spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါး နဲ့ ခြင်ထောင် လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ရှိ ကျေးရွာ ၊ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေကြပြီး ဆေးဝါးလိုအပ်နေသလို ခြင်ကိုက်ခံရမှုမှ ကာကွယ်နိုင်အောင် ခြင်ထောင် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီး ကရင်နီပြည်က မြို့နယ်အများစုမှာ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး တောတောင်ထဲမှာ နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အဖြစ်များနေကြတယ်လို့ သိရပါတယ်။ မိုးရာသီကာလမှာ အဖြစ်များတဲ့ ငှက်ဖျားရောဂါဟာ မယ်စဲ့ ၊ ဖားဆောင်း၊ ဒီးမော့ဆို ၊ ဖရူဆို ၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေကြတယ်လို့ ကျန်းမာရေးဝန်ထမ်း တစ်ဦးထံကနေ သိရှိရပါတယ်။

“ဖျားတဲ့သူတိုင်းကတော့ ငှက်ဖျားနဲ့ ဖျားတာများတယ်။ Positive အများစုထွက်တယ်လေ ။ စစ်ရှောင်မှ မဟုတ်ဘူး ရွာတွေကအစပေါ့နော ငှက်ဖျားတွေ တော်တော်ဖြစ်ကြတယ်။ ၁၀ ယောက်မှာ ၆ယောက် ၊ ၇ယောက်လောက်ကတော့ သေချာတယ် ငှက်ဖျားပဲ။ ငှက်ဖျားပိုးထွက်တာပေါ့ Positiveပေါ့။” လို့ ဖရူဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးပိုင်း ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ငှက်ဖျား ဆေးကို မျှဝေ အသုံးပြုနေရတယ်လို့ သိရပါတယ်။ ငှက်ဖျားရောဂါဟာ ခြင်မှတဆင့် ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ခြင်ကိုက်ခံရမှ ကင်းဝေးအောင် ခြင်ထောင် အသုံးပြုဖို့နဲ့ ကိုယ်ခံအား ကောင်းမွန်အောင် နေကြဖို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက တိုက်တွန်းထားပါတယ်။

သို့ပေမယ့် လူဦးရေများတဲ့ စစ်ရှောင်မိသားစုမှာ ခြင်ထောင်လုံလောက်မှု မရှိတာကြောင့် အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

“ ဒီအချိန်မှာ ငှက်ဖျားမဖြစ်အောင် နေကြရမှာပေါ့။ အထူးသဖြင့် ခြင်ကိုက်မခံရအောင် ၊ ခြင်ထောင်နဲ့ အိပ်ဖို့ ။ ခြင်ထောင်လည်း မိသားစုတိုင်း မရှိကြဘူး။ အထူးသဖြင့် လူဦးရေများတဲ့ မိသားစုမှာပေါ့ “ လို့ ဒေသခံ ကျန်းမာရေးလုပ်သား တစ်ဦးက ပြောပါတယ်။

ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ငှက်ဖျားရောဂါခံစားနေရပြီး ကာကွယ်နိုင်ဖို့အတွက် ဆေးဝါး ၊ ခြင်ဆေးခွေ ၊ ခြင်လိမ်းဆေး ၊ ခြင်ထောင် လိုအပ်နေတယ်လို့ သိရပါတယ်။

“ ဖားဆောင်းနဲ့ မော်ချီးကနေ ပြန်လာတဲ့ ရဲဘော်တွေတော့ ဖြစ်တာများတယ်ပေါ့‌နော။ နေမကောင်းဘူးဆို စစ်လိုက်ရင် အဲ့ ငှက်ဖျားပိုးက ရှိနေတယ်။ ပိုးရောပေါ့နော ပိုးကတော့ ရှိနေတယ်။ ကာကွယ် ဖို့အတွက်ကတော့ လောလောဆယ် ခြင်ဆေးခွေလောက်ပဲ ပေးသွားနိုင်သေးတယ်။ ခွဲ ရိက္ခာပိုင်းလည်း မရှိတော့ ခြင်လိမ်းဆေးဝယ်ဖို့အတွက်လည်း မတတ်နိုင်သေးဘူးပေါ့နော။ ခြင်လိမ်းဆေးလည်း မထည့်ပေးနိုင်ဘူး။ ခြင်လိမ်းဆေးထည့်ပေးနိုင်ရင် အကောင်းဆုံးပေါ့နော ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေမှာ ဆေးဝါးရရှိမှု အခက်အခဲကြောင့် ရှေ့တန်းသွားရဲဘော်တွေအတွက် ခြင်ဆေးခွေမှအပ တခြားအကာအကွယ်ပေးနိုင်တာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ငှက်ဖျားရောဂါအမျိုးအစားထဲက Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F) ဖြစ်ပွားနေကြတာဖြစ်ပြီး PV အမျိုးအစား အဖြစ်များနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts