spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

KSPဖွဲ့စည်းပြီး တစ်နှစ်အတွင်း ကရင်နီပြည်တွင်းက အမှုပေါင်း (၂၃၅) မှုကို ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့

ကန္တာရဝတီတိုင်း( မ် )

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲဌာန ( KSP ) မှ တစ်နှစ်အတွင်း ကရင်နီပြည်တွင်းက အမှုပေါင်း (၂၃၅)မှုကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ KSP က ဒီကနေ့( ဩဂုတ်လ ၂၅ ရက်နေ့ )မှာ တစ်နှစ်ပြည့် ပြည်သူများထံသို့အစီရင်ခံစာထုတ်ပြန်ချက်အရ သိရပါတယ်။

ပြစ်ဒဏ်တွေအပေါ်မူတည်ပြီးတော့မှ ရပ်ရွာထဲက လူတွေအားလုံး ဝိုင်ဝန်းဖြေရှင်ပေးတဲ့ ဂျူရီစနစ်နဲ့ ဒေသန္တရဥပဒေကို အသုံးပြုပြီး ဖြေရှင်းသွားတယ်လို့ KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

“တစ်ခါတလေကျရင် ဒီမူးယစ်ရမ်းကားမှုတွေဆိုရင်လည်း သူတို့ရဲ့အမှုအပေါ်မူတည်ပြီးတော့မှ ဒီပြစ်ဒဏ်တစ်ည တစ်ပတ် အဲ့ဒီလိုမျိုး ကျတာတွေရှိတယ်။ မူးယစ်မှုမှာလည်း မိတဲ့မူးယစ်ဆေးဝါးအပေါ်မူတည်ပြီးတော့မှ ပြစ်ဒဏ်အကြီးအငယ်ကွာတယ်။ အဲ့ဒီလိုပဲ မုဒိန်းမှုဆိုရင်တော့ ပြစ်ဒဏ်ကြီးမယ်။ ခိုးမှုဆိုရင်လည်း သူတို့ ခိုးတဲ့ ပစ္စည်းအပေါ် မူတည်ပြီးတော့မှ ပြစ်ဒဏ်အနည်းအများ ကွာတာမျိုးတွေ ရှိတယ်ပေါ့နော။” လို့ ကိုဘိုဘိုက ပြောပါတယ်။

စစ်ကောင်စီ သတင်းပေးမှု ( ၁၃ ) မှု၊ စစ်ကောင်စီ အားပေးမှု ( ၇၆ ) မှု၊ မူးယစ်ဆေးဝါးမှု ( ၃၁ ) မှု၊ မုဒိမ်းမှု ( ၁ ) မှု၊ ခိုးမှု ( ၁၁ ) မှု၊ Non-CDM ( ၄၃ ) ဦး၊ တပ်ပြေး ( ၁၃ )ဦး၊ ရဲပြေး ( ၄ ) ဦး၊ မူးယစ်ရမ်းကား ( ၂၇ ) ဦး၊ အိမ်တွင်းအကြမ်းဖက်မှု ( ၈ )မှု၊ စစ်သုံ့ပန်း ( ၈ )ဦး တို့ကို အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့တွေမှာလည်း အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာရှိပြီး လက်ရှိအချိန်အထိ အကျဉ်းသား ( ၆၀ ) ဦးကို လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

KSP ဖွဲ့စည်းပြီး တစ်နှစ်ကာလအတွင်းမှာလည်း စိုးမိုးနယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် ရဲစခန်း ( ၇ )ခုနဲ့ လုံခြုံရေးရဲကင်း ( ၂ )ခုကို ဖွင့်လှစ်ထားရှိပြီဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိကရင်နီပြည်မှာ တရားဥပဒေစိုးမိုးမှု အားနည်းလာပြီး စစ်ကောင်စီရဲ့ တရားဥပဒေကို လူထုတွေအနေနဲ့ ယုံကြည်မှု အားနည်းနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img