ကန္တာရဝတီတိုင်း ( မ် )
ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အွန်လိုင်း Zoom ကနေ ပူးတွဲ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာတော့ ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့တဲ့ ဖြစ်စဥ်တွေကို ပြန်လည်ရှင်းပြတာ၊ အခမ်းအနားတက်ရောက်လာကြတဲ့ အဖွဲ့အစည်းခေါင်းဆောင်အသီးသီးမှ အမှာစကား ပြောကြားတာ၊ ကျဆုံးသွားတဲ့ ရဲဘော်အား အလေးပြု ဂုဏ်ပြုသီချင်းသီဆိုတာ၊ တော်လှန်ရေး ဗွီဒီယိုမှတ်တမ်းပြသတာ၊ PNLO နဲ့ PNFC တို့ပူးတွဲထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ဖတ်ကြားတာ၊ အဖွဲ့အစည်းအသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို မှတ်တမ်းတင်တာတွေ ပြုလုပ်သွားခဲ့ပါတယ်။
လက်ရှိ ပအိုဝ်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေဟာ ပအိုဝ်းလူမျိုးအချင်းချင်းကြားဖြစ်စေ၊ ပအိုဝ်းလူမျိုးနဲ့ အခြားတိုင်းရင်းသားညီနောင်တွေကြား ဖြစ်ပွားတဲ့ စစ်ပဋိပက္ခ တိုက်ပွဲ မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံပဲ ပအိုဝ်းအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနဲ့ စစ်အာဏာရှင်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲသာဖြစ်တယ်လို့ PNLO နဲ့ PNFC ပူးတွဲထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
“ဆင်နွဲနေခဲ့ကြတဲ့ တော်လှန်ရေးတွေရဲ့ ရည်ရွယ်ချက်ဟာ အဓိက ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ဖြစ်တယ်”လို့ PNFC ရဲ့ ဥက္ကဌ ခွန်းမြင့်ထွန်းက အခမ်းအနားမှာ ပြောကြားသွားပါတယ်။
အွန်လိုင်းကနေ ပြုလုပ်သွားတဲ့ အခမ်းအနားမှာတော့ ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)တို့အပါအဝင် ပအိုဝ်းအဖွဲ့အစည်းတွေရဲ့ မိတ်ဖက်အဖွဲ့အစည်း နဲ့ အရပ်ဖက် အဖွဲ့အစည်းရဲ့ တာဝန်ရှိသူ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ပအိုဝ်းအမျိုးသားနေ့ကို အွန်လိုင်းအပြင် နေရာဒေသအသီးသီးမှာရောက်ရှိနေတဲ့ ပအိုဝ်းလူမျိုးတွေဟာ အခမ်းအနား ကျင်းပပြုလုပ်ကြတယ်လို့ သိရပါတယ်။