ကန္တာရဝတီတိုင်း(မ်)
K-Pioneer ဦးဆောင်ပြီး ကရင်နီပြည်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေထဲက ကျောင်း ၃ ကျောင်းကနေ ပူးပေါင်းပြီး မုန်ညှင်းချဥ်ခြောက် ထုတ်လုပ်ရောင်းချနေတယ်လို့ ဦးဆောင်သူတွေဆီကနေ သိရပါတယ်။
အခုလို ထုတ်လုပ်ရောင်းချမှုအစီစဥ်ဟာ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ကျောင်း ၃ ကျောင်းအတွက် တနည်းတဖုံ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ K-Pioneer အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ မော်ဒဲ ကကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“အဓိကရည်ရွယ်ချက်က Sustainable Agriculture(တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး) ကို ထောက်ခံအားပေးဖို့နဲ့ ပညာရေးနဲ့ အစာအဟာရအခက်အခဲကို ကြုံတွေ့နေတဲ့ ကျောင်းသား/ဆရာများကို တနည်းတဖုံ အထောက်အပံ့ပေးချင်လို့ ဖြစ်ပါတယ်။ ကရင်နီမှာရှိတဲ့ကျောင်းတွေအားလုံးကို မလွမ်းခြုံနိုင်တဲ့အတွက် ကျောင်းသုံးကျောင်းကို ရွေးချယ်ပီးတော့ စတင်ခဲ့တယ်။ ”လို့ မော်ဒဲက ပြောပါတယ်။
အဆိုပါ ကျောင်း ၃ ကျောင်းကနေ ထုတ်လုပ်တဲ့ မုန်ညှင်းချဥ်ခြောက်ကိုတော့ ထုတ်လုပ်နိုင်တဲ့ ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ကို ကျောင်းက စားသုံးဖို့နဲ့ ၂၀ ရာခိုင်းနှုန်းကိုတော့ ရောင်းချဖို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထုတ်လုပ်ပြီးတဲ့ မုန်ညှင်းချဉ်ခြောက်တွေကို ထိုင်းနိုင်ငံအတွင်းမှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ တစ်ထုပ်ကို ဘတ်ငွေ တစ်ရာနှုန်းနဲ့ ရောင်းချကာ K-Pioneer ရဲ့ Facebook စာမျက်နှာကနေ မှာယူနိုင်သလို ဖုန်းနံပါတ်ဖြစ်တဲ့ +66630515159 ကိုလည်း ဆက်သွယ်မှာယူနိုင်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်အတွင်းမှာ ကျောင်းတွေများပေမဲ့ လက်ရှိမှာတော့ ကိုယ်ထူကိုယ်ထကျောင်းတွေဖြစ်တဲ့ Youth Academy College – YAC , Kay Phoe Du learning Center နဲ့ Kayah Liphu Learning Center ဆိုတဲ့ ကျောင်း ၃ ကျောင်းကိုသာ အဓိကထား ဆောင်ရွက်ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။
အဆိုပါအစီစဥ်ကို ဦးဆောင်ခဲ့တဲ့ K-Pioneer အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ Beam Education Foundation ဆိုတဲ့ ပညာရေးအစီစဥ်အောက်ကနေ ပရော့ဂျက်တစ်ခု ပြုလုပ်ဖို့ ဖွဲ့စည်းခဲ့ပြီး ရရှိတဲ့ ပရော့ဂျက်အစီစဥ်ကနေ မုန်ညှင်းချဥ်ခြောက် ထုတ်လုပ်ခြင်းကို စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထုတ်လုပ်ပြီး ပြန်လည်ရောင်းချကာ ရရှိမယ့် ငွေတွေကိုတော့ နောက်နှစ်တွေမှာ ဆက်လက်ထောက်ပံ့ပေးနိုင်ဖို့နဲ့ ကရင်နီပြည်အတွင်းက အခြားကျောင်းတွေပါ ထောက်ပံ့ပေးသွားနိုင်ဖို့ကိုလည်း ရည်ရွယ်ထားတယ်လို့ K-Pioneer အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မော်ဒဲ က ဖြည့်စွက်ပြောဆိုထားပါတယ်။
K-Pioneer အဖွဲ့ဟာ ကရင်နီပြည်က စစ်ရှောင်လူငယ် အမျိုးသမီး ၃ ဦးကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။