spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

ဆိုမိုဖေစိုးလေးမြို့နယ်(ရှားတော)ကို စားသောက်ကုန်ရောက်ရှိဖို့ ကုန်းလမ်း၊ ရေလမ်း အဆင့်ဆင့် သယ်ယူနေရ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်မှာ စက်တင်ဘာလအတွင်းက နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ဆိုမိုဖေစိုးလေးမြို့နယ် ( တနည်းအားဖြင့် ရှားတောမြို့နယ်) အတွင်းက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ စားသောက်ကုန်တွေ ရရှိဖို့ ကုန်လမ်း ၊ ရေလမ်းအဆင့်ဆင့် သယ်ယူနေရတယ်လို့ သိရပါတယ်။

“လွိုင်ကော်ဖက်ကနေ ကားနဲ့တင်တယ်ပေါ့။ ကားကနေပြီးတော့ ဒီဖက်ကိုရောက်ဖို့အတွက်ဆို လှေနဲ့တစ်ခါပြန်တင်ရတယ်။ လှေကနေပြီးတော့မှ သူတို့ဆိုင်တွေရောက်ဖို့အတွက် ရွာတွေထဲရောက်ဖို့အတွက် ကားနဲ့တခါပြန်တင်ရတယ်ပေါ့နော်။ ကုန်က တစ်ဆင့်ပြီးတစ်ဆင့်သယ်ရတော့ တစ်ခါတစ်လေ လိုချင်တဲ့ ပစွည်းတွေ ပြတ်သွားမျိုးတွေရှိတယ်။” လို့ ကုန်အဆင့်ဆင့် သယ်ယူနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးက ပြောပါတယ်။

စားသောက်ကုန်နဲ့ စားနပ်ရိက္ခာတွေ စစ်ရှောင်နဲ့ ‌ဒေသခံပြည်သူတွေဆီကို ရောက်ရှိဖို့ ကုန်းလမ်း၊ ရေလမ်းအဆင့်ဆင့်သယ်ယူကြရတာဖြစ်ပါတယ်။ လမ်းခရီးခက်ခဲတာကြောင့် သယ်ယူပို့ဆောင်ခ ဈေးများတဲ့အတွက် အခြေခံစားသောက်ကုန်တချို့ ဈေးနှုန်းမြင့်တက်တာရှိပြီး ပြတ်လပ်မှုတွေလည်း ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။

မိုးရာသီကာလမှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာတာဖြစ်ပြီး တောတောင်ထဲ စစ်ရှောင်နေကြတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံတွေအတွက် ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေ ရရှိဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေအပြင် ဆိုမိုဖေစိုးလေး ( ရှားတော) မြို့နယ်ကို ဝင်လာတဲ့ လမ်းကြောင်းတွေ ပိတ်နေတာကြောင့် အခြေခံစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

“ဆန်တွေဆီတွေအမြဲတမ်းဝယ်စားနေရတဲ့ အိမ်ခြေအတွက်တော့ အခက်ခဲဖြစ်မှာပေါ့။ ဘာလို့လဲဆို ဒီဖက်မှာက လမ်းကလည်းပိတ်ထားတယ် ‌ရေကလည်းကြီးနေတဲ့အတွက်ကြောင့် ကျမတို့ စားနပ်ရိက္ခာသယ်ဖို့ အဆင်မပြေတော့ဘူးပေါ့။” လို့ စစ်ရှောင်အမျိုးသမီးက ဆိုပါတယ်။

အဆိုပါကုန်သယ်ယူနေရတဲ့ လမ်းကြောင်းဟာ လွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ စစ်ရှောင်နဲ့ရေဘေးသင့်နေတဲ့ပြည်သူတွေဆီကို အဓိကစီးဆင်းနေတဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက စစ်ရေးအခြေအနေတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာလည်း ရိက္ခာသယ်ယူပို့ဆောင်လို့မရတာကြောင့် ရိက္ခာခြောက်တွေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ရှားတောဒေသခံတွေဟာ စားဝတ်နေရေးအတွက် နှမ်းကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပြီး နှမ်းရောင်းရငွေနဲ့ မီးဖိုချောင်အသုံးစရိတ်ကို ဖြေရှင်းနေကြတာဖြစ်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နှမ်းခင်းဧက ၁၀၀၀ နီးပါး ပျက်စီးခဲ့တာကြောင့် ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts