spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) မှာ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆရာဝန်တွေလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး မြို့နယ် (တစ်နည်းအားဖြင့် ရှားတောမြို့နယ် ) မှာ ဒေသခံပြည်သူအပါအဝင် စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးပညာဆိုင်ရာ သိကျွမ်းနားလည်တဲ့ ဆရာဝန်တွေ ၊ လုံလောက်တဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကျန်းမာရေး လုပ်သားအဖြစ် ကူညီဆောင်ရွက်နေတဲ့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်ခဲ့တာကြောင့် မွေးမိခင်တစ်ဦးရဲ့ ရင်သွေးလေး အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ အဆိုပါ လူငယ်တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်တုန်းကဆိုရင် မွေးမိခင်တစ်ယောက်ရဲ့ မဆုံးသင့်ပဲနဲ့ ဆုံးရှုံးသွားခဲ့တဲ့ ကလေးတစ်ယောက်လည်း ကြုံခဲ့ဖူးတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆို အဲ့ဒါက ဒီဘက်မှာ ရှိတဲ့ ဆရာ၊ ဆရာမ တွေကတော့ အတတ်နိုင်ဆုံးတော့ လုပ်နေတယ်။ လွဲပေးမယ့်နေရာက လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ။ ကားလည်းမရှိ။ ပြီးတော့ ဆက်သွယ်ရေးလည်း အဆင်မပြေ။ လမ်းခရီးက အရမ်းဝေးတဲ့ အခါကျတော့ ရှိတဲ့ လူနာကလည်း သူတို့လည်း ငွေကြေးမတတ်နိုင်၊ သူတို့အတွက် ဘက်ပေါင်းစုံက ခက်ခဲနေတော့ ဒီမှာပဲ ကုသပေးတဲ့ အခါ ဆုံးရှုံးမှုတွေတော့ ရှိခဲ့တယ်။”အဆိုပါ လူငယ်က ပြောပြပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ ငှက်ဖျားရောဂါနဲ့ အရေပြားရောဂါတွေ အဖြစ်များနေပြီး ၊ ဆေးဝါးအလုံအလောက်မရှိဘူးလို့ သူကဆက်ပြောပါတယ်။ ဆိုမိုဖေစိုးလေးမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဆရာ၊ ဆရာမ အပါအဝင် (၁၄)ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆိုမိုဖေစိုးလေးမြို့နယ်မှာ နေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူလူထုတွေဟာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရိက္ခာတွေ သယ်ယူဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

“စားဝတ်နေရေးကလည်း ဒီလိုပဲ။ ရိက္ခာတွေ စုဆောင်းတဲ့ နေရာမှာ ကုန်တွေ သယ်တဲ့နေရာမှာ တဆင့်ပြီး တဆင့်သယ်ရတာဖြစ်တဲ့အတွက် ကျမတို့ စားနပ်ရိက္ခာတွေက အရမ်း(စျေးမြင့်) ထောင်တယ်။ အဲ့ကြောင့်မလို့ စစ်ရှောင်အတွက်ဆိုရင် သူတို့ မသယ်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေတယ်။” လို့ ဆိုမိုဖေးစိုးလေး မြို့နယ် အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ မော်မဲမို က ပြောပါတယ်။

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်အတွင်းမှာ စစ်ရှောင်စခန်းအမှတ် (၃) ခုထိရှိနေပြီး အိမ်ခြေ (၅၀၀) နီးပါး ‌နေထိုင်ကြတယ်လို့ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မရရှိတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေဟာ ရေရှည်အတွက် စိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts