ကန္တာရဝတီတိုင်း (မ်)
ယမန်နေ့ (မေလ ၈ ရက်) က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်မှာ ငါးဖမ်းနေတဲ့ အရပ်သားတွေကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
” ဖြစ်ချင်တော့ သူတို့က ငါးမြှားမလို့ ကန်ဘောင်ဘေးမှာ ကျွတ် ထိုးနေတာ။ ထိုးနေတဲ့ချိန်မှာ ကွက်တိကျတယ်။ စစ်တပ်ရဲ့ဒရုန်း လာတယ်။ လာပြီး လက်နက်ကြီး ဆက်တိုက် ထုလာတယ်ပေါ့နော။ အဲ့လို ထရင်းနဲ့ တန်းကျတယ်။ ကန်ဘောင်ရဲ့ ပလက်ဖောင်းတောင့်က အုတ်မှာ ကွက်တိကျတော့ သူတို့ကို ထိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
နေ့လည် ၁၂ နာရီ၀န်းကျင်မှာ ငါးဖမ်းဖို့ပြင်နေတဲ့ အမျိုးသား ၅ ဦးကို စစ်ကောင်စီက ဒရုန်းနဲ့ အရင်ထောက်လှမ်းပြီးနောက် လက်နက်ကြီး ၈ လုံးတွဲကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ၈လုံးတွဲ ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ငါးဖမ်းဖို့ ပြင်နေတဲ့ အမျိုးသားနှစ်ဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေကတော့ ဒီးမော့ဆို၊ မြို့မရပ်ကွက်က အသက် ၃၉ နှစ် ၀န်းကျင် အမျိုးသားတစ်ဦး နဲ့ ဒေါငံခါး ကျေးရွာက အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။ သေဆုံးသူနှစ်ဦးလုံးဟာ လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ငွေတောင်ဆည်အနီးမှာ ငါးဖမ်းနေကြတဲ့သူတွေကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးပစ်ခတ်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းက မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအများစုကို စစ်ကောင်စီက ၁ နှစ်ကျော်ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် လက်ရှိမှာတော့ တပ်ဆုတ်သွားတာ ၇လ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒေသခံအများစုကတော့ မိမိတို့နေအိမ်ကို သန့်ရှင်းရေးပြုလုပ်တာရှိသလို သွားလာလှုပ်ရှားနေကြပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေတာဖြစ်ပါတယ်။