ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေမှာ တက်ရောက်ဖို့၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့တွေမှအပ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စိန်ရတုပြည်ထောင်စုနေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး အချိန်မီတက်ရောက်ကြဖို့နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြဖို့ စစ်ကောင်စီက အထူးဖိတ်ကြားထားတာ ဖြစ်ပါတယ်။
ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ စစ်ကောင်စီထုတ်ပြန်ချက်အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြင်သဘောထားတွေနဲ့ပတ်သက်ပြီး အတွင်းရေးမှူး ၁ ခူဒယ်နီယာကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။
KNPP ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီအမြဲတမ်းပြောနေတဲ့ ထာဝရငြိမ်းချမ်းရေးစကားလုံးကို ဘယ်လိုမှတ်ချက်ပြုချင်လဲ။ တစ်ဖက်မှာကလည်း တိုက်ပွဲက ရက်တိုင်းဖြစ်နေတယ်ဆိုတော့လေ။
ဖြေ။ ။ ထာဝရငြိမ်းချမ်းရေးဆိုတာ သေပြီးတဲ့သူအတွက်ပဲရှိမယ်။ လူအသက်ရှင်နေတဲ့ သူတွေအတွက်တော့ ထာဝရငြိမ်းချမ်းရေးဆိုတာမရှိဘူး။ ဆိုတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားက အသုံးမတည့်တော့ဘူး။ ဒီအချိန်မှာက နိုင်ငံရေးကို အခြေခံပြီးတော့မှ အသုံးအနှုန်းတစ်ခုခုလို့ပြောမှ ဒီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံလား ဘာညာ စသဖြင့် အဲ့ဒါပဲ အသုံးပြုသင့်တယ်ပေါ့နော။ ငြိမ်းချမ်းရေးဆိုတဲ့ဟာက ဒါ ဘာသာရေးစကားဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေးဆိုတာ သေပြီးတဲ့သူအတွက်ပဲ သူများသုံးတာ။ ဆိုတော့ ဒီငြိမ်းချမ်းရေးဆိုတဲ့ဟာပဲ နိုင်ငံရေးအသုံးနှုန်းမဟုတ်ဘူးလို့ ဒီလိုမြင်တယ်။
မေ။ ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ကျော်အတွင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းပြည်က မဖွံဖြိုးဘူး။ အဲ့ဒါကြောင့် ဖွံ့ဖြိုးဖို့အတွက် ထာဝရငြိမ်းချမ်းရေးကို ရဖို့လိုမယ်လို့ စစ်ကောင်စီက ပြောဆိုတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNPP အနေနဲ့ ဘယ်လိုတုန့်ပြန်ပြောဆိုချင်ပါသလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကလည်းရှိတယ်လေ။ နိုင်ငံရေးအခွင့်အရေးချင်းက မတူတာ သူတို့(စစ်ကောင်စီ)က ပိုပြီးမှ အေပေါ့ လူမျိုးရေးအရပဲ ပြောပြော၊ နိုင်ငံရေးအရပဲပြောပြော သူတို့က လွှမ်းမိုးမှု ငါတို့ကနိုင်မှ သူတို့အဲ့လိုမျိုးစိတ်ဓတ်ရှိနေသ၍ကတော့ ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး။ ဘယ်တော့မှ ပြည်တွင်းစစ်က ပြီးနိုင်မှာမဟုတ်ဘူး။ တန်းတူအခွင့်အရေးတွေ ရှိသာမှသာလျှင် လူတိုင်းအခွင့်အရေးတွေရမှသာလျှင် အေးချမ်းမှာ။ အေးချမ်းပြီးတော့မှ တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ လူတိုင်းက သိတယ်လေ။ ဆိုတော့ အခုက ခုနပြောတဲ့တန်းတူအခွင့်အရေးမရသ၍ကတော့ တိုင်းပြည်က အေးချမ်းအုံးမှာမဟုတ်ဘူး။ ဒီစစ်ပွဲကလည်း ပြီးမှာမဟုတ်ဘူး။ ဖွံ့ဖြိုးရေးကလည်း ဖြစ်လာနိုင်အုံးမှာ မဟုတ်ဘူး။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာကတော့ ဖွံ့ဖြိုးရေးနိမ့်ကျတယ် ဆိုတာ နိုင်ငံတိုင်းအဲ့လိုပဲ တစ်ကမ္ဘာလုံးက စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ပိုဆင်းရဲတယ်။ ဖွံ့ဖြိုးတိုးတက်မှု ပိုနှောင့်နှေးတယ်ဆိုတာကတော့ လူတိုင်းသိတယ်လေ။ သို့သော် တိုက်ပွဲက မဖြစ်ရလေအောင်ဆိုတာက တိုင်းပြည်အုပ်ချုပ်၊ မင်းလုပ်နေတဲ့ အစိုးရက အဓိက ကျတယ်။ သူတို့မှ မကောင်းပဲကိုး ဆိုတော့ သူများကလည်း တော်လှန်မှာပဲပေါ့။
မေး။ ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဘာကွာခြားသွားတာရှိလဲ။
ဖြေ။ ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးစခဲ့တာကတော့ မှန်တယ်။ သူတို့လက်ထက်မှာက ဖြစ်ချင်တဲ့စိတ်ဆန္ဒကတော့ နည်းနည်းတော့ရှိတယ်။ သို့သော် One Way စနစ်ကိုမသွားဘူး။ ငါတို့က ပိုအခွင့်အရေးရမယ် ငါတို့နိုင်ရမှာ ဆိုတဲ့ပုံစံမျိုး သူတို့ဆွေးနွေးခဲ့တာ ရှိတယ်။ တချို့ဟာတွေလည်း သူ ဘယ်လိုပြောမလဲ စည်းရုံးတဲ့အနေနဲ့ အဖွဲ့အစည်းတွေကို တိုင်းရင်းသားတွေကို စည်းရုံးတဲ့အနေနဲ့ သူလိုက်လျောပေးခဲ့တာရှိတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် NLD လက်ထက် အစိုးရလက်ထက်ရောက်တဲ့ အချိန်ကျတော့ ဒီငြိမ်းချမ်းရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပစ်ခတ်ရပ်စဲရေးအစီအစဉ်ကို သူတို့ အားသွန်ခွန်စိုက် သူတို့မလုပ်ခဲ့လို့ပဲ ဒီလိုမှားတယ်။ အမှန်ကတော့ တိုင်းရင်းသားကို သိပ်အခွင့်အရေးကို မပေးချင်တာလည်း NLD ကလည်း ပါတာပေါ့။ ဆိုတော့ အဲ့ဒီအပေါ်မှာ တကယ့်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီ NLD ကို ငါတို့အများကြီးမျှော်လင့်ထားတယ်။ သို့သော် သူတို့ တကယ်အစိုးရဖြစ်လာတဲ့အချိန်မှာ ဒီတိုင်းရင်းသားတွေအဖွဲ့အစည်းတွေရဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့အပေါ်မှာ သူတို့ လျစ်လျူရှုမှု တစ်ချို့ ရှိခဲ့တယ်။ ဆိုတော့ အဲ့ဒီဟာ နည်းနည်းကွာသွားတာပေါ့နော။ ဒီ အစိုးရနှစ်ဆက်ရဲ့ အနေအထားက အဲ့လိုမျိုးကွာသွားတယ်။ တစ်စိုက်မတ်မတ်သာ NLD က ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့အာရုံစိုက်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာစရာအကြောင်းလည်း မရှိဘူး။
မေး။ ။ လက်ရှိ အာဏာသိမ်းမှုနောက်ပိုင်းမှာကော ဆွေးနွေးမှုက ဘာကွာခြားတာရှိလဲ။
ဖြေ။ ။ အခုလည်းပဲ တကယ်လို့ သူတို့ပြန်ထပ်ခေါ်မယ်။ စစ်ကောင်စီက ပြန်ဆွေးနွေးဖို့အတွက် ပြန်ခေါ်မယ်ဆိုရင် ခုနပြောသလိုပဲ အဖွဲ့အစည်းတွေကို အဆင့်ခွဲတဲ့အမျိုး သူလုပ်နေရင်တော့ ဒီလိုပဲ ပြန်ထပ်ဖြစ်လာအုံးမှာပဲ။ နောက်တစ်ခါ နိုင်ငံရေးထဲမှာ တန်းတူ ပါတီပဲပြောပြော၊ ဒီလက်နက်ကိုင်အဖွဲ့အစည်းပဲပြောပြော နိုင်ငံရေးအခွင့်အရေးတွေက တန်းတူမရှိဘူးဆိုရင်တော့ ပြီးဆုံးစရာအကြောင်းမရှိဘူး။ တစ်စုံလုံးက တန်းတူအခွင့်အရေးတွေ ရကြမယ်ဆိုရင်တော့ အခြေအနေကောင်းလာနိုင်တယ်ပေါ့။
မေး။ ။ နှစ်ပေါင်း ၇၀ ကျော်တော်လှန်ရေးကာလအတွင်းမှာ KNPP အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်အောက်ကနေ ဘယ်နှစ်ကြိမ်လောက် ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးခဲ့ဖူးလဲ။ တိုင်းရင်းသားဒေသအတွက် အကျိုးရလဒ်ရှိခဲ့လား။
ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်တဲ့ကာလအတွင်း ၈ နှစ်အတွင်းမှာကတော့ တိုက်ပွဲမဖြစ်တာတစ်ခုကလွဲလို့ ကျန်တဲ့ဟာတွေကတော့ နေရာအတိုင်းပဲလို့ ပြောလို့ရတယ်။ ဒါက တိုင်းရင်းသားဖက်က အခွင့်အရေးကိုကြည့်မယ်ဆိုရင်ပေါ့။ နိုင်ငံရေးအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ ရှုထောင့်အရ ကြည့်မယ်ဆိုရင် အခွင့်အရေးတွေက မမျှတဘူး။ နောက်ပြီးမှ အခွင့်အရေးတွေက အစပိုင်းကတော့ ဟုတ်သလိုလို ဦးသိန်းစိန်လက်ထက် အစပိုင်းတုန်းကတော့ ဟုတ်သလိုလို ရှိပေမယ့်လည်း ကြာလာတော့လည်း နိုင်ငံရေးမူဘောင်ထဲဝင်တဲ့အချိန်မှာ သူတို့ဖက်က အားသာတာ၊ အားသာချက်ကိုပဲ ပိုပြီးတော့ ဦးစားပေးတယ်။ တိုင်းရင်းသားဖက်က အခွင့်အရေးတွေ၊ နိုင်ငံရေးအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ စသဖြင့်ပေါ့လေ ဒါတွေက မမျှတလို့ပဲ ဒီလိုပြန်ဖြစ်လာရတာပေါ့။
မေး။ ။ စစ်ကောင်စီက ကြေညာထားတာရှိတယ်ပေါ့။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ကြေညာချက် (၂၀) ပြုလုပ်ခဲ့တယ်လို့ပြောတယ်။ တစ်ဖက်မှာကလည်း ကရင်နီပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ အကြမ်းဖက်တာ ပြုလုပ်နေတဲ့အပေါ်မှာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တိုင်းရင်းသားရဲ့ အခွင့်အရေး လူထုရဲ့အခွင့်အရေးကို ရယူပေးချင်လို့ လက်နက်ကိုင်တာဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးချင်လို့၊ ငြိမ်းချမ်းချင်လို့၊ အေးချမ်းလို့ လက်နက်ကိုင်တာ ဖြစ်တယ်။ ဒါက ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တာပေါ့နော။ ဆိုတော့ ဒီအချိန်မှာ လူထုကိုကျ သတ်တယ်။ အဖွဲ့အစည်းကိုကျ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်တော့ ဒါက ဘယ်လိုမှနည်းနဲ့မှ မဖြစ်ဘူးပေါ့နော။ တခြားအဖွဲ့အစည်းတွေကတော့ မပြောတတ်ဘူး။ ဒီအဖွဲ့အစည်းအကျိုးအတွက်ပဲ ကြည့်မယ်ဆိုရင်တော့ ဆွေးနွေးကောင်းဆွေးနွေးမယ်။ ကျနော်တို့ကတော့ ဒီလူထုရဲ့ အရေးကိုပဲလုပ်တယ်။ လူထုရဲ့အတွက်ကိုပဲ လုပ်တဲ့အတွက် လူထုဆွေးနွေးပြီဆိုကတည်းကိုက လူထုက အရင်ဆုံးအေးအေးချမ်းချမ်းနဲ့သူ ရှိနေရမယ်။ လူထုအတွက် အဆင်ပြေရမယ်ပေါ့။ လူထုအတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ အဖွဲ့အစည်းတစ်ခုတည်းအတွက်ကို ကြည့်ပြီးမှ လုပ်မှာမဟုတ်ဘူး။
မေး။ ။ အာဏာသိမ်းမှုမတိုင်ခင်နဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးလုပ်ငန်းစဉ်တွေ ဘယ်လိုကွာခြားတာတွေ ရှိသေးလဲ။
ဖြေ။ ။ အာဏာသိမ်းမတိုင်ခင်မှာကတော့ နိုင်ငံရေးဖက်ကို နိုင်ငံရေးနဲ့ဖွံ့ဖြိုးရေးဖက်ကို လူထုဖွံ့ဖြိုးရေးဖက်ကို ဆွေးနွေးသွားနေကြတာ ရှိတယ်။ ဒီ NCA ကို အခြေခံပြီး ဆွေးနွေးတာရှိတယ်ပေါ့နော။ ဒါပေမယ့် တကယ်တမ်း နိုင်ငံရေးမှာ ရှေ့တိုးလို့မရလို့ တချို့ဟာတွေက အဲ့ဒီ NCA ထိုးထားတဲ့ ဆယ်ဖွဲ့တောင်မှ ပြန်ဆုတ်ရမလိုလို အနေအထားမျိုး ဖြစ်လာတယ်။ အဲ့အထိတောင် ဖြစ်တယ်ပေါ့နော။ နောက်ဆွေးနွေးပွဲတွေလည်း ရပ်တန့်တဲ့အထိလည်း တချို့ တစ်ခါတစ်လေမှာ ဖြစ်တယ်။ ဒါကတော့ နိုင်ငံရေးဖက်ကို ဆွေးနွေးတာပေါ့။ ဒါပေမယ့် လူထုကတော့ တချို့ အခွင့်အရေးတွေ ရတယ်။ ဒါကတော့ သိတဲ့သူတွေပဲ ရကြတာပေါ့။ မသိတဲ့သူတွေ လူထုတွေကျတော့ ပိုပြီးတော့မှ ဆုံးရှုံးနစ်ရတာတွေ ရှိတယ်။ ဒါကတော့ မသိမသာလေး နိုင်ငံရေးရဲ့ အခွင့်အရေးကို အခြေခံပြီးပြောရမယ် ဆိုရင်တော့ မသိမသာလေး အခွင့်အရေးရပေမယ့်လည်း တကယ်တမ်းရေရှည်မှာက လူထုအတွက် နစ်နာမယ့် အချက်အလက်တွေ အများကြီးတွေ့ရတယ်။ အဲ့တော့ နိုင်ငံရေးဆွေးနွေးပွဲမှာ မကြာခဏ ရပ်ရပ်သွားတာ အဲ့ဒါတွေလည်း ပါတယ်ပေါ့လေ။ ဒီ အာဏာသိမ်းပြီးနောက်ပိုင်းမှာကတော့ ဒီအခွင့်အရေးဆိုတာ တစ်ခါမှ မလာသေးဘူးပေါ့လေ။ သူတို့ဖက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်၊ ဘာညာ သူတို့ကတော့ ပြောနေတယ်ပေါ့။ ဒါပေမယ့် တရားဝင်ဖိတ်တာလည်း မရှိဘူး။ ဒီလက်မှတ်ထိုးပြီးအဖွဲ့အစည်းကိုလည်း သူတို့က ခေါ်တယ်ပေါ့လေ။ PPST တို့ အစည်းအဝေးလုပ်တယ်၊ ဘာညာ အဲ့ဒါတော့ ကြားတယ်။ ဒါပေမယ့် ဒီအခြေနေမှာ လူထုက အဓိကဖြစ်တယ်။ လူထုက ဒီလောက်အနစ်နာ သေ၊ သတ်ဖြတ်ခံရတဲ့ အချိန်မှာ အဖွဲ့အစည်းတွေကလည်း စဉ်းစားသင့်ပါတယ်။ ဆွေးနွေးသင့်တယ်၊ မဆွေးနွေးသင့်ဘူး ဆိုတာကတော့ ဆုံးဖြတ်ရမှာပေါ့။
မေး။ ။ တော်လှန်ရေးကာလတစ်လျှောက် အခက်အခဲမျိုးစုံကို တွေ့ကြုံခံစားနေရတဲ့ လူထုတွေကို ဘာပြောချင်လဲ။
ဖြေ။ ။ လူထုတစ်ရပ်လုံးကိုတော့ ဒီတော်လှန်ရေးမပြီးမချင်းက ဆင်းရဲဒုက္ခရောက်ကြအုံးမှာပဲ။ ဆိုတော့ လူတိုင်း ဒီဖိနပ်အောက်မှာ မနေချင်ဘူး။ အာဏာရှင်အောက်မှာမနေချင်ဘူးဆိုတော့ သည်းခံကြဖို့ အဲ့လောက်ပဲ ပြောချင်ပါတယ်။ သည်းခံကြရမယ် တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီမှုတွေလုပ်ကြရမယ်။ ဒါကတော့ သူတို့စိတ်ထဲမှာ ရှိပြီးသားပါ။