spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတွေ သွားလာရခက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့ နယ်စပ်က ကျေးရွာတချို့တွေမှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ သွားလာရေးအခက်ခဲရှိပြီး ဒေသခံတချို့ ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါနယ်စပ်ဖက်မှာ နှစ်ဖက်တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် သွားလာရေး အခက်အခဲဖြစ်တယ်လို့ ဖယ်ခုံ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“လမ်းတွေတော့ပိတ်ထားတာပေါ့။ အရမ်းတော့ ဒုက္ခရောက်တာပေါ့။ လမ်းသွားလို့မရတော့ဘူး။ ဒီပင်လောင်းနဲ့ ဖယ်ခုံ အရင်က ချယ်ရီကုန်းတို့ပြန်ရင် အဲ့ဖက်လမ်းကနေပဲ ဖြတ်ပြန်ရတာလေနော် အဲ့လိုကြရင် တအားစစ်ဆေးကြမ်းတယ်။ ပေးမသွားဘူးပေါ့။” ဖယ်ခုံ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် အသွားအလာလုပ်လို့မရပဲ အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ အဆိုပါအမျိုးသမီး ကပြောပါတယ်။

အဆိုပါဒေသမှာ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်လာတာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ကျော်ရှိနေပြီလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာအနီးအနားက ဒေသခံတွေဟာ ယခင်ကတည်းက စစ်ရှောင်နေကြတာဖြစ်ပြီး ကျေးရွာအတွင်း ပြန်လာနေထိုင်သူအနည်းငယ် ရှိတယ်လို့ သိရပါတယ်။

“ဟုတ်တယ် နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်။ အဲ့ဖက်မှာဖြစ်နေတယ်လို့ကြားတယ်။ နမ့်ဖာမူ တို့ နောင်ဝိုးတို့ အဲ့ဖက်မှာ သူတို့ကတော့ ဖယ်ခုံမြို့နယ်နဲ့ ဆက်စပ်တဲ့ မြို့နယ်နဲ့ အရမ်းနီးစပ်တဲ့နေရာလေးတွေပေါ့။ အဲ့ဖက်က ရွာသားတော့ ရှိမယ်ထင်တယ်။ ရှိတော့ရှိနိုင်တယ်။ အရင်က ရှောင်ထားတော့ ပြန်လာပြီလား မပြန်လာသေးဘူးလားတော့ ကျနော်မသိဘူးဖြစ်နေတယ်။ အရင်က အဲ့တကြောတော့ စစ်ရှောင်သွားကြတယ်။”လို့ စစ်ရှောင်ကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပင်လောင်း-ဖယ်ခုံမြို့ နယ်စပ်ဖက်မှာရှိတဲ့ ကျေးရွာအများစုဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်ရင်း ရေဘေးရင်ဆိုင်ရသူတွေရှိသလို ကျေးရွာအတွင်း ပြန်လာနေထိုင်ရင်း လက်ရှိမှာ တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်နေကြရသူလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts