်။ တခြားလူသာ ဟုတ်ရင်တော့ စိတ်ပျက်မှာဘဲပေါ့နော်။ သူက စိတ်မပျက်ဘူး။ တတ်နိုင်တဲ့ဖက်ကို လိုက်ကူညီပေးတယ်။ လုပ်ပေးသေးတာကို ကျနော်လေးစားမိတယ်။” လို့ ကိုပေါ့လူက ပြောပါတယ်။

ရဲဘော်မောင်ဘကတော့ အာဏာရှင်အမြစ်ပြုတ်ပြီးတဲ့အချိန် တော်လှန်ရေးကာလအလွန်ရောက်မှ သူရဲ့ အနာဂတ်အတွက် အကောင်ထည်ဖော်မယ်လို့ ပြောပါတယ်။

“တတ်နိုင်သ၍တော့လုပ်သွားမယ်၊ အရေးတော်ပုံမအောင်မချင်းတော့ လုပ်သွားမယ်။ ဒီချိန်မှာ လူလိုတယ်ဆိုတော့ လာခေါ်လည်းသွားအုံးမယ်။ ” လို့ ရဲဘော်မောင်ဘက အားတက်သရော ပြောဆိုလိုက်ပါတယ်။

spot_img
spot_img

Recent posts