spot_imgspot_imgspot_imgspot_img
Monday, March 10, 2025
spot_imgspot_imgspot_imgspot_img

IEC လူငယ်ရေးရာဌာန၊ ဌာနမှူးကြီး ခွန်းသောမတ်စ် နှင့် အင်တာဗျူး

“အစိုးရဌာနမှာလည်း ကျနော်တို့ကြည့်တဲ့အခါမှာ လူငယ်တော်တော်များများရှိတယ်။ တော်တော်များများပါတယ်ပေါ့နော ၆၀% ၇၀% လောက် ဖြစ်တယ်။ အသက်ကြီးတဲ့လူတွေက နည်းနည်းပါဘဲ။ ပြည်နယ်အတိုင်းအတာနဲ့ကြည့်ရင်တော့ ဒါအားရစရာကောင်းတဲ့ ကိစ္စတခုလို့မြင်တယ်။ နောက်တခုက ဘယ်လောက်အရေးကြီးလဲဆိုတဲ့ကိစ္စက အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ ဒီတိုင်းပြည်ကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကယ်တင်တဲ့နေရာမှာလည်း လူငယ်ရဲ့အခန်းကဏ္ဍက သိပ်ကိုအရေးကြီးတယ်၊ သိပ်ကိုအရေးကြီးလို့ဘဲ အခုတနိုင်ငံလုံးကိုကြည့်ရင် စစ်ကောင်စီကိုတိုက်နေတဲ့လူတွေက အများအားဖြင့် လူငယ်တွေရဲ့ ဦးဆောင်မှုဘဲပေါ့နော။ အဲ့တော့ ဘယ်လောက်အရေးကြီးလဲဆိုရင် လူငယ်ရဲ့ ဦးဆောင်မှုက လက်ရှိသာဓကကို ကျနော်တို့ကြည့်ပြီးတော့ ပြောလို့ရနိုင်ပါတယ်။”

ကရင်နီပြည်တွင်းက လူငယ်တွေရဲ့ လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က လူငယ်ရေးရာဌာနကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းပြီးကြောင်း ကြေညာထားပါတယ်။ ကြားကာလအခြေအနေမှာ လူငယ်နဲ့ ပြန်လည်ထူထောင်ရေး၊ အားကစား၊ မူးယစ်ဆေးဝါး အသိပညာပေးခြင်း ၊ ပညာရေးစင်တာ အပြင် တခြားသော မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ IEC လူငယ်ရေးရာဌာနကနေ ရှေ့ဆက်လုပ်ငန်းစဉ် ၊ စိန်ခေါ်ချက် ၊ ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး ဌာနမှူးကြီး ခွန်းသောမတ်စ်ကို ကန္တာရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ IEC ကနေ လူငယ်ရေးရာဌာနကို ဖွဲ့စည်းဖြစ်ရတဲ့အကြောင်းအရင်းလေး ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ။ အဓိကကတော့ အစိုးရဌာနမှာ ဌာနခွဲလေးတခုတော့ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့နော။ အဲဒီဌာနမြောက်မြားစွာရှိတဲ့ထဲမှာ ဆယ့်နှစ်ခုမြောက်ကတော့ လူငယ်ရေးရာဌာနဆိုပြီးတော့ ဖွဲ့စည်းထားတယ်။ ဘာလို့ဖွဲ့စည်းထားလဲဆိုပြောရင်တော့ အဓိက ဒီကြားကာလမှာ ကျနော်တို့ဒီပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့လိုအပ်ချက်တွေကို ဝိုင်းဝန်းဖြည့်ဆည်းနိုင်ဖို့ပေါ့နော။ ဝိုင်းဝန်းဖြည့်ဆည်းနိုင်ဖို့ ဒီကာလမှာဖွဲ့ကြရတယ်ပေါ့နော။ လူငယ်တွေရဲ့လိုအပ်ချက်လို့ပြောတဲ့နေရာမှာ များတယ်ပေါ့နော၊ ကျနော်တို့လူငယ်တွေနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ၊ လူငယ်နဲ့အားကစားကဏ္ဍတွေမှာ၊ လူငယ်နဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေမှာ ဘယ်လိုပြောရမလဲ တခြားသက်ဆိုင်တဲ့သူနဲ့ သက်ဆိုင်တဲ့အဖွဲ့စည်းနဲ့ပူးပေါင်းပြီးတော့ ကျနော်တို့လူငယ်ရေးရာဌာနကို ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ ကျနော်က အဲ့လိုသုံးသပ်တယ်။

မေး ။ ။ ဒီဌာနကနေပြီးတော့ အဓိက လူငယ်တွေအတွက် ဘာတွေလုပ်ဆောင်မလဲ။
ဖြေ ။ ။ ကျနော်တို့ ဒီဌာနကတော့ အဓိကကျနော်တို့လုပ်မယ့်ထဲမှာတော့ နံပါတ် ၁ ကျနော်တို့လူငယ်နဲ့ ပြန်လည်ထူထောင်ရေးကိစ္စမှာလုပ်ရမယ် ဦးစားပေး ၁ ပေါ့။ နောက်တခုကတော့ ပြည်နယ်မှာရှိတဲ့ လူငယ်နဲ့ ကျနော်တို့ ဒီဌာနကြားမှာ အချိတ်ဆက် မိမိလေးရှိအောင် ဒီမှာရှိတဲ့လူငယ်အသင်းဖွဲ့နဲ့ ကျနော်တို့အစိုးရဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ ကျနော်တို့အဓိကလုပ်ဆောင်သွားမယ်။ နောက်တခုကတော့ ကျနော်တို့လူငယ်နဲ့ အားကစားကဏ္ဍမှာလည်း ကျနော်တို့လျာထားတယ်၊ အားကစားစိတ်ဓာတ်ရှိတဲ့ လူငယ်တွေ၊ အားကစားကိုဝါသနာပါတဲ့လူငယ်တွေ ကျနော်တို့မြှင့်တင်ဖို့အစီစဉ်တွေ ကျနော်တို့လုပ်ဆောင်ဖို့ ကျနော်တို့စီစဉ်ထားတယ်။ နောက်တခုကတော့ ဘာဖြစ်မလဲဆိုရင် ကျနော်တို့ဒီလူငယ်နဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စမှာ အသိပညာပေးရေးကိစ္စတွေကို ကျနော်တို့အစိုးရဌာနကနေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ကျနော်တို့က အဲ့လိုအကြမ်းဖျင်းပေါ့နော ရည်မှန်းချက်ချထားတာရှိပါတယ်ဗျ။

မေး ။ ။ ဒီလူငယ်နဲ့ မူးယစ်ဆေးဝါးကို ဘယ်လိုပုံစံနဲ့ ကိုင်တွယ်မလဲ၊ လူငယ်ရေးရာဌာနက အဓိက အဲ့အပိုင်းမှာ ဘယ်လိုမျိုးလုပ်ဆောင်သွားမလဲ ဒါကလည်း အရေးကြီးတဲ့ကိစ္စတရပ်ဖြစ်တယ်ပေါ့နော။
ဖြေ ။ ။ အဓိက ကျနော်တို့ကိုင်တွယ်ဆောင်ရွက်တဲ့အခါမှာ နံပါတ် ၁ ကျနော်တို့ဒီပညာပေးတဲ့ အစီစဉ်တွေ၊ ကျနော်တို့ ပြည်နယ်တွင်း ပြည်နယ်တဝန်းလုံးကို ကျနော်တို့အဲတာလုပ်ဆောင်ရမယ်၊ နောက်တခုကတော့ ပညာတွေပေးတဲ့စီစဉ်ပြီးပြီဆိုတာနဲ့ ကျနော်တို့ ဒီသုံးစွဲနေတဲ့လူတွေရှိရင်တော့ ကျနော်တို့အစိုးရဌာနမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ဌာနအနေနဲ့သာ ကူညီဆောင်ရွက်ပေးဖို့အစီစဉ်ရှိတယ်ပေါ့။ နောက်တခုကတော့ ဘယ်လိုဖြစ်မလဲဆိုတော့ အသက်မပြည့်ဘဲနဲ့ သုံးစွဲနေတဲ့ကိစ္စတွေရှိတယ်၊ အဲတော့ ထောင်ထဲကိုပို့ရမလား သို့မဟုတ်ရင် ကျနော်တို့ ဘယ်လိုအရေးယူကြမလဲဆိုတဲ့ကိစ္စကို ကျနော်တို့တိုင်ပင်ကြတော့ အဓိက အသက်မပြည့်သေးတဲ့သူကို ကျနော်တို့စင်တာမှာထားရှိပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကျနော်တို့စိတ်ရော၊ ကိုယ်ရောပေါ့နော အဲလိုတွေ ကျနော်တို့ကောင်းကောင်းမွန်မွန်ဆောင်ရွက်သွားဖို့တော့ အစီစဉ်ရှိပါတယ်။

မေး ။ ။ ဒီလောင်းကစားတွေနဲ့ပတ်သက်ပြီး လူငယ်အနေနဲ့ကော အရေးယူပေးမယ့် ပုံစံတို့၊ ပညာပေးတို့၊ ဒါမှမဟုတ် အစားထိုးလုပ်ငန်းတခုခု ပြန်လည်ထူထောင်ရေး အဲ့လိုမျိုးတွေကော လုပ်ဖို့ရှိလား ဒီလူငယ်ရေးရာဌာနမှာ။
ဖြေ ။ ။ ကျနော်တို့ အစိုးရဖွဲ့ကနေထုတ်ပြန်လိုက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ထုတ်ပြီးနောက်ပိုင်းမှာတော့ ဒါနည်းနည်းလျှော့လာတာတော့တွေ့တယ် ဒါမဲ့လုံးဝပပျောက်သွားတာမျိုးတော့ မဟုတ်သေးဘူးပေါ့နော။ တကယ်လို့ အဲ့လောင်းကစားနွံထဲ တကယ်နစ်နေတဲ့သူတွေရှိတယ်ဆိုရင်တော့ ကျနော်တို့က အဆင့်လိုက်ကိုင်တွယ်ဖြေရှင်းပြီးတော့ ကျနော်တို့ခုနကပြောတဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ကျနော်တို့ထည့်ပြီးတော့ အသိပညာပေးရေးကိစ္စတွေ၊ စိတ်ဓာတ်မြှင့်တင်ရေးကိစ္စတွေ၊ ဒီလောင်းကစားကို နွံနစ်မှာထက်စာရင်တော့ ကျနော်တို့သူတို့ရဲ့ကိုယ်ပိုင်ချိန်ကို ယူပြီးတော့ အခြားသော အသိပညာဗဟုသုတတိုးပွားစေတဲ့ကိစ္စရပ်တွေ၊ ကျနော်တို့ သင်ကြားဆောင်ရွက်အရေးယူမယ့် အစီစဉ်မျိုးကိုလည်း ကျနော်တို့လျာထားချက်တွေရှိပါတယ်။ အဲဒီမှာကတော့ ကျနော်တို့အခြားသောဌာနနဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်ရအုံးမယ်ပေါ့နော။ ကျနော်တို့ လူငယ်ရေးရာဌာနတခုတည်း အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေနေမျိုးတော့မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ IEC မှာရှိတဲ့ အစိုးရဌာနတွေနဲ့ အတူတူဘဲပေါ့နော ကျနော်တို့လူငယ်ရေးရာဌာနကလည်း ပူးပေါင်းပြီးတော့၊ ဝိုင်းပြီးတော့လုပ်ဆောင်ဖို့တော့ ကျနော်တို့အစီစဉ်တွေချထားတာရှိပါတယ်။

မေး ။ ။ ဆရာတို့ဆီကို ကိုယ်တိုင်လာရောက်တိုင်ကြားမှုတွေကိုကော ကူညီဆောင်ရွက်သွားမလား။
ဖြေ ။ ။ အဓိကတော့ နှစ်မျိုးနှစ်စားရှိမယ်ပေါ့နော၊ ကျနော်တို့ကိုယ်တိုင်လည်း မြင်တွေ့နေရတဲ့ခြေနေမျိုးတွေရှိတယ်။ ခုနမေးသလိုဘဲပေါ့နော ဒီအခြေနေကိုကျနော်တို့တွေ့နေရတဲ့ဟာရှိတယ်၊ နောက်တခုကတော့ ဒါကျနော်တို့ အဲဒီစင်တာ တကယ်ဘဲပြီးသွားပြီ၊ လုပ်ငန်းစဉ်တွေ တကယ်ဘဲလုပ်တော့မယ်လို့ပြောရင် ခုနတိုင်ကြားနိုင်တဲ့ နေရာဆိုလည်း ကျနောတို့ဖွင့်ထားရမှာလည်းဖြစ်သလို၊ ကျနော်တို့ကိုယ်တိုင်ကလည်း လိုက်လံစည်းရုံးလုပ်ဆောင်တဲ့ ကိစ္စတွေ၊ အသိပညာပေးတဲ့ကိစ္စတွေ ဒါကျနော်တို့လုပ်ဆောင်ဖို့ရှိပါတယ်။ အဲတော့ အချုပ်ပြောရရင် နှစ်ခုကိုတော့ ကျနော်တို့အမြဲတမ်း လမ်းဖွင့်ထားဆောင်ရွက်၊ လုပ်ဆောင်သွားမယ်ပေါ့။

မေး ။ ။ လူငယ်လို့ပြောရင် အသက်အရွယ်အပိုင်းအခြား ကန့်သတ်ထားတာမျိုးရှိလာ။
ဖြေ ။ ။ ကျနော်တို့ ကရင်နီပြည်ရဲ့ လူငယ်ရေးရာဌာန မူဝါဒမှာ ကျနော်တို့ထည့်ရေးထားတာကတော့ ဒီလိုပေါ့ အသက် ၁၈ ကနေ ၃၅ ဆိုတော့ ဒီလူတွေကတော့ ဒါက လူငယ်လို့ ကျနော်တို့က မူဝါဒမှာ အတိအလင်းရေးဆွဲထားတာဖြစ်တဲ့အတွက် ဒီအလုပ်လုပ်တဲ့ခါမျိုးမှာဆိုတော့ ဒါအသက် ၁၈ ကနေ ၁၆ ကနေပေါ့နော ကျနော်တို့ ၃၅ ထိ။

မေး ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲပါဝင်သွားတဲ့ လူငယ်တွေအတွက်ကော၊ ပြင်ပရောက်သွားတဲ့သူတွေအတွက်ကော IEC ရဲ့ ဌာနမှာ သူတို့အတွက် တစုံတရာစီစဉ်ပေးတာမျိုးရှိမလား။
ဖြေ ။ ။ ဒါက အတိအလင်းပြောထားပြီးသားပေါ့နော၊ ၁၆ ကနေ ကျနော်တို့ ၃၅ ဝန်းကျင်လောက်သည် လူငယ်တွေဖြစ်တဲ့အတွက် ကျနော်တို့အစိုးရ ဌာနကနေချမှတ်တဲ့ မည့်သည့်အခွင့်ရေးမျိုးမဆို နိုင်ငံခြားမှာဘဲရှိရှိ၊ ရဲဘော်မှာဘဲ ရှိရှိပေါ့နော၊ ပြည်တွင်းမှာဘဲ နေနေပေါ့နော အားလုံးက အကျုံးဝင်တယ်ပေါ့နော။ ဆိုတော့ အပြစ်ပေးအရေးယူတဲ့အခါမျိုးဆိုရင်လည်း ဒီလူတွေကတော့ အကျုံးဝင်သွားမယ်ပေါ့နော အဲ့လိုအခြေနေတော့ရှိတယ်။ ယနေ့ကျနော်တို့ ပြောနိုင်တာကတော့ အသက်အရွယ်ကြားထဲမှာရှိတဲ့လူအားလုံးသည် ကျနော်တို့လူငယ်တွေဖြစ်တယ်ဆိုတာ ကျနော်တို့ပြောလို့ရပါတယ်။

မေး ။ ။ IEC မှာလူငယ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍကော ဘယ်လောက်ရှိလဲ။ အဲ့ဒါကကော ဘယ်လောက်အရေးကြီးလဲ။
ဖြေ ။ ။ အစိုးရဌာနမှာလည်း ကျနော်တို့ကြည့်တဲ့အခါမှာ လူငယ်တော်တော်များများရှိတယ်။ တော်တော်များများပါတယ်ပေါ့နော ၆၀% ၇၀% လောက် ဖြစ်တယ်။ အသက်ကြီးတဲ့လူတွေက နည်းနည်းပါဘဲ။ ပြည်နယ်အတိုင်းအတာနဲ့ကြည့်ရင်တော့ ဒါအားရစရာကောင်းတဲ့ ကိစ္စတခုလို့မြင်တယ်။ နောက်တခုက ဘယ်လောက်အရေးကြီးလဲဆိုတဲ့ကိစ္စက အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ ဒီတိုင်းပြည်ကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကယ်တင်တဲ့နေရာမှာလည်း လူငယ်ရဲ့အခန်းကဏ္ဍက သိပ်ကိုအရေးကြီးတယ်၊ သိပ်ကိုအရေးကြီးလို့ဘဲ အခုတနိုင်ငံလုံးကိုကြည့်ရင် စစ်ကောင်စီကိုတိုက်နေတဲ့လူတွေက အများအားဖြင့်လူငယ်တွေရဲ့ ဦးဆောင်မှုဘဲပေါ့နော။ အဲတော့ ဘယ်လောက်အရေးကြီးလဲဆိုရင် လူငယ်ရဲ့ ဦးဆောင်မှုက လက်ရှိသာဓကကို ကျနော်တို့ကြည့်ပြီးတော့ ပြောလို့ရနိုင်ပါတယ်။

မေး ။ ။ IEC မှာလူငယ်တွေရဲ့ပါဝင်မှုကလည်း အများကြီးရှိတယ်၊ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာကော လူငယ်တွေအနေနဲ့ ဘယ်လောက် ရာခိုင်နှုန်းထိ ဆုံးဖြတ်ချက်ချလို့ရနိုင်မယ်လို့ ထင်မြင်လဲ။
ဖြေ ။ ။ ပြည်နယ်တခုလုံးကြည့်ရင်တော့ ဒါလက်ရှိသွားတဲ့အခါမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာ တော်တော်များများ လူငယ်တွေဘဲချကြတာများပါတယ်၊ ကျန်တဲ့လူကြီးတွေ ပစ်ပယ်ပြီးပြောတာမျိုးတော့မဟုတ်ပါဘူး၊ ဒါပေမဲ့ တော်လှန်ရေးကဏ္ဍကိုကြည့်ရင်လည်း လူငယ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ကောင်စီကိုတွန်းလှန်ရတဲ့ အနေထားမျိုးတွေရှိတယ်။ လူကြီးတွေရဲ့ ပံ့ပိုးမှုလည်းပါတယ်ပေါ့နော်၊ အခုတော်တော်များများ အစိုးရ ဌာနတွေမှာလည်း ကျနော်တို့ပြောတဲ့ လူတန်းစား၊ ခုနကျနော်ပြောတဲ့ အသက်ရွယ်ကလူတွေဘဲ ဆုံးဖြတ်ချက်ချတာရှိပါတယ်ပေါ့နော။ အခုကလည်း ပြည်နယ်ရဲ့ ကြားကာလအစီမံတွေကိုလုပ်တဲ့အခါမျိုးမှာ မြန်မြန်ဆန်ဆန်သွားနိုင်တာကလည်း ဒီလူငယ်တွေကြောင့်ဘဲဖြစ်တယ်လို့မြင်တယ် တွေ့လည်းတွေ့တယ်ပေါ့နော။ တကယ်လို့သာ ဒီအခြေနေမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ လူငယ်တွေ အဲဒီထဲမှာ မရှိနေဘူးဆိုရင်တော့ ပြည်နယ်ကလည်း ဘယ်ကိုဦးတည်ပြီး ဘယ်ကိုရွှေ့ရမလဲတော့ အခုလိုမျိုး ရှင်းရှင်းလင်းလင်းသိရမှာမဟုတ်ဘူးပေါ့နော။ ကျနော်တို့ လူငယ်တွေရှိနေတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ လျင်လျင်မြန်မြန်နဲ့ သွားကြတယ်လို့ဘဲ ကျနော်ပြောနိုင်တယ်။

မေး ။ ။ တော်လှန်ရေးကာလမှာ ကျောင်းမတက်နိုင်တော့တဲ့လူငယ်တွေကို အသက်မွေးဝမ်းကြောင်းဖြစ်ဖြစ်၊ သူတို့ဝါသနာပါရာဖြစ်ဖြစ် IEC ရဲ့လူငယ်ရေးရာဌာနက စီစဉ်ပေးတာမျိုးရှိမလားဆရာ။
ဖြေ ။ ။ ရှိမယ်၊ အဲတာကတော့ ကျနော်တို့လုပ်ငန်းစဉ်ထဲမှာလည်း ရေးဆွဲထားတယ်ပေါ့နော။ ကျနော်တို့အာဏာသိမ်းပြီးမှလည်းမဟုတ်ဘူးပေါ့နော၊ အာဏာမသိမ်းခင်က Covid ဖြစ်တုန်းကလည်း ကျောင်းဆက်မနေလိုက်ရတဲ့လူငယ်တွေ ခပ်များများရှိတယ်ပေါ့နော။ အဲဒီကနေစပြီးတော့ ကျနော်တို့တွက်ရမှာဖြစ်တယ် လေးနှစ်တင်မကတော့ဘူး ကျနော်တို့ငါးနှစ်၊ ခြောက်နှစ်လောက်ရှိနေပြီ။ ဆိုတော့ အဲဒီလိုလူတွေက ရဲဘော်မှာလည်းမရှိနေဘူး၊ ပညာကိုလည်းဆုံးခမ်းတိုင်အောင်မသင်ကြားဘူး ဟိုယောင်ဒီယောင်နဲ့ပေါ့နော ကျနော်တို့အဲလိုတွေလည်း ကျနော်တို့ပြည်နယ်မှာအများကြီးတွေ့ရတယ်။ အဲ့ဒီလိုလူတွေအတွက်လည်း အထူးအစီမံတွေလုပ်ဖို့ရှိပါတယ်။ ဒါမဲ့ ဒီအထူးစီမံလုပ်တယ်ဆိုတဲ့ ကိစ္စမှာက ကျနော်အခုအသေးစိတ်တော့ ပြောလို့မရသေးဘူးပေါ့နော ဒါမဲ့ကျနော်တို့ဌာနက တကယ်အထိုင်ကျသွားပြီ စနစ်တကျရှိပြီဆိုမှ အဲတာတွေကို တဖြည်းဖြည်းလုပ်သွားမယ်တော့ ကျနော်ရဲရဲပြောနိုင်ပါတယ်။

မေး ။ ။ ဒီလူငယ်ရေးရာဌာနက ဖွဲ့ထားတာလည်း မကြာသေးဘူးဆိုတော့ လက်ရှိမှာ ဆရာတို့ဘယ်လိုမျိုး လုပ်ငန်းလည်ပတ်နေလဲ။
ဖြေ ။ ။ ကျနော်တို့အခု အကုန်လုံးမလုပ်နိုင်ကြသေးဘူးပေါ့နော။ ဒီမှာတာဝန်ယူရတဲ့လူတွေကလည်း ယခင်ကလုပ်ခဲ့တဲ့ အလုပ်ဟောင်းတွေပြန်လွှဲရတဲ့ အစီစဉ်လည်းရှိသေးတယ်။ နောက်တခုကတော့ ကျနော်တို့ အခုလိုဘဲပေါ့နော IEC က ကျနော်တို့ ဦးစီးဦးဆောင်ဆီကနေ ချမှတ်တဲ့ဟာ ကျနော်တို့ရဲ့မူဝါဒတွေကို လုပ်ငန်းလမ်းညွှန်တွေကို သေချာရေးနေတဲ့ အစီစဉ်မျိုးရှိတယ်။ လောလောဆယ်ကတော့ ဒါကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့မူဝါဒကိစ္စတွေ ကျနော်တို့ပြင်ဆင်နေကြတုန်း အခြေနေဘဲရှိပါသေးတယ်။

မေး ။ ။ မူဝါဒတွေရေးဆွဲမှုအပိုင်းမှာကော ဘယ်လိုအခြေအနေရှိလဲ ဘယ်လိုအခက်ခဲ၊ စိန်ခေါ်ချက်တွေရှိလဲ။
ဖြေ ။ ။ စိန်ခေါ်မှုတွေ တော်တော်များတယ်။ ဒါကကျနော်တို့ ကျွမ်းကျင်တဲ့ ဘာသာရပ်လည်းမဟုတ်ဘူး အစိုးရဌာနလုပ်ရတယ်ဆိုတဲ့ ကိစ္စမျိုးမှာ ကျနော်တို့ပိုပြီးတော့ လေ့လာရတယ်ပေါ့လေ။ ပိုပြီးတော့ လုပ်ရင်းနဲ့ ဒီနည်းနဲ့သွားနေတုန်းမှာဘဲ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း ဒီအခက်ခဲတွေ ကျနော်တို့အကောင်းဆုံးကျော်လွှားနိုင်ကြဖို့အတွက်လည်း ကျနာ်တို့ ဌာနမှူးလေးယောက်ကတော့ နေ့စဉ်နဲ့ဝိုင်းပြီးတော့ ထိုင်ကြတဲ့အခြေနေမျိုုးပါဘဲ။

မေး ။ ။ ဆရာ၊ ဌာနမှူးတယောက်အနေနဲ့ ကရင်နီပြည်က လူငယ်တွေကို အသိပေးချင်တဲ့အရာတွေ ရှိမလား။ ဘာပြောဆိုချင်လဲ။
ဖြေ ။ ။ ကျနော်တို့ ဒီလူငယ်ကို တာဝန်ယူရတဲ့အခါမျိုးမှာ အသိပညာတွေ အရမ်းကြွယ်ဝနေလို့တော့မဟုတ်ဘူး။ ကျနော်တို့မှာလိုအပ်ချက်တွေရှိတယ်၊ ကျနော်တို့ဌာနကလည်း အသေးဘဲရှိတာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီ အကြံပေးကြဖို့လည်းလိုအပ်တယ်၊ ဝိုင်းပြီးတော့ ကျနော်တို့လုပ်ငန်းစဉ်မှာဝိုင်းပါဖို့တော့လိုတယ်။ အရည်ချင်းရှိတဲ့ ဘယ်လူငယ်မဆို ကျနော်တို့ဌာနမှာ လာပြီးတော့ တာဝန်ယူလို့ရတယ် အလုပ်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေး ကျနော်ပြောပြချင်ပါတယ်။ ကျနော်တို့ ဒီကနေတဆင့်ပေါ့နော ကျနော်တို့ဆင်နွဲနေတဲ့ တော်လှန်ရေးကလည်း ပြိုင်တူသွားနေတာဖြစ်တဲ့အတွက် ကိုယ်ကျရာတာဝန်၊ ကိုယ်ကျရာနေရာမှာလည်း ကျနော်တို့ပြည်နယ်မှာရှိတဲ့ လူငယ်ထုတွေအားလုံးဝိုင်းဝန်းကြိုးစားကြဖို့ ကျနော်တို့နောက်ပြန်လှည့်တဲ့ချိန် ဒီလိုမျိုးတွေမရှိဖို့ပေါ့နော၊ ဒီထက်ပိုပြီးတော့ စိတ်ဓာတ်သစ်၊ ခွန်အားသစ်တွေ ထပ်လောင်းကြဖို့လိုတယ်ပေါ့နော။

နောက်တခုကတော့ ကျနော်တို့အဓိက ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကလည်း အင်အားလျော့နည်းနေတဲ့အခြေနေမျိုးမှာ ကျနော်တို့ ဒီခြေနေတွေကို ကောင်းကောင်းအသုံးချတတ်ဖို့လိုတယ်ပေါ့နော။ အချုပ်ပြောရရင်တော့ ကျနော်တို့ လိုအပ်ချက်တွေရှိမယ်၊ ကျနော်တို့အလုပ်မှာဝိုင်းပြီးတော့ ကူကြဖို့လည်း ကျနော်တပါတည်းတောင်းဆိုချင်တယ်။ လိုအပ်တဲ့အရာတွေကိုလည်း ကျနော်တို့အမြဲတမ်းနားစွင့်နေတယ်၊ ဝိုင်းပြီးတော့ ဒီအစိုးရဌာနတခုကိုမပံ့ပိုးကြဘူးဆိုရင်လည်း ကျနော်တို့ရေရှည်ရပ်တည်နိုင်ကြမှာ မဟုတ်ဘူး။ ဝိုင်းပြီးတော့ တာဝန်ခံပေးကြဖို့၊ ဝိုင်းပြီးတော့ကူပေးကြဖို့၊ ဝိုင်းပြီးတော့ထောက်ရှု့ကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်။

မကြာခင်မှာ ကျနော်တို့တော်လှန်ရေးကလည်း ဒီထက်ပိုအဆင့်မြှင့်တဲ့တော်လှန်ရေးတခု ကျနော်တို့ရောက်မယ်၊ အောင်နိုင်မှုအမြန်ဆုံးရတဲ့ နည်းလမ်းနဲ့သွားနေကြတဲ့အချိန်ဖြစ်တဲ့အတွက် အချင်းချင်းကျနော်တို့စည်းလုံးနေကြဖို့လိုတယ်။ ကျနော်တို့ဒီအစိုးရ လုပ်ငန်းတာဝန်တွေမှာလည်း ကျနော်တို့လူငယ်တွေလုပ်ချင်တယ်၊ ကိုင်ချင်တယ်ဆိုရင်တော့ ဘယ်ဌာနမှာမဆို လာရောက်ပူးပေါင်းဆောင်ရွက်လို့ရတယ်ဆိုတဲ့အကြောင်း ကျနော်ပြောပြချင်တယ်။ နောက်ဆုံးတခုကတော့ ကျနော်တို့ရဲ့မျှော်မှန်းချက်က ဘာဖြစ်မလဲဆို ကျနော်တို့ ဒီပြည်နယ်ကို ဒီကြားကာလအစီမံကနေတဆင့် ကျနော်တို့ အသွင်ကူးပြောင်းနိုင်တဲ့အခြေနေထိ ကျနော်တို့ခိုင်မာတဲ့အစိုးရတရပ်ပေါ်ပေါက်ဖို့အတွက်လည်း ကျနော်တို့ဆက်ပြီးတော့ကြိုးစားနေကြတဲ့အချိန်ဖြစ်တဲ့အတွက် ခက်ခဲတွေရှိနေနိုင်ပါတယ်။ အဲတော့ လူထုတွေကလည်း ဒါရှင်းရှင်းလင်းလင်းဝေဖန်ကြဖို့လိုတယ်၊ ထောက်ပြကြဖို့လိုတယ်၊ ကျနော်တို့ ဒီအစိုးရမှာရှိတယ်ဆိုပေမဲ့လည်း ဒါလူထုက ထောက်ခံမှုမရှိဘူးဆိုရင်တော့ ကျနော်တို့ဘာမှလုပ်နိုင်ကြမယ့်အခြေနေမျိုး မဟုတ်ဘူးပေါ့နော၊ အဲတော့အားလုံးဝိုင်းပြီးတော့ အကြံပေးပြီးတော့ ဒီအစိုးရရဲ့အလုပ် ဒီထက်ပိုမြန်ဆန်သွားအောင်၊ ဒီထက်ပိုကောင်းမွန်သွားအောင်၊ ဒီထက်ပို သဟဇာတဖြစ်အောင်၊ လူထုကိုယ်တိုင်ကလဲ ဝိုင်းပြီးတော့ အားပေးကြဖို့လည်းကျနော့်အနေနဲ့ အထူးတလည်တိုက်တွန်းချင်တာဖြစ်ပါတယ်။

မေး ။ ။ ကန္တာရဝတီတိုင်း ( မ် ) ရဲ့အင်တာဗျူးမေးမြန်းမှုကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img