spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

လအိကျေးရွာက ဘုရားဆင်းတုတော် ကိုးဆူ ခေါင်းဖြတ်ခံရမှုကို စုံစမ်းနေဆဲဖြစ်ပြီး အရေးယူသွားမယ်လို့ နယ်မြေခံလက်နက်ကိုင်တပ်ဖွဲ့ပြော

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရှင်နီနယ်စပ်၊ ဖယ်ခုံမြို့ နယ်၊ လအိကျေးရွာမှာ တည်ထားတဲ့ ဘုရားစေတီရှိ ဘုရားဆင်းတုတော် ကိုးဆူခေါင်းဖြတ်ခံရမှုကို ဒေသတွင်းရှိ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ဗျူဟာအမှတ် ၁ ၊ စစ်ဗျူဟာအမှတ် ၈ နဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ၊ တပ်ရင်း အမှတ် ၁၀၀၇ တို့က နယ်မြေဒေသ အုပ်ချုပ်ရေး ကောင်စီတို့နဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်ဟာ အောက်တိုဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး ဘုရားဆင်းတုတော်ကို ဖျက်ဆီးခြင်းက တော်လှန်ရေးကာလထဲမှာ လူမျိုးရေး၊ ဘာသာ‌ရေး အထိကရုဏ်းကို ဦးတည် ဖြစ်ပေါ်စေနိုင်တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့တို့က ပြောပါတယ်။

“အဓိကက ဒီဖြစ်စဥ်ကို ကျူးလွန်ခဲ့တဲ့ တရားခံပေါ်ပေါက်ဖို့က အရေးကြီးပါတယ်။ ဘယ်လိုပုံစံ မျိုးစုံ စစ်ဆေးအရေးယူမှု ပြုလုပ်မလဲဆိုတာကတော့ သက်ဆိုင်ရာ ပြည်ထဲရေး အုပ်ချုပ်ရေးတွေက လုပ်သွားပါလိမ့်မယ်။” လို့ တပ်ရင်း အမှတ် ၁၀၀၇ ကတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

ကယန်းပြည်သစ်ပါတီ၊ ပါတီဝင်လူငယ်ဌာန ကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့ထားကြောင်း အောက်တိုဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ပြောဆို ထားပါတယ်။

ဘုရားဆင်းတုတော် ဖျက်ဆီးခံရတဲ့ လအိတောင်ပေါ်က စေတီကို ၂၀၁၉ ခုနှစ်မှာ တည်ထားခဲ့ပြီး ဘုရားရုပ်ပွားတော် ၁၆ ဆူရှိတယ် လို့လည်း ဆိုပါတယ်။ ဘုရားဆင်းတုတော် ၁၆ ဆူအနက် ၉ ဆူခေါင်းဖြတ်ခံရတာဖြစ်ပြီး ကျန်ရုပ်ပွားတော်တွေရဲ့လက်တွေလည်း ချိုးပြီး ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

လအိကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်ကိုးကွယ်မှုတွေ အသီးသီး ရှိကြတယ်လို့သိရပါတယ်။ လအိကျေးရွာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲ ဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ကိုးကွယ်မှု‌ပေါင်းစုံရှိနေတဲ့ လအိကျေးရွာမှာ ဘာာသာရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားတာမရှိခဲ့ပဲ အခုလို ဘုရားဆင်းတုတော် ဖျက်ဆီးခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

spot_img
spot_img