spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KGZ တပ်ဖွဲ့ဝင် ၃၈ ဦး KNDF ဆီ ကူးပြောင်း ဝင်ရောက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မှာ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာ ပရဟိတတပ်ဖွဲ့တစ်ခုအဖြစ် ပါဝင်တိုက်ခိုက်နေတဲ့ Karenni Generation Z ( KGZ ) Volunteer Fighters အဖွဲ့မှ တပ်ဖွဲ့ဝင် ၃၈ ဦးဟာ တိုက်ပွဲလှုပ်ရှားနယ်မြေချင်း နီးစပ်မှုရှိနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁) ထံ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ကူးပြောင်းဝင်ရောက်လာခဲ့ပါတယ်။

KNDF ထံ ကူးပြောင်းလာဖို့ စိတ်အားထက်သန်တဲ့ KGZ တပ်ဖွဲ့ဝင် ၃၈ ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅၊ ၂၆၊ ၂၇ ရက်အတွင်းမှာ တရားဝင် တပ်ဖွဲ့ဝင်ဖြစ်ဖို့အတွက် စစ်ရေးပြသင်ကြားတာ၊ ယူနီဖောင်းအပ်နှင်းတာ၊ ဘက်တံဆိပ်အပ်နှင်းတာ တွေကို ၃ ရက်သာ ဆောင်ရွက်ခဲ့ပြီး  ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ သစ္စာရေသောက်တာ၊ ကိုယ်ပိုင်အမှတ် ပေးအပ်ပြီး ကြိုဆိုတဲ့ အခမ်းအနားအကျဉ်းချုံးတစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“တကယ်တမ်းဆို ကျနော်တို့နဲ့ ဝင်လာတဲ့အဖွဲ့က ကျနော်တို့နဲ့အနီးစပ်ဆုံး တာဝန်ယူတဲ့နေရာမှာသော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း နီးစပ်မှုရှိခါကျတော့ ကျနော်တို့နားကို ဝင်လာဖို့ အကြိမ်ကြိမ် တောင်းဆိုလာတယ်။ ကျနော်တို့ကလည်း အစောပိုင်းတုန်းက သူတို့တပ်ဖွဲ့နဲ့ သူတို့လည်း ခေါင်းစဉ်နဲ့ရှိခါကျတော့ တပ်ဖွဲ့အမည်နာမနဲ့ ရှိခါကျတော့ ကျနော်တို့က ချက်ချင်းတော့ မလက်ခံသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် တခြားအဖွဲ့တွေကို သွေးကွဲအောင် ခေါ်လိုက်ခြင်းအားဖြင့် အခြားသူတွေအတွက် သွေးကွဲစရာတွေ စိတ်ဝမ်းကွဲစရာတွေ ဖြစ်မှာစိုးတဲ့အတွက် စဉ်းစားသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့သဘောထားကို တပ်ရင်း ၁ ကို လာရောက်ပူးပေါင်းပါဝင်ချင်တယ်ဆိုတဲ့ဟာနဲ့ ကျနော်တို့က သူတို့ရဲ့တောင်းဆိုမှုအရကော နယ်မြေတာဝန်ယူရတဲ့အရကော နီးစပ်မှု အပ်စပ်မှုရှိခါကျတော့ ကျနော်တို့က လက်ခံရခြင်းဖြစ်တယ်ပေါ့နော။”လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁)၊ တပ်ခွဲ (၁) မှ တပ်ခွဲမှူး မိုးညိုက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

KGZ တပ်ဖွဲ့ ဟာ ပရဟိတ တိုက်ခိုက်ရေးသမားတွေနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာလည်း ဒေသတွင်း စစ်ရေးစစ်ရာနဲ့ နည်းပညာပူးပေါင်းတဲ့အပိုင်းမှာ အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပါဝင်နေတဲ့ တပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်။

Karenni Generation Z ( KGZ ) အဖွဲ့မှ တာဝန်ရှိသူကို KNDF ဆီ ကူးပြောင်းသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပါတ်သက်ပြီးမေးမြန်းရာမှာတော့ “ကျနော်တို့ကတော့ Free ပဲ ပေးထားတယ်ဗျ။ ဘာလို့လဲဆိုရင် ကျနော်တို့က စစ်အုပ်ချုပ်ရေးပုံစံသွားတာ မဟုတ်ဘူးလေ။ Volunteer ပဲ ပါဝင်ချင်တယ်ဆိုလို့ရှိရင် တာဝန်လာထမ်းဆောင်၊ တာဝန်မထမ်းဆောင်နိုင်တော့လို့ ထွက်သွားမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ နုတ်ထွက်ခွင့်ပေးတယ် အဲ့လိုပေါ့နော။” လို့ KGZ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ KGZ တပ်ဖွဲ့အတွင်းကနေ ၎င်းတို့ ၃၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုအသီးသီးကလည်း ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့နေရာမှာ အားလုံးပါဝင်ကြလျက်ရှိနေပေမယ့် အမိန့်တစ်ခု၊ နည်းစနစ်တစ်ခုအောက်မှာ စနစ်တကျသွားနိုင်ဖို့ လိုအပ်တယ်လို့ တပ်ခွဲမူး မိုးညို က ဆက်ပြောပါတယ်။

“အထူးသဖြင့် ကရင်နီမှာရှိနေတဲ့ တော်လှန်ရေးအုပ်စုတွေများတယ် အဖွဲ့တွေများကြတယ်။ ဒါပေမဲ့ တိုက်ခိုက်နေတဲ့ တော်လှန်နေတဲ့ ဘုံရန်သူကတော့ စစ်ကောင်စီပဲပေါ့နော။ ဒါပေမဲ့ ခုနကပြောသလိုမျိုး တပ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် စုစည်းဖို့လိုအပ်တယ်။ စည်းလုံးမှုတွေရှိဖို့လိုအပ်တယ်။ တပ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် တမိန့်၊ တသွေး၊ တသံသွားရမယ်ဆိုတဲ့ ဟာကတော့ အရမ်းအရေးကြီးတယ်။ ဘယ်တိုက်ပွဲပဲသွားသွား၊ ဘယ်မစ်ရှင်ပဲဖော်ဖော်ပေါ့နော အဓိကကတော့ အမိန့်တခုအောက်မှာ စည်းစနစ်တစ်ခုအောက်မှာ သွားဖို့က အရမ်းလိုအပ်တယ်ပေါ့နော။”လို့ တပ်ခွဲမူး မိုးညို ကပြောပါတယ်။

KNDF ထံ ဝင်ရောက်ကူးပြောင်းလာတဲ့ KGZ တပ်ဖွဲ့ဝင်တွေက ရန်ပုံငွေနဲ့ အလှူရှင်တွေကနေ ထောက်ပံ့လှူဒါန်းထားတဲ့ M 16 ၊ AK လက်နက်အမျိုးအစား ၁၄လက်၊ ကား၊ ဒရုန်းပစ္စည်းအနည်းငယ် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။ ၎င်းတို့အားလုံးဟာ အသက် ၁၈ နှစ်ကနေ ၂၅နှစ်ဝန်းကျင် အသက်အရွယ်အများစုဖြစ်ပြီး စစ်မြေပြင်မှာ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts