spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KNDF ဗျူဟာ ၆ ရဲ့ သိန်းတစ်သောင်း ကမ်ပိန်း ဟာ ၃၀ ရာခိုင်နှုန်းသာရှိနေသေး၊ ဆက်လက်ကူညီဖို့ဖိတ်ခေါ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ဗျူဟာအမှတ် ( ၆ ) က ဦးဆောင်ပြုလုပ်နေတဲ့ “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ဆိုတဲ့ သိန်းတစ်သောင်း ကမ်ပိန်းဟာ လက်ရှိမှာ ၃၀ ရာခိုင်နှုန်းသာ ရရှိသေးတာကြောင့် မိဘပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံတွန်းလှန်ရာမှာ လိုအပ်တဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ဝယ်ယူနိုင်ဖို့အတွက် ဩဂုတ်လ ၂၃ရက်နေ့ကနေ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တစ်လအတွင်း သိန်းတစ်သောင်းရရှိဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကမ်ပိန်းဟာ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ၂၈ရက်အတွင်း ၃၀ရာခိုင်နှုန်းဝန်းကျင်သာ ရရှိသေးတာကြောင့် ရက်ထပ်မံ တိုးသွားဖို့ရှိမယ်လို့ ကမ်ပိန်းတာဝန်ခံဖြစ်သူ မော်ရိရီက ပြောပါတယ်။

“ရလဒ်ကတော့ အခုဆိုရင် တစ်လ ပြည့်တော့မှာပေါ့နော။ ဒါပေမဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင် လောက်ပဲရသေးတော့ အမတို့အနေနဲ့ ရက်တိုးဖို့ အစီအစဉ်ရှိတယ်ပေါ့နော။ များသောအားဖြင့် ပြောလာကျတာက လကုန်မှ လစာထုတ်မှာမို့ ရက်တိုးပေးပါဆိုပြီး တောင်းဆိုမှုတွေ လာတာရှိတယ်။ ရက်တိုးဖို့ ရှိပါမယ်။ ”လို့ မော်ရိရီက ပြောပါတယ်။

လက်တလောမှာလည်း ဗျူဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို တော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတာရှိပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတာတွေလည်းရှိနေပေမဲ့ လိုအပ်ချက်က များစွာရှိနေသေးတယ်လို့ ဆိုပါတယ်။

“ဒီကမ်ပိန်းက အရေးကြီးကြောင်းကို ခနခနတော့ ပြောဖြစ်တယ်။ လူထုတွေအနေနဲ့လည်း ဝိုင်းပြီးပံ့ပိုးပေးကြဖို့ ပြောထားတာလည်း ရှိတယ်ပေါ့နော။ အဓိကက ဒီကမ်ပိန်းက အရေးကြီးတယ်ဆိုတာပဲ ပြောချင်ပါတယ်။ အခု လက်ရှိကလည်း တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့နော။” လို့ မော်ရိရိက ဆက်ပြောပါတယ်။

“ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ကမ်ပိန်း အောင်မြင်ဖို့အတွက် နိုင်ငံကျော်အဆိုတော်၊ ဒါရိုက်တာ၊ အနုပညာတွေ ပါဝင်အားဖြည့်လျက်ရှိနေပါတယ်။ တော်လှန်ရေးမှာပါဝင်နေတဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကလည်း KNDF ဗျူဟာ ၆ ကနေ ပြုလုပ်တဲ့ ကမ်ပိန်းကို ပါဝင်ကူညီကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

“စကစ (စစ်ကောင်စီ) က ဘယ်လိုပဲစစ်ကြောင်းတွေထိုးထိုး ဘယ်လိုပဲဖိနှိပ်ဖိနှိပ် အဲ့ဒီကြားကနေ ရှိတဲ့လက်နက်၊ ရှိတဲ့ ခဲယမ်းနဲ့ စိတ်ဓတ်အပြည့်နဲ့ပေါ့လေ၊ ခုခံကာကွယ်ပြီးတော့ အောင်ပွဲတွေ ယူနေတာလည်း အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ဒီအရာတွေကို ထပ်ပြီးသက်သေပြနိုင်ဖို့ ကျနော်တို့ရဲ့ အိမ်ပြန်ချိန်တွေ အမြန်ဆုံးရောက်ဖို့ ကျနော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကျနော်တို့ညီအစ်ကိုတွေ အမြန်ဆုံးပြန်ဆုံဆည်းနိုင်ဖို့ မိသားစုတွေ ပြန်လည်တွေ့ရဖို့အတွက်က ဒီကမ်ပိန်းလေးမှာ တစ်ထောင့်တစ်အား ပါဝင်ကူညီပေးကြပါအုံး လို့ ကျနော်က မေတ္တာရပ်ခံပါတယ်။”လို့ ဒါရိုက်တာ ကိုပေါက်က ကမ်ပိန်းနဲ့ပတ်သက်ပြီး ပြောဆိုထားပါတယ်။

တော်လှန်ရေးကာလကြာမြှင့်တာနဲ့အမျှ ထောက်ပံ့ကူညီမှုအပိုင်းမှာ အားနည်းလာတာရှိသလို ကမ်ပိန်းပြုလုပ်တဲ့ အဖွဲ့အစည်းလည်း များပြားတာကြောင့် စိန်ခေါ်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အခက်အခဲကြားကနေ ပြုလုပ်ရတဲ့ “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်”ကမ်ပိန်းမှာ ပါဝင်ကူညီ အားဖြည့်ကြတဲ့ အနုပညာရှင်တွေနဲ့ မိဘပြည်သူတွေကို ကျေးဇူးတင်ပြီး ထောက်ပံ့ကူညီမှုနဲ့ ထိုက်တန်တဲ့ရလဒ်ကို ယူဆောင်ပေးမယ်လို့ ကမ်ပိန်းတာဝန်ခံက ဆိုပါတယ်။

spot_img
spot_img

Recent posts