spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်-ဒီးမော့ဆိုမြို့ နယ်စပ်၊ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာကဒေသခံတွေ စားဝတ်နေရေးနဲ့ သောက်သုံးရေအတွက် အခက်အခဲဖြစ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့ နယ်စပ်က ရေဘေးကြုံတွေ့ခဲ့တဲ့ ကျေးရွာတွေမှာ ရေအနည်းငယ်ပြန်ကျနေပြီဖြစ်ပေမယ့် ဒေသခံတွေရဲ့ ပုံမှန်လုပ်ငန်းတွေကို ပြန်လည်မလုပ်ဆောင်နိုင်သေးတာကြောင့် စားဝတ်နေရေးအပြင် သောက်သုံးရေအတွက်ပါ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

“ပြန်လာနေတဲ့သူတွေက ငါးရှာ၊ အိမ်စောင့် အဲ့လောက်ပဲပေါ့၊ အိမ်အမြင့်ပိုင်းနေတဲ့ သူတွေပဲ နေခိုင်းတယ်၊ အိမ်အနိမ့်ပိုင်းက ပိုများနေတယ်။ ဒီရွာက ၂၀၁၁ တုန်းကဆို ရေ မမြုပ်ဘူး၊ ယခုတစ်နှစ်ကတော့ ရေပမာဏတော်တော်ကြီးတယ်။” ဒီးမော့ဆိုမြိုနယ် ဖောင်းတောဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ရေဘေးသင့် ကျေးရွာက ဒေသခံတချို့ကတော့ သီတင်းကျွတ်ကာလမှာ နေအိမ်ပြန်ပြီး ဆီမီးထွန်းတာ၊ နေအိမ်သန့်ရှင်းရေး ပြန်လုပ်တာလည်း ရှိနေပါတယ်။

နေရပ်ပြန်လာတဲ့ ဒေသခံတွေဟာ လက်ရှိမှာ ခြံအတွင်း တဲထိုးပြီး နေထိုင်ရသလို၊ တချို့ကတော့ မြင့်တဲ့ နေအိမ်တွေရဲ့ အပေါ်ထပ်မှာ နေထိုင်ကြပါတယ်။ ကျေးရွာအတွင်း ရေလွှမ်းဆဲဖြစ်တာကြောင့် သောက်သုံးရေရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

“အခု ပြန်လာနေတဲ့ သူတွေလည်း သောက်သုံးရေ အခက်အခဲဖြစ်နေတာကော။ ခုရေက မသောက်ရဲဘူးလေးနော အရင်က သူများလှူတာရှိပေမယ့် အမြဲမဟုတ်ဘူးလေးနော”လို့ ဖောင်းတောကျေးရွာ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဖောင်းတောကျေးရွာမှာတော့ စပါး၊ ပန်း၊ ကော်ဖီထုပ်၊ ကြက်သွန်၊ ပဲအမျိုးမျိုးကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြပြီး လက်ရှိမှာ ရေမကျသေးတာကြောင့် လုပ်ငန်းပြန်လည်ပတ်ဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

“အာဏာမသိမ်းခင်၊ ရေမကြီးခင်က ဒီရွာမှာဆို အဓိက လယ်လုပ်တာ၊ ပန်း၊ ကော်ဖီထုပ်၊ ပဲအမျိုးမျိုး၊ ကြက်သွန်စတဲ့ သီးနှံအမျိုးမျိုး ထွက်ရှိတဲ့ ဒေသဖြစ်တယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် နယ်စပ်မှာရှိနေတဲ့ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော နဲ့ ပလဖ ကျေးရွာလေးရွာက ရွာလုံးကျွတ် နေအိမ်တွေ ရေနစ်မြှုပ်ခဲ့တာပါ။ ရေနစ်မြှုပ်မှုကြောင့် နေအိမ်တချို့ပျက်စီးတာ၊ ရေထဲမျှောပါသွားတာလည်းရှိပြီး ပြန်လည်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts