ကန္တာရဝတီတိုင်း ( မ် )
၂၀၂၅ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင် ၊ အချုပ်ထောင် အသီးသီးက လွတ်ငြိမ်းခွင့်ရတဲ့ထဲ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ မပါဝင်ဘူးလို့ သိရပါတယ်။
လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်မရသလို ကျန်တဲ့အမှုတချို့ထဲက ပြစ်ဒဏ်ရဲ့ ၆ပုံ၁ပုံ သက်သာခွင့်ရတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“ လွိုင်ကော်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကတော့ အခုထိ မကြားမိသေးဘူး လွှတ်တာမပါဘူး။ လွိုင်ကော်ထောင်မှာ ကျန်ခဲ့တဲ့သူတွေက လွတ်ငြိမ်းခွင့်ပေးတဲ့စာရင်းထဲ မပါဘူး။ ပြောရမယ်ဆိုရင် အမှုတွေမပါဘူး ပြစ်ဒဏ်ပေါ့လျော့တာပဲပါလိမ့်မယ်။ ဥပမာ – နိုင်ငံရေး အကျဉ်းသားထဲမှာဆိုရင် တစ်သက်တစ်ကျွန်းချထားတဲ့သူတွေရှိတယ် နှစ်အကန့်အသတ်ချထားတဲ့သူတွေရှိတယ်။ အဲ့ဒီသူတွေကတော့ ပြစ်ဒဏ်လျော့ပေါ့တာမျိုးပါတာပေါ့နော။”လို့ KPPA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် ၊ အချုပ်ထောင် အသီးသီးက အကျဉ်းသားပေါင်း ၅၈၆၄ဦး ကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။ ထောင်ဒဏ်တစ်သက် ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ်တသက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်များအက်ဥပဒေ၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ စတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေကလွဲပြီး အခြားသော အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လျှော့လိုက်တယ်လို့လည်း ဆိုထားပါတယ်။
လွိုင်ကော်အကျဉ်းထောင်ထဲမှာ ကျန်ရှိတဲ့ အကျဉ်းသားပေါင်း ၄၀၀ ကျော်ရှိပြီး အဲ့ဒီထဲ နိုင်ငံရေးအကျဉ်းသား (၁၂၀) ကျော် ရှိပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကျခံရသူတွေ အများဆုံးရှိနေတာကြောင့် ပြစ်ဒဏ်သက်သာလျော့ပေါ့ခွင့်သာ ရရှိတယ်လို့ KPPA တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်ချက်ရှိနေပြီး ထောင်ဝင်စာပို့ခွင့်လည်း မရရှိသေးဘူးလို့ ဆိုပါတယ်။
“လွိုင်ကော်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသူ ၊ အကျဉ်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့် အခွင့်အရေးတွေကို လေးစားရမယ်။ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်လုံလောက်မှုအတွက် လွိုင်ကော်အကျဉ်းထောင်အနေနဲ့ တာဝန်ခံရမယ်။ ဒါတွေ မလုံလောက်လို့ရှိရင် အသက်အန္တရာယ်နဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လို့ရှိရင် လွိုင်ကော်ထောင်အနေနဲ့ တာဝန်ခံရမှာပေါ့နော။ ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအပါအဝင် အကျဉ်းသူ၊ အကျဉ်းသားတွေအားလုံးရဲ့ လူ့အခွင့်အရေး အခြေခံရပိုင်ခွင့်တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ လိုအပ်တယ်လို့တော့ တောင်းဆိုချင်တယ်။” လို့ KPPA တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ လွိုင်ကော်အကျဉ်းထောင်အပါအဝင် ပုသိမ်အကျဉ်းထောင် ၊ ကော့သောင်းအကျဉ်းထောင် ၊ ညောင်ဦးအကျဉ်းထောင် ၊ ဂန့်ဂေါအချုပ်၊ ဗန်းမော်အကျဉ်းထောင် စတဲ့ အကျဉ်းထောင် ၆ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်မရဘူးလို့ ဆိုထားပါတယ်။
လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသား ၅၈၆၄ အနက် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဝန်းကျင် ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ စာရင်းအရ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင် ၂၄ ခုမှာလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၁၁)ဦးသာ ရှိသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။