ကန္တာရဝတီတိုင်း(မ်)
ကယန်းဒေသအတွင်းမှာ လူငယ်တွေရဲ့ နိုင်ငံရေး စွမ်းရည်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်မည့် “ငိန်းကယန်းထန်” လို့ အမည်ရတဲ့ အကယ်ဒမီ ပရိုဂရမ်ရဲ့ အမှတ်စဥ် (၁) အတွက် သင်တန်းသားခေါ်ယူနေပါတယ်။
လက်ရှိ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပွားနေပေမယ့် တစ်ဖက်မှာလည်း လိုအပ်တဲ့ နိုင်ငံရေးစွမ်းရည်မြှင့်တင်ပေးဖို့ ဖွင့်လှစ်သွားမယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်ရဲ့ လူငယ်စွမ်းရည် မြှင့်တင်ရေးဌာနတာဝန်ခံ MAJ ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။
“လူငယ်တွေရဲ့ နိုင်ငံရေးစွမ်းရည်တွေကို ကယန်းဒေသမှာရှိတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးစွမ်းရည်တွေကို ကျနော်တို့ မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်ရတာဖြစ်တယ်” လို့ MAJက ဆိုပါတယ်။
“ငိန်းကယန်းထန်” အကယ်ဒမီ ပရိုဂရမ်အတွက် သင်တန်းသားခေါ်ယူမှုအစီစဥ်မှာတော့ ဝင်ခွင့်စာမေးပွဲ နဲ့ အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေကိုတော့ အမျိုးသား ၊ အမျိုးသမီး အချိုးကျခေါ်ယူမှာဖြစ်ပြီး သင်တန်းသား အယောက် ၂၀ ကိုခေါ်ယူမှာဖြစ်ပါတယ်။
ဖွင့်လှစ်မည့် ပရိုဂရမ်အနေနဲ့ “ငိန်းကယန်းထန်”လို့ အမည်ပေးတဲ့အပေါ် ခေါင်းဆောင်စိတ်ဓါတ် အပြည့်နဲ့ စွမ်းဆောင်နိုင်ဖို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တာဖြစ်တယ်လို့ MAJက အခုလို ဆက်ပြောပါတယ်။
“ “ ငိန်း”ဆိုတဲ့အရာ ကျနော်တို့ ကယန်းမှာ ဒုတိယသားကိုအစွဲပြုတယ်။ ပြီးတော့ နေရာတက်ယူတယ် ဆိုတဲ့သဘောမျိုးပေါ့နော် အဲ့တာရှိတယ်။ ကယန်းကတော့ အမျိုးသားရေးပေါ့နော်။ ပြီး “ထန်” ဆိုတာတော့ တက်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တာပေါ့နော်။ ချီတက်တယ် တက်ယူတယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ အဲ့တာကြောင့်မလို့ အဓိကကတော့ ဒီ “ ငိန်းကယန်းထန်”ဆိုတာက ခေါင်းဆောင်စိတ်ဓါတ်အပြည့်နဲ့ပေါ့နော် ပြောင်းလဲမှုကို တည်ဆောက်တဲ့နေရာမှာ မျိုးဆက်သစ်လူငယ်တွေက သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်ဆိုတဲ့ မွေးထုတ်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။” လို့ သူကဆိုပါတယ်။
“ငိန်းကယန်းထန်”အကယ်ဒမီ ပရိုဂရမ်ဟာ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့ရဲ့ လက်အောက်ကနေ ဆောင်ရွက်သွားတာဖြစ်ပြီး ရေရှည်ဆောင်ရွက်သွားမည့် ပရိုဂရမ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အကယ်ဒမီ ပရိုဂရမ်ကို လာမည့် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အချိန်ကာလ ၁နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ အချိန်ကာလ ၁နှစ်အတွင်း ကျောင်းတွင်း စာသင်ကြားမှုအနေနဲ့ ၉လကြာ သင်ကြားမှာဖြစ်ပြီး ၃လကိုတော့ ကွင်းဆင်းလက်တွေ့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။