ကန္တာရဝတီတိုင်း ( မ် )
ယနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ပတ်ဝန်းကျင်နေ့” ကို Karenni Ever Green( KEG) နဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်လူ့အဖွဲ့ (BEWG) တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ နန်းဆွယ်ကျေးရွာမှာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ သဘာဝ အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ လေ၊ မြေ၊ တောတောင်၊ ရတနာတွေပေါ်မှာ အကျိုးခံစားခွင့် မရရှိခြင်းကို အသိပေးလိုပြီး သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို ထိန်းသိမ်းသွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ “ကမ္ဘာ့ပတ်ဝန်းကျင်နေ့” အခမ်းအနားကို နှစ်စဉ် ကျင်းပလျက်ရှိတယ်လို့ အခမ်းအနားကို စီစဉ်ဆောင်ရွက်တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်လူ့အဖွဲ့ (BEWG) တာဝန်ခံ ခွန်ဦးက ဆိုပါတယ်။
“ ကျနော်တို့ မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်နဲ့ ပတ်သတ်လို့ရှိရင် အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်တွေက တော်တော်များများက ထုတ်သုံးစွဲပြီးတော့မှ ထုတ်ရောင်းတာပိုများတာပေါ့လေး။ ဆိုတော့ အနာဂတ်အတွက်က မကျန်နေဘူး။ ပြီးရင်ထုတ်ရောင်းလို့ရတဲ့ ငွေတွေကလည်း အာဏာရှိတဲ့ သူတွေရဲ့ လက်ထဲပဲ ပြန်ပြန်ပြီးရောက် သွားတာ။ အဲတော့ ပြည်သူတွေက အကျိုးခံစားခွင့် မရှိနေဘူးပေါ့နော။ အဲတော့ ပတ်ဝန်းကျင်ကို အဓိက ထုတ်ရောင်းဖို့ ဆိုတာထက် ထိန်းသိမ်းဖို့လိုတယ်။ ပြီးတော့မှ ရာသီဥတု ဖောက်ပြန်မှုတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပို ဆိုးဝါးလာတာကိုလည်းတွေ့ရတယ်။ ပြီးတော့မှ ပတ်ဝန်းကျင်တွေကို ဖော်ထုတ်ခြင်းအားဖြင့် ကျန်တဲ့ မျိုးဆက်တွေ ကျန်တဲ့လူငယ်တွေက ကိုယ့်ရဲ့ နိုင်ငံ တည်ဆောက်ရေး အခန်းကဏ္ဍတွေမှာ လူမျိုးရေး ပြန်လည်ပေါင်းစည်းနိုင်မဲ့ အခန်းကဏ္ဍတွေမှာ သဘာဝပတ်ဝန်းကျင်ကတော့ အဓိက အက္ခရာ ကျတယ်ပေါ့နော။ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းပြီးတော့မှပဲ ညီညွတ်ရေးတွေ ငြိမ်းချမ်းရေးတွေ တည်ဆောက်သွားနိုင်ဖို့ ဆိုတဲ့ အခြေခံ စဥ်းစားချက်တွေလည်း အများကြီးပါပါတယ်”လို့ ခွန်းဦးက ပြောပါတယ်။
အခမ်းအနားမှာတော့ သဘာဝပတ်ဝန်းကျင် ရဲ့ အရေးပါပုံကို အဓိက အသိပေး ဟောပြောခဲ့ကြပြီး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးခဲ့တယ်လို့ဆိုပါတယ်။ ရှေ့ဆက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး လုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခွန်ဦးက ဆက်ပြောပါတယ်။
“ကမ္ဘာ့ပတ်ဝန်းကျင်နေ့” ကို မြန်မာ့သဘာဝပတ်ဝန်းကျင်လူ့အဖွဲ့ မှ မယ်ဟောင်ဆောင်ခရိုင် နန်းဆွယ်ကျေးရွာအပါအဝင်၊ ကရင်နီပြည်တွင်းမှာ ၃ နေရာ၊ ရှမ်းပြည်နယ်မှာ ၂နေရာ ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နန်းဆယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာတော့ လူဦးရေ ၇၀ဝန်းကျင် ပါဝင် တက်ရောက်ခဲ့ကြပါတယ်။