ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာရှိတဲ့ တပ်ရင်းအသီးသီးက တပ်မတော်သားတွေအားလုံးအနေနဲ့ တာဝန်ချိန်အတွင်းမဟုတ်ဘဲ ကျည်ဆံတွေဖြုန်းတီးစေတဲ့ သေနတ်ဖောက်တာ၊ မိုင်းခွဲတာတွေကို မပြုလုပ်ဖို့ ကရင်နီပြည်တပ်မတော် (KA)၊ အမှတ်(၅) တပ်ရင်းမှူး ဗိုလ်မှူး ခွန်းပလော်ရီက ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
နေ့ထူးနေ့မြတ်တွေမှာ ကျည်ဆံ အလကား ကုန်စေတဲ့ ဖြစ်ရပ်မျိုး မဖြစ်တော့အောင် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ကြိုတင်အသိပေးတာလည်းပါတယ်လေ။ ဟို့အရင်တုန်းက မရှိပါဘူး။ ဒါပေမဲ့ အရင်တစ်နှစ်တုန်းက ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ အများကြီးပစ်တယ် ပြောတော့ အဲ့တာလည်းပါတာပေါ့နော်။ အထူးသဖြင့် KNDF ဖြစ်ဖြစ် PDF ဖြစ်ဖြစ် သေနတ်ဖောက်တာ ကျည်ဆံလည်း အလကားကုန်တာကို အဲ့အတွက်ကြောင့် အခုလို အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။ “လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။
ဒါ့အပြင် တပ်ရင်းအတွင်းက တပ်မတော်တပ်သားတွေ အားလုံးအနေနဲ့ တာဝန်ချိန်အတွင်းမဟုတ်ဘဲ ညအချိန်မတော် သွားလာတာ၊ အများပြည်သူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အော်ဟစ်ဆူညံတာ၊ ငါးရှော့တိုက်တာ၊ မှိုင်းခွဲတာ၊ မူးယစ်ဆေး(WY) သုံးစွဲတာနဲ့ သေနတ်ပစ်ဖောက်တာတွေမလုပ်ဖို့ အမိန့်ညွန်ကြားချက်မှာ ပါရှိပါတယ်။
အထူးသဖြင့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ သေနတ်ဖောက်တာတွေမလုပ်ဖို့ အမိန့်စာထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
“အမိန့်စာထုတ်တာတော့ တပ်ရင်းတွေအတွက်ပေါ့။ လိုက်နာဖို့တော့ လိုတယ်လေ။ ပြောတာက နှစ်သစ်ကူးအတွင်း ခရစ္စမတ်အတွင်း အထူးသဖြင့် နေ့ထူးနေ့မြတ်မှာ သေနတ်မဖောက်ဖို့ ထုတ်ထားတဲ့ အမိန့်စာဖြစ်ပါတယ်။ အခြားသောထူးထူထွေထွေတော့မရှိဘူး။ “ လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။
လက်ရှိအသိပေးထုတ်ပြန်ထားတဲ့ အမိန့်စာဟာ ကရင်နီပြည်အတွင်းမှာရှိတဲ့ KA ၊ KNDF နဲ့ PDF တော်လှန်ရေးတပ်သားတွေအားလုံးအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ထားတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အမိန်နာခံမှုမရှိတဲ့ တပ်သားတွေကိုတော့ သက်ဆိုင်ရာ တပ်ရင်းအလိုက် ပြန်လည်အရေးယူ သွားမှာဖြစ်သလို အမိန့်လိုက်နာ ဆောင်ရွက်မှုရှိဖို့ဟာ တပ်ဗိုလ် တပ်မှူးတွေ အားလုံးတာဝန်ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောဆိုထားပါတယ်။