ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အတွင်းက ကျေးရွာအချို့က ရယူသုံးစွဲနေတဲ့ သောက်သုံးရေ အရင်းအမြစ်တွေ ဟာ ယခုဧပြီလအတွင်းမှာပဲ ခမ်းခြောက်သွားတာကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒီရွာက ရေအရင်းအမြစ်မှာက နှစ်ပေါက်ရှိတယ်ဆိုရမလား၊ တစ်ပေါက်က အရမ်းဝေးတာပေါ့၊ တစ်ပေါက်နီးတယ် ဒါပေမယ့် ရေခမ်းသွားပြီပေါ့၊ အခုတော့ တညဆို ပုံးဝါ ပုံးသုံးဆယ်လောက်ပဲ ထွက်တော့တယ်ပေါ့၊ အခုတော့ ဘယ်လိုမှ မလောက်တော့ဘူး၊ ပုံးဝါ လေးပုံးဆို နှစ်ရက်လောက်တော့ စားရတယ်၊ မိသားစုများတဲ့ သူတွေအတွက် အရမ်းခက်ခဲ့တယ်လို့”သူ ဆိုပါတယ်။
ရေရှားပါးတာကြောင့် ချွေတာသုံးစွဲကြရတဲ့အပြင် ရှိနေတဲ့ ရေအရင်းအမြစ်ကို ဒေသခံတွေနဲ့ စစ်ရှောင်တွေ အတူတကွ အသုံးပြုနေကြရတာပါ။
အချို့ကျေးရွာတွေမှာတော့ ဝေးလံတဲ့ ရေအရင်းအမြစ်တွေဆီကို ရေသွားသယ်ယူနိုင်ဖို့ လုံခြုံရေး နဲ့ လမ်းခရီး အခက်ခဲရှိနေသလို ရေသယ်ယူရာမှာလည်း ကုန်ကျ စရိတ်မြှင့်မားနေတယ်လို့လည်း ဆိုပါတယ်။ ရေလီတာ၅၀၀၀ ခန့်ပါတဲ့ ကားတစ်စီးအတွက် ကျပ် ၂သိန်းကျော် ပေးနေရတာပါ။

“အရင်နှစ်ဆို ဒီရွာထိ သူတို့ပို့ပေးဖို့ဆို အရမ်းဝေးတာပေါ့၊ နှစ်သိန်းတစ်သောင်း ပေးတယ်၊ အခုတော့ ရေတခေါက်က ၂သိန်း၂သောင်း အထိ ရှိတာပေါ့၊ ကားငှားရင်လည်း ခက်တယ်၊ အဝေးကြီးပဲ ဆိုတော့ ရေခပ်ဖို့လည်း အရမ်းဝေးတယ်လေး၊ မိန်းကလေးတွေအတွက် လုံခြုံရေးကလည်း ရှိနေတော့၊ ယောကျာ်းလေးလောက်ပဲ သွားခပ်တာပေါ့နော။”လို့ ဒေသခံတစ်တစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ရေရှားပါးနေတဲ့ ကျေးရွာတွေကို KTEST အရေးပေါ်ကူညီရေးအဖွဲ့ ကနေ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ ရေလှူဒါန်းပေးခဲ့ပေမယ့် လိုအပ်မှုတွေ များနေသေးတယ်လို့ KTEST ရဲ့ ဥက္ကဌ မော်ဦးမြာက ပြောပါတယ်။
“အကူအညီတွေ လိုတယ်။ နေ့စဉ်ကို လိုတာ။ အခုတော့ ဘေးဒဏ်တွေက အမျိုးမျိုးဆိုတော့ သူတို့ဖက်ကလည်း လိုက်လံအကူအညီတောင်းဖို့ အားနာကြတယ်။ ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေရှိတယ်ဆိုပြီး ဦးစားပေးကြတာ။ ရေလိုတဲ့နေရာတွေ အများကြီး ရှိပါသေးတယ်။ ကျမ တို့အနေနဲ့က ကိုယ်ထူကိုယ်ထဘဲ ပေးနိုင်တာဖြစ်တော့ သူတို့အတွက် များများစားစားတော့ မရဘူးပေါ့။ တကယ်ကို အများကြီး လိုအပ်နေပါသေးတယ်။ ရေက မရှိမဖြစ်ကိုး။” လို့ မော်ဦးမြာက ပြောပါတယ်။
ဖရူဆိုမြို့နယ်ဟာ နှစ်စဉ်ရေရှားပါးမှုကို ကြုံတွေ့နေရတဲ့ဒေသဖြစ်ပြီး အာဏာမသိမ်းခင်ကတော့ မြို့ပေါ်တွေအထိ လိုက်လံခပ်ယူကြပေမယ့် ယခုနောက်ပိုင်းမှာတော့ လုံခြုံရေးအရ သွားရောက်လို့မရတော့သလို၊ ရေအလှူရှင်တွေကလည်း လာရောက်မှု နည်းလာတယ်လို့ ဒေသခံတွေကပြောပါတယ်။