spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေပြီး အကူအညီပေးဖို့ တောင်းခံ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို ကြုံတွေ့နေရပြီး စစ်ရှောင်လူထုတွေက အလုအယက် ရေခပ်ယူနေကြရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ယခု ဖေဖော်ဝါရီလ ပထမအပတ်မှာပဲ သောက်သုံးရေအရင်းအမြစ်တွေ ခမ်းခြောက်လာပြီး မနက်စောပိုင်း ၄နာရီကျော်အချိန်မှာ သွားရောက်ခပ်ယူနေကြရတယ်လို့လည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အသွားအပြန် ၂ နာရီခွဲ ၃ နာရီလောက်ကြာတယ်၊ အဝတ်ဘာညာလျှော်ရင်တော့ နေ့တစ်ပိုင်းလောက် ကြာသွားတာပေါ့။ ရေသွားခပ်ရင် မနက် ၃ နာရီ၊ ၄ နာရီလောက်သွားမှ ရေခပ်ရတာ၊ ၅ နာရီလောက်သွားရင် ရေမရှိတော့ဘူး၊ ရေကုန်နေပြီ။”လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မိသားစုအတွက် လိုအပ်တဲ့ သောက်သုံးရေရဖို့အတွက် ရေအရင်းအမြစ်ရှိရာကို ခြေလျင်နဲ့ သွားရောက်ခပ်ယူကြရပြီး လုံခြုံရေးအရ စိုးရိမ်မှုရှိကြတယ်လို့လည်း ဆိုပါတယ်။

“လမ်းမှာဆိုရင် ၄ ကြိမ်အထိလောက် နားရတယ်၊ ဆက်တိုက်သွားလို့လည်း မရဘူး။ အရမ်းပင်ပန်းတယ်၊ ကလေးတွေပါရင် ၃ နာရီကျော်လောက်ကြာတယ်။” လို့ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

အဆိုပါ ခိုလျေဆို (ဘူးခူ) စစ်ရှောင်တွေ သွားရောက်ခပ်ယူနေတဲ့ ရေထွက်ပေါက်မှာ နွေရာသီရောက်ရှိလာပြီမို့ ရေထွက်နည်းပြီး ဒေသခံအပြင် စစ်ဘေးရှောင်တွေ စုပေါင်းအသုံးပြုနေရတာကြောင့် မကြာခင်မှာ သောက်သုံးရေ ပြဿနာကို ရင်ဆိုင်ရနိုင်တယ်လို့လည်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“နွေရောက်တာနဲ့ ရေပြဿနာ တစ်ခုရှိနေတယ်၊ ရေထွက်ပေါက်ရှိပေမယ့် တစ်ရွာလုံးသုံးလို့ မလုံလောက်တော့ဘူး အပြိုင်အဆိုင်နဲ့ပေါ့။ မနက် ၂ နာရီ ၃ နာရီ ကတည်းက ရေစုပြီးတော့ ခပ်ရတာပေါ့။ အရင်နှစ်က နန်းဖဲထိ သွားခပ်ရတယ် လုံခြုံရေးလဲ မရှိတော့ စစ်ကြောင်းထိုးပြီးကာလဖြစ်တော့ မလုံခြုံဘူးပေါ့။ သွားခပ်ပြီး သယ်လာတော့လည်း ရလာတဲ့ ရေကလည်း ပမာဏက နည်းတယ် အိမ်ခြေကများတော့ တစ်အိမ် တစ်ပုံး၊ နှစ်ပုံးလောက်ပဲ ပြန်ရတယ်။ အဲ့ဒါကြောင့် စိန်ခေါ်မှူရှိလာတယ်။”လို့ အဆိုပါ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖရူဆိုအရှေ့ခြမ်းက ကျေးရွာ အများစုဟာ နွေရာသီရောက်ရှိတိုင်း ကြည်လင်တဲ့ သောက်သုံးရေထက် မသန့်ရှင်းတဲ့ရေ (ရေနီ)ကိုသာ အသုံးပြုကြရပါတယ်။

အဆိုပါ ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာတော့ အိမ်ခြေ ၅၂ အိမ် ရှိပြီး၊ လူဦးရေ ၂၀၀ ကျော်ရှိပါတယ်။ ရေအရင်းအမြစ်မရှိတဲ့ မြေနီ ဒေသဖြစ်တာကြောင့်လည်း နှစ်စဉ် နွေရာသီမှာ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပါတယ်။

spot_img
spot_img
spot_img

Recent posts