spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

IEC မှာ ဝန်ထမ်းပေါင်း တစ်ထောင်ကျော်ရှိနေပြီး ကျန်းမာရေးဌာနမှာ CDM အများဆုံးပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ကို ၂၀၂၃ခုနှစ်၊ ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်ကျော်အတွင်း လက်ရှိအချိန်ထိ ဝန်ထမ်းပေါင်း (၁၀၉၀)ကျော် ရှိနေပြီလို့ သိရပါတယ်။ ဝန်ထမ်းတွေထဲမှာ CDM ပြုလုပ်သူများလည်း ပါဝင်နေပြီး ကျန်းမာရေးဌာနမှာ အများဆုံးဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“အခြေခံအားဖြင့်တော့ လောလောဆယ် ကျနော်တို့ ဝန်ထမ်းပေါ့နော်။ ဒါကတော့ အတည်မဖြစ်သေးဘူးပေါ့ လက်ရှိအထိကတော့ ဝန်ထမ်းဦးရေ (၁၀၉၀) အထက်မှာ ရှိပါတယ်။ တချို့မြို့နယ် ၊ တချို့ဌာနတွေ ဆက်တိုက် ခန့်တာတွေ ရှိတဲ့အတွက်မို့ပေါ့။ ဒီရက်ထိ ရရှိတဲ့ အချက်အလက်ကတော့ ( ၁၀၉၀) ဦးရှိပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

IEC ရဲ့ စာရင်းအရ လက်ရှိမှာတော့ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း ( ၃၀၀ ) ကျော် ရှိပြီး အများဆုံးကတော့ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

“လောလောဆယ်မှာ ကျနော်တို့ဆီမှာ CDM က (၃၀၉) ဦးရှိတယ်လို့ ကျနော်တို့ စာရင်းရတယ်။ ရာခိုင်နှုန်းအရ မဟုတ်ပဲနဲ့ လူဦးရေအရ ကြည့်မယ်ဆိုရင်တော့ ပြည်ထဲရေးဌာနမှာက CDMတွေ အများဆုံး ပါဝင်တဲ့ ဌာန ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ရာခိုင်နှုန်းအရကြည့်မယ်ဆိုရင်တော့ ကျန်းမာရေး ဌာနမှာတော့ CDM အများဆုံး ပါဝင်တဲ့ ဌာနလို့ ပြောလို့ ရပါတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းအများစုရှိနေတဲ့ IEC ကျန်းမာရေးဌာနကနေ တစ်နှစ်အတွင်း ပြည်သူလူထုနဲ့ တော်လှန်ရေးရဲဘော် ၅သောင်းကျော်ကို ဆေးကုသမှုပေးနိုင်ခဲ့သလို ဆေးခန်း ၆၀ ကျော်နဲ့ ပြည်သူ့ဆေးရုံ ၁ ရုံကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ IEC တစ်နှစ်ပြည့်အစီရင်ခံစာအရ သိရပါတယ်။ ဒါ့အပြင် ကျေးလက်နေလူထုတွေ ကျန်းမာရေးစောင့်ရှောက်ခွင့် ပိုမိုရရှိဖို့အတွက် ဆေးခန်းနဲ့ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

IEC ဖွဲ့စည်းပြီး တစ်နှစ်ကျော်အတွင်း ကျန်းမာရေးဌာနအပါအဝင် ဌာနပေါင်း ၉ ခု ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး ဖွဲ့စည်းထားတဲ့ ဌာနကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts