spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

မြေပြိုမှုကြောင့် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးသွားရတဲ့ ဂိုကွေရွာ ပြန်လည်တည်ထောင်ရေးအတွက် ဆားပွင့်ငယ်အဖွဲ့က ကျပ်သိန်း ၁၆၀ ကူညီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ဂိုကွေကျေးရွာဟာ မြေပြိုမှုကြောင့် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံး သွားခဲ့ရပြီး ရွာခံတွေ ရွေ့ပြောင်းနေထိုင်ကြရသလို ကျေးရွာပြန်လည် တည်ထောင်ရေး အတွက် ဆားပွင့်ငယ်အဖွဲ့က ကျပ်ငွေ သိန်း ၁၆၀ ကျော် ကို လှူဒါန်းပြီး လိုအပ်တဲ့ အကူအညီတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီသတင်းရဲ့ resource ကို ကန္တာရဝတီတိုင်း(မ်) ကနေပြီးတော့မှ တွေ့တော့ အလှူရှင်တွေကနေ ပြီးတော့မှ အရမ်းခေါင်တဲ့နေရာဆိုတော့ ရအောင်သွားပြီးတော့မှ ကူပေးချင်တယ်ပေါ့နော်။ အဲ့ဒီမှာ ကော်မတီတွေနဲ့ ချိတ်ဆက်မိပြီးတော့မှ ကယောလူငယ်တွေနဲ့ ချိတ်ဆက်မိပြီး ကူဖြစ်သွားတာပေါ့။” လို့ ဆားပွင့်ငယ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အနောက်ဘက်ခြမ်း၊ ဒေါလာစောကျေးရွာအုပ်စု၊ ဂိုကွေကျေးရွာမှာ ဒီလ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှု နဲ့အတူ နေအိမ် အောက်မှာ မြေကြီးကွဲအက်လာတဲ့အတွက် စစ်ဘေးရှောင်အပါအဝင် ကျေးရွာခံတွေဟာ ယာယီပြောင်းရွေ့နေရပြီး အကူအညီ လိုအပ်နေတာ ဖြစ်ပါတယ်။

ဆားပွင့်ငယ်အဖွဲ့နှင့်အတူ “သုခကျန်းမာဆေးရုံ” က ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အရေးပေါ် စားနပ်ရိက္ခာကိုသာ လှူဒါန်းဖို့ ရည်ရွယ်ခဲ့ပေမယ့် မြေပြင်လိုအပ်ချက်အရ ရွာလုံးကျွတ်ပျက်စီးသွားပြီး ကျေးရွာပြန်လည်တည်ထောင်နိုင်ဖို့ အရေးပေါ်လိုအပ်နေတာကြောင့် ယာယီတဲအိမ် တည်ဆောက် နိုင်ရေးအတွက် လိုအပ်တဲ့အခြေခံအသုံးအဆောင်တွေအားလုံးကို ပံ့ပိုးပေးခဲ့တယ်လို့ ဆားပွင့်ငယ် အဖွဲ့က ပြောပါတယ်။

“စစချင်းကတော့ မ တို့က စားနပ်ရိက္ခာဘဲ ပံ့ပိုးပေးဖို့ လုပ်ပေမယ့်၊ တကယ်တမ်းက ကော်မတီတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြောတဲ့အခါမှာ သူတို့တကယ်တမ်း အရေးပေါ်လိုအပ်နေတာက ရွာတခုကို တည်ထောင်ဖို့အတွက်ဆိုရင် မိုးကာတွေ၊ တဲအိမ်တွေ ဆောက်ဖို့အတွက် တူတွေ၊ လွှ၊ သံမို စသဖြင့် တောင်းဆိုလာတယ်။ အဲ့ဒါနဲ့ လိုအပ်တဲ့ ပစ္စည်းတွေပေးပြီး အိမ်သာခွက်တွေဘာတွေကစ ပေးပြီးတော့မှ အရေးပေါ်စားသုံးဖို့အတွက် ဆန်၊ ဆီ၊ ကုလားပဲ တွေလည်း မ တို့ ပံ့ပိုးပေးခဲ့တယ်ပေါ့နော်။ အဲ့ဒီအပြင်ကို မ တို့က သူတို့အရေးပေါ် အသုံးပြုဖို့အတွက် ရွာတခုလုံးကို ပြန်ပြီးရွေ့ပြောင်းတည်ထောင်ရမယ်ဆိုတော့ အရေးပေါ် သုံးဖို့အတွက် ဆိုပြီးတော့မှ တအိမ်ထောင်ကို ငွေကျပ် ငါးသောင်းပေါ့။ စုစုပေါင်း ၃၇ အိမ် စာကို ပေးခဲ့တယ်။” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဂိုကွေကျေးရွာမှာ အိမ်ခြေ ၃၇ အိမ်ရှိပြီး လူဦးရေ ၁၉၂ ဦး နေထိုင်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဒေသဖြစ်ပြီး လက်ရှိမှာတော့ ကျေးရွာပြန်လည်တည်ထောင်ရေးအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts