spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးကြောင်တဲ့အမျိုးသားက ဇနီး နဲ့ ကလေးကို သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှို့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်တဲ့အမျိုးသားဟာ ဇနီးနဲ့ ကလေးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်ကိုပါ မီးရှို့ခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ Job For Kayah အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့၊ မနက်အစောပိုင်းမှာ အသတ်ခံရတာဖြစ်ပြီး အသတ်ခံရသူတွေမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၆ နှစ်အရွယ် ကလေးဖြစ်တယ်လို့ သိရပါတယ်။

နေအိမ်မီးရှို့စဉ် ကလေးငယ်ရဲ့ အော်သံကို အိမ်နီးချင်းတွေက ကြားသိရပေမဲ့ မကယ်ထုတ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး Job For Kayah အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြန်ပြောပြပါတယ်။

“မနက်(၃)နာရီဝန်းကျင်လောက်မှာ ဆေးကြောင်ပြီး သူရဲ့ မိန်းမနဲ့ ကလေးကို သတ်ဖြတ်ပြီးတော့ နေအိမ်ထဲကို မီးရှို့ခဲ့တာတဲ့။ကလေးက အသက်မသေသေးဘဲနဲ့ မီးထဲမှာ ငိုသံကြားတော့ အနီးနားကအိမ်ကလူတွေက မီးထဲဝင်ပြီး ကလေးငယ်ကို ကယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ မကယ်နိုင်ခဲ့ကြဘူး။ “လို့ သူက ပြောပါတယ်။

နေအိမ်မီးလောင်တာကို ငြိမ်းသတ်မယ့် အီမ်နီးချင်းတွေကိုပါ ဓါးကိုင်ပြီး အန္တရာယ်ပြုခဲ့တယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဆေးကြောင်တဲ့အမျိုးသားကိုတော့ ကျေးရွာခံတွေကနေ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“ ရွာသားတွေ လာဖမ်းရတယ် ပြောတယ်။ သူက ဓါးရှည် ၊သံချောင်းရှည်၊ လေးခွပါ ကိုင်ပြီးတော့ အနားကပ်လာတဲ့သူမှန်သမျှကို အန္တရာယ်ပြုလုပ်တယ်တဲ့။ သူများမီးလာငြိမ်းပေးတဲ့အချိန်မှာလည်း သူများကို ဓါးနဲ့လည်း လိုက်ခုတ်တယ်” လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဖြန့်ဝေမှု၊ သယ်ဆောင်လာသူတွေကို သက်ဆိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိရောက်စွာ ဖမ်းဆီးအရေးယူပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့ကိုလည်း ပြည်သူတွေက တောင်းဆိုထားပါတယ်။

spot_img
spot_img