spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်နီ ကိုရောက်လာတဲ့အပေါ် တော်လှန်ရေးအင်အားစု အသီးသီးရဲ့ အမြင်သုံးသပ်ချက်များ

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်နီပြည်၊ လွိုင်ကော်မြို့ကို ရောက်ရှိလာပြီး လက်အောက်ခံ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကြည့်ရှုခဲ့သလို သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ကရင်နီပြည်ကို အမြန်ဆုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိ လွိုင်ကော်မြို့ နဲ့ အနီးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ခေါင်းဆောင်ရောက်ရှိလာတဲ့ နေ့မှာလည်း ကင်းထောက်လေယာဉ် ပျံဝဲတာ ၊ ဒီးမော့ဆိုမြို့နယ်ကို လေယာဉ်နဲ့ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို ပတ်ပတ်လည် တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်ခရီးစဉ်ကို စစ်ခေါင်းဆောင် လာရောက်မှုနဲ့ပတ်သက်ပြီး ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့အမြင် သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ခူဒယ်နီယာယ် ( ကရင်နီပြည်အစိုးရ ၊ ကာကွယ်ရေး ဒု – ဝန်ကြီး )

ခူဒယ်နီယာယ် ( ကရင်နီပြည်အစိုးရ ၊ ကာကွယ်ရေး ဒု – ဝန်ကြီး )

“ရွေးကောက်ပွဲလုပ်နိုင်ဖို့က သူတို့ အစီအစဉ်ထဲမှာ သန်းခေါင်စာရင်းကောက်ခံတာ တွေကတော့ ရွေးကောက်ပွဲအတွက် လာလုပ်တာပေါ့နော။ နောက်ပြီးတော့မှ တည်ငြိမ်အေးချမ်းရေး စသဖြင့် သူ (စစ်ခေါင်းဆောင်) ပြောတဲ့ဟာက အသုံးအနှုန်းကတော့ သူ အဲ့လိုမျိုးသုံးမှာပဲ။ သို့သော် တည်ငြိမ်နိုင်ဖို့ နယ်မြေပြန်ထိန်းနိုင်ဖို့ကတော့ စစ်ရေးအကောင်အထည်ဖော်မှာပဲ။ အခုလည်းပဲ လာပြီး ပြန်သွားတာနဲ့ကို လေယာဉ်နဲ့ နေရာတကာ လိုက်ကြဲနေတယ်လေ မနေ့ကလည်းကြဲတယ်။ ဒီနေ့လည်းကြဲတယ်။ ဒါကတော့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ဆိုလိုတာပါပဲ တည်ငြိမ်အေးချမ်းဖိုစကားက ။ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နှိမ်နင်းမယ် တိုက်ခိုက်မယ် ဒါကတော့ သူတို့ဖက်က အစီအစဉ်ပဲပေါ့။ “

ဦးဗညား ( ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) – အတွင်းရေးမှူး ၂ )

ဦးဗညား ( ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) – အတွင်းရေးမှူး ၂ )

သေချာတာတစ်ခုကတော့ စစ်ကောင်စီက ဝါဒဖြန့်ချီရေးကတော့ ဆက်ပြီးတော့မှ နိုင်ငံကို ထိန်းကြောင်းနိုင်တယ် ၊ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာက သူပြောနေကျအတိုင်းပေါ့။ အထူးသဖြင့် ကရင်နီပြည်ကို ကြည့်မယ်ဆိုရင် ဘားမှမကျန်တော့ဘူးပေါ့နော။ လွိုင်ကော်တစ်မြို့ပဲကျန်တော့တယ်။ သူတို့လူရှိတယ်ဆိုတာ။ အဲ့ဒီဟာကို နိုင်ငံတကာကိုပြဖို့က အရေးကြီးတယ်။ အထူးသဖြင့် သန်းခေါင်စာရင်းနဲ့ ဆက်စပ်ပြီးတော့မှ ရွေးကောက်ပွဲလုပ်တယ်ဆိုတာက တည်ငြိမ်ရတဲ့ အခြေအနေတခုရှိတယ်။ ထိန်းချုပ်နိုင်တဲ့ ဧရိယာရှိမှသာ သူက လုပ်လို့ရတာကိုး။ အဲ့ဒီဟာကို Highlight တင်ချင်တာပေါ့ အဲ့ဒါတခုလည်းပါမယ်။ တခြားတိုင်းနဲ့ ပြည်နယ်တော်တော်များများကို သူက (စစ်ကောင်စီ) ထိန်းချုပ်နိုင်သေးတယ်။ ရှမ်းမြောက် ကျသွားတယ်ဆိုပေမယ့်လည်း ရှမ်းတောင်တို့ ရှမ်းအရှေ့တို့ကျန်သေးတယ်။ ဒါပေမယ့် ကရင်နီအဝန်းအဝိုင်းကြည့်ရင် ဘားမှမကျန်တော့ဘူးပေါ့နော။ အဲ့ဒီဟာကို သူက တွန်းတာဖြစ်မယ်။ နောက်တခု ကျနော်ထင်တာက တပ်ပိုင်းဆိုင်ရာ မိသားစုဝင်တွေကို အားပေးတာပဲပြောပြော ခေါင်းဆောင်ကြီးတယောက်ကိုယ်တိုင်ဆင်းလာပြီးတော့မှ မြေပြင်အထိ လာတယ်ဆိုတာ ပြသတဲ့သဘောပေါ့နော။

ဗိုလ်မှူးကြီးဘုန်းနိုင် ( ကရင်နီပြည်တပ်မတော် (KA) – စစ်ရေးချုပ် )

ဗိုလ်မှူးကြီးဘုန်းနိုင် ( ကရင်နီပြည်တပ်မတော် (KA) – စစ်ရေးချုပ် )

အဓိက သန်းခေါင်စာရင်း ကောက်နိုင်ဖို့က ဦးစားပေးပြီးမှ ရွေးကောက်ပွဲလုပ်နိုင်ဖို့ လှုပ်ရှားတယ်။ တပ်အင်အားဖြည့်တင်းတယ်ဆိုတာက ဒီကိစ္စကြောင့်ပဲ ဖြစ်တယ်ပေါ့။ အဲ့ဒါကအတည်ပြုလို့ရတယ်။
ရွေးကောက်ပွဲမဖြစ်နိုင်ဖို့တော့ ကြိုးစားရမှာပေါ့။ လူထုအနေနဲ့က စစ်အုပ်ချုပ်ရေးလုပ်လာတာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ။ ဒုက္ခ ၊ သုခဘယ်လိုရှိလဲဆိုတာ သိလောက်ပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် စစ်တပ်ကို ထောက်ခံတဲ့ လူထုတချို့လည်း ရှိတော့ စစ်ကောင်စီဖက်ပါမှာပဲ။ ကိုယ့်ကိုယ်ဆုံးဖြတ်ရမှာပေါ့။

တာအယ်စိုး ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) – သတင်းနှင့်ပြန်ကြားရေး )

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်ကို ရောက်လာတာကတော့ ဟန်ပြသက်သက်ပဲ ဖြစ်တယ် ပေါ့နော။ လွိုင်ကော်မြို့ကိုထိန်းချုပ်နိုင်တယ် လွိုင်ကော်မြို့က တည်ငြိမ်နေတယ် ဆိုတာမျိုး လည်း ပြချင်လို့ဖြစ်တယ်ပေါ့နော။ ဟန်ပြသက်သက် ပြချင်ပြီးတော့မှ လာရခြင်းဖြစ်တယ်လို့ ကျနော်တို့ ဖက်ကနေ သုံးသပ်ပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီဖက်က အမျိုးမျိုးပေါ့ သန်းခေါင်စာရင်း ကောက်ဖို့ကိစ္စတွေ ပြန်လည်ထူထောင်ရေးကိစ္စတွေ စသဖြင့် အဲ့လိုမျိုးပြောနေပေမယ့်လည်း လွိုင်ကော်မြို့က စစ်ဇုံဖြစ်နေတယ်။ ပြည်သူလူထုတွေကို အတင်းပြန်လာခိုင်းတယ် ဝန်ထမ်းတွေကို အတင်းပြန်လာခိုင်းပြီးတော့မှ စစ်တပ်က ပြည်သူကို ကာဗာယူပြီးတော့မှပဲ လုပ်ချင်တာတွေ လုပ်နေတာဖြစ်ပါတယ်ပေါ့။ အဲ့တော့ စစ်ကောင်စီဖက်ကတော့ လွိုင်ကော်ကို ပြန်ထိန်းနိုင်တယ်ဆိုတာ ဟန်ပြ ဖို့နဲ့ သူတို့ရဲ့ စိတ်ဓတ်ကျနေတဲ့ ရှေ့တန်းက တပ်သားတွေကို ဟန်ပြအနေနဲ့ လာရောက်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဦးအောင်ဆန်းမြင့် ( ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) – အတွင်းရေးမှူး – ၁ )

ဦးအောင်ဆန်းမြင့် ( ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) – အတွင်းရေးမှူး – ၁ )

“ စစ်ကောင်စီရဲ့ ထွက်ပေါက်ကတော့ ရွေးကောက်ပွဲပေါ့။ ဒီအပေါ်မှာလည်း တရုတ်က သော်လည်းကောင်း ၊ အိန္ဒယကသော်လည်းကောင်း ရွေးကောက်ပွဲအတွက်ကို ကူညီပေးသွားမယ် ပံ့ပိုးပေးသွားမယ် ဆိုတဲ့ဟာက ပေါ်နေတယ်လေ။ မင်းအောင်လှိုင်ကလည်း တစ်တိုင်းတစ်ပြည်လုံး ရွေးကောက်ပွဲ မလုပ်နိုင်ရင်တောင်မှ အပိုင်းလိုက်လုပ်မယ်ဆိုတဲ့ဟာ ပြောထားတာရှိတယ်လေ။ ဒီအတွက်ကတော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှု ၊ ထောက်ခံမှုကိုလည်း လိုတဲ့အတွက် ဒါကိုတော့ မဖြစ်မနေ လုပ်မယ့်ပုံစံမျိုး ရှိတယ်။ အောက်တိုဘာလကစပြီး သန်းခေါင်စာရင်းကောက်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ကရင်နီပြည်မှာတော့ ဘယ်လိုမှ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။ သူတို့ (စစ်ကောင်စီ) ဘယ်လိုပဲပြောပြော Electronic Vote (အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်း) လို့ပဲပြောပြော Electronic Vote ဆိုရင်လည်း ကျနော်တို့လူထုက အင်တာနက်ကို ဘယ်မှာရမလဲ မရနိုင်ဘူး။ လူတွေ့မဲလာထည့်မယ်ဆိုရင်လည်း ကျနော်တို့လူတွေအားလုံးက စစ်ရှောင်ဘဝကိုရောက်နေပြီလေ။ သူလုပ်နိုင်တာကတော့ အကြောင်းရင်းရှိတာပေါ့။ စစ်တပ်ထဲက မိသားစုနဲ့ မဲဆန္ဒနယ်လုပ်ပြီးတော့မှ သူ့ဟာသူမဲထည့်တာမျိုးပေါ့ ဒါကလည်း လုပ်နိုင်တဲ့အနေအထားပေါ့။ ဒါပေမယ့်လည်း ရွေးကောက်ပွဲလုပ်ပြီးတော့မှ နိုင်ငံရေးပြဿာနာဖြေရှင်းဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တကယ့်တကယ်နိုင်ငံရေးရဲ့ထွက်ပေါက်ကတော့ နိုင်ငံရေးနည်းနဲ့ပြဿာနာကို ဖြေရှင်းဖို့က အရေးကြီးတယ်။ နိုင်ငံရေးနည်းလမ်းဆိုတာက စစ်တပ်ကနေပြီးမှ နိုင်ငံရေးမှာပါဝင်ပတ်သက်နေတာကို ရုတ်သိမ်းဖို့လိုတယ်။ အခု စစ်ဆင်ရေးလုပ်နေတာကို ချက်ချင်းရပ်တန့်ဖို့လိုတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အမြန်ဆုံး နိုင်ငံတကာက အကူအညီတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပြီးတော့မှ ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဖို့လိုတယ်။ ဒါက နိုင်ငံရေးထွက်ပေါက်ပဲ ဒါကိုလုပ်မှသာ တခြားနိုင်ငံရေးအဆင့်တွေက ဆက်သွားမှာဖြစ်တယ်။ လောလောဆယ် လုပ်ရမယ့်ဟာတွေကို မလုပ်ဘဲနဲ့ ရွေးကောက်ပွဲတွေလုပ်တာက တကယ့်နိုင်ငံရေးထွက်ပေါက်မဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။”

spot_img
spot_img