ကန္တာရဝတီတိုင်း ( မ် )
မြန်မာနိုင်ငံမှာ အမျိုးသမီးထုတွေအပေါ် နည်းမျိုးစုံအကြမ်းဖက်မှု နဲ့ ကျူးလွန်မှုလုပ်ရပ်အမျိုးမျိုးတွေကို ရပ်တန့်ဖို့အတွက် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်မှာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့တွေက အသိပေးတိုက်တွန်းကြပါတယ်။
အမျိုးသမီးတွေပေါ် နည်းမျိုးစုံအကြမ်းဖက်မှုတွေဖြစ်တဲ့ ရုပ်ပိုင်း၊စိတ်ပိုင်း၊လိင်ပိုင်း ဆိုင်ရာနဲ့ စီးပွားရေးထိခိုက်နစ်နာစေတဲ့ ကျူးလွန်မှုမျိုးတွေကို တရားဥပဒေ လမ်းကြောင်းအရ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ စဥ်ဆက်မပြတ် စောင့်ကြည့်ကာ တိုက်တွန်းသွားမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ လူထုတော်လှန်ရေးကာလမှာ ပါဝင်လှုပ်ရှားတဲ့ အမျိုးသမီးတွေကိုလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက အခုလိုပြောဆိုထားပါတယ်။
“အခက်ခဲတွေကြားမှာ ရုန်းထလာပြီးတော့မှ ကျနော်တို့ မပြီးပြတ်သေးတဲ့ လူထုတော်လှန်ရေးမှာ ဆက်ပြီးတော့မှ နိုင်ရာဝန်ကို ဆက်ပြီးတော့မှ အတူတကွ ဆက်ချီပြီးတော့မှ ကျနော်တို့ မျော်လင့်တဲ့ လူ့အခွင့်အရေးဆန်တဲ့ လူမှုအသိုင်းအဝန်း ဒီမိုကရေစီစနစ်ကို အာမခံပြီးတော့မှ တန်းတူညီမျှမှုကို ဖော်ဆောင်မယ့် ဖယ်ဒရယ် နိုင်ငံ ထူထောင်မယ့်နေရာမှာ အတူတကွဆက်ပြီးလျှောက်လှမ်းကြပါစို့လို့ ပြောရင်းနဲ့ ဖိတ်ခေါ်တယ်။” လို့ ဦးဗညားက ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေး ကဏ္ဍ အသီးသီးမှာ ပါဝင်လှုပ်ရှား ဦးဆောင်နေတဲ့ အမျိုးသမီးတွေကို ကျေးဇူးတင်ရှိကြောင်းကိုလည်း ဦးဗညားက ဖြည့်စွက်ပြောဆိုထားပါတယ်။
ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှုကို တိုးမြှင့်ဖို့၊ အမျိုးသမီးအခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှရေးကို ဆက်လက်မြှင့်တင်ဖို့အတွက် အားလုံးမှာတာဝန်ရှိကြောင်းနဲ့ ခွဲခြားဆက်ဆံမှု၊ ညီမျှမှုမရှိတဲ့ စနစ်အားလုံးကိုလျှော့ချပြီး အမျိုးသမီးထုတစ်ရပ်လုံးကို အကာအကွယ်ပေးနိုင်မည့် မူဝါဒနဲ့ အစီအမံတွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနက ကတိကဝတ်ပြု ပြောဆိုထားပါတယ်။
အလားတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ကလည်း “တော်လှန်ရေးကာလအတွင်း အမျိုးသမီး ရဲဘော်တွေဟာ တိုက်ခိုက်ရေးနဲ့ စစ်ရေးတွေမှာ ပါဝင်ကြယုံမက တန်းတူညီမျှမှုရှာဖွေခြင်း၊ လူသားချင်းစာနာထောက်ထားရေး၊ကျန်းမာရေး၊ပညာရေး၊မိသားစုရေး စတဲ့ ကဏ္ဍ အသီးသီးမှာ ပါဝင်ကာ အမျိုးသမီးတို့ရဲ့ ဂုဏ်သိက္ခာ ကြီးမှားတဲ့ တော်လှန်ရေး လက္ခဏာတစ်ရပ်တွေ့ရှိကြောင်းနဲ့ “ အမျိုးသားတန်းတူရေးနဲ့ ဖယ်ဒရယ် ဒီမိုကရေစီရရှိရေးကို “ ဂျဲန်ဒါတန်းတူရေးမပါပဲ မည်သည့်အခါမှ ရရှိလိမ်မည်မဟုတ်ဘူး” လို့ အဓိဌာန် ချ ထုတ်ပြန်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံအရေးမှာ ဂျဲန်ဒါ အခြေပြု ခွဲခြားဆက်ဆံမှု နဲ့ ဖယ်ကျန်မှုမှာ လက်ရှိအချိန်ထိ ကြုံတွေ့နေရဆဲဖြစ်ပြီး နည်းမျိုးစုံအကြမ်းဖက်မှု တွေ လက်ရှိအချိန်ထိ ထင်သာမြင်သာ တွေ့ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။