ကန္တာရဝတီတိုင်း ( မ် )
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်းအတွင်းက အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ဂျဲန်ဒါ (gender ) တန်းတူညီမျှမှု ရရှိဖို့ နဲ့ ဦးဆောင်မှု အားကောင်းဖို့အတွက် ဂျဲန်ဒါ (gender ) တန်းတူညီမျှရေးဌာနကို ဖွဲ့စည်းထားတယ်လို့ KNDF ဂျဲန်ဒါတန်းတူညီမျှရေးဌာန ရဲ့ ဒု – ဌာနမှူး က ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။
“ KNDF ရဲ့ မူဝါဒ၊ စစ်ဘက်ဆိုင်ရာအက်ဥပဒေ၊ စစ်ဆင်ရေးတွေ၊ ဌာနဆိုင်ရာစီမံခန့်ခွဲမှုတွေမှာ ဂျဲန်ဒါတန်းတူညီမျှမှုကို ခိုင်ခိုင်မာမာ ထည့်သွင်း အကောင်အထည်ဖော်ဖို့ပေ့ါနော်။ KNDF ကနေ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းစဥ်တွေအားလုံးမှာလည်း ဂျဲန်ဒါရှုထောင့်ကို ထည့်သွင်းစဥ်းစားဖို့တွေအပြင် တပ်တွင်းအရေးကိစ္စတွေမှာ အမျိုးသမီးဦးဆောင်မှုတွေကို အိတ်ဖြည့်အနေနဲ့မဟုတ်ဘဲ အဓိပ္ပာယ်ရှိပြီး အားကောင်းတဲ့ ဦးဆောင်မှုဖြစ်လာအောင် ဆောင်ရွက်ဖို့ရည်ရွယ်ထားပါတယ်။”လို့ ဂျဲန်ဒါတန်းတူညီမျှရေးဌာန ရဲ့ ဒု – ဌာနမှူး က ဆိုပါတယ်။
တပ်ရင်းအတွင်း ဂျဲန်ဒါတန်းတူညီမျှရေးဌာနကို ဖွဲ့စည်းနိုင်ဖို့ အချိန် ၂လကျော် ကြာမြှင့်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တရားဝင် ဖွဲ့စည်းလိုက်တာပါ။ KNDF တပ်ရင်းအတွင်းမှာရှိတဲ့ အမျိုးသမီး နဲ့ ဂျဲန်ဒါကွဲပြားတဲ့ ရဲဘော်တွေအပြင် တပ်တခုလုံးမှာ တန်းတူညီမျှမှု ရရှိစေရေးအတွက် ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
“မြေပြင်မှာ ဂျဲန်ဒါနဲ့ပတ်သက်ပြီး ကျား-မ နှစ်မျိုးပဲရှိတယ်ဆိုတဲ့ ရပ်တည်ချက်တွေ ဖြစ်တည်မှုကနေ ကွဲထွက်ပြီး မိမိကိုယ်ကိုယ် လက်ခံထားတဲ့ ဂျဲန်ဒါကွဲပြားသူတွေလည်း KNDF မှာ ကြုံတွေ့နေတာလည်း ရှိနေပါတယ်။”လို့ အဆိုပါ ဒု – ဌာနမှူးက ဆိုပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့မှာ KNDF ရဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာန နဲ့ ဗဟိုကျန်းမာရေးဌာနအတွက် ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ခန့်အပ်တဲ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့လည်း ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ KNDF က အသိပေးပါတယ်။ KNDF ဟာ ဒီမိုကရေစီနဲ့အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့အပြင် ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ တပ်ဖြစ်မြောက်လာရေးအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
KNDF တပ်ရင်းမှာ ဂျဲန်ဒါတန်းတူညီမျှရေးဌာန အပြင် ကျန်းမာရေး၊ ဗဟိုထောက်ပို့၊ R&D ဌာန၊ နိုင်ငံရေးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာန အသီးသီး ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။