ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်နယ် ဘောလခဲမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က စစ်အင်အားတွေ ၊ စားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ ဖြည့်တင်းနေပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဘောလခဲပြည်သူလူထုတွေကို ၁၀ ရက်အတွင်း ရွေ့ပြောင်းနေထိုင်ကြဖို့ကို တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့( ဖေဖော်ဝါရီလ ၂ ရက်နေ့)မှာ ထုတ်ပြန်ချက်ထုတ်ပြီး နှိုးဆော် ထားပါတယ်။
“ပြည်သူတွေ ၁၀ ရက်အတွင်း ရွေ့ပြောင်းဖို့က နည်းနည်းတော့ ခက်ခဲနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အရင်ကတည်းကလည်း သတိပေးထားပြီ။ အကြိမ်ကြိမ်မှာပဲ ကျနော်တို့ တော်လှန်ရေးကာလ ၄ နစ်ထဲရောက်ပြီပေါ့နော်။ ကျနော်တို့ ရှောင်ခိုင်းတာကလည်း အဓိကပြည်သူတွေ အထိအခိုက်နည်းဖို့ပါပဲ။ တိုက်ပွဲဖြစ်မှ ရှောင်မယ်ဆိုရင် အများကြီး ထိခိုက်နှစ်နာမှုတွေ ဖြစ်လာနိုင်တယ်။”လို့ ဘောလခဲ PDF ဒုတပ်ရင်းမှူး ကိုကျော်သူ ကပြောပါတယ်။
စစ်ကောင်စီဘက်က ရဟတ်ယဉ်နဲ့ စစ်အင်အားတွေ ရိက္ခာတွေ ဖြည့်တင်းနေပြီး ရှေ့ဆက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ သူကအခုလိုဆက် ပြောပါတယ်။
“ဘောလခဲမှာ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်။ စစ်ကောင်စီဘက်ကလည်း ပြင်ဆင်မှုတွေ ရှိနေတယ်။ ရဟတ်ယဉ်နဲ့ ရိက္ခာ စုဆောင်းတာတွေ စစ်အင်အားတွေ ချနေတဲ့ အနေအထားမှာ ရှိတယ်။ အဲ့ကြောင့် ရှေ့ဆက်ပြီးတော့ တိုက်ပွဲတွေက ပြင်းထန်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်”လို့ ဘောလခဲ PDF ဒုတပ်ရင်းမှုး ကျော်သူက ပြောပါတယ်။
ပြောင်းရွေ့ဖို့အတွက် သတ်မှတ်ပေးထားတဲ့ အချိန် ၁၀ ရက်အတွင်း ရွေ့ပြောင်းနေထိုင်တာမရှိရင် တော်လှန်ရေး တပ်ပေါင်းစု အနေနဲ့ တာ၀န်ယူ ဖြေရှင်းပေးမှာ မဟုတ်ကြောင်းနဲ့ Non CDM ၀န်ထမ်းတွေ၊ စစ်မှုထမ်းဟောင်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်မှုမှာ မပါဝင်ကြဖို့ ကိုလည်း နှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နန်ဝါရီလ (၃၁)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားတာ မရှိပဲ ကရင်နီပြည် ဘောလခဲ၊ ချိကွဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။