spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

လက်လှမ်းမီတဲ့တရားစီရင်ရေး ဖြစ်လာစေချင်သူ (သို့မဟုတ်) “ဂျွန်”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ ဒီပြည်နယ်မှာကျမတို့ တရားမျှတတဲ့ဖက်က နေထိုင်နိုင်ဖို့အတွက်က တရားစီရင်ရေး မဏ္ဍိုင်ဟာအရေးကြီးဆုံးကျတဲ့ နေရာဖြစ်တယ်။ ဆိုတဲ့ခါကျတော့ ကျမကဒီနေရာမှာ ပြန်လည်တာဝန်ယူရတာကတော့ ကိုယ့်ကိုယ်ကိုဂုဏ်ယူတယ်”

အထက်ပါစကားကို ပြောလာသူကတော့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး “ဂျွန်” ပဲဖြစ်ပါတယ်။

လက်ရှိသူမဟာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကရင်နီပြည်တရားရုံးချုပ်မှာ ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူထားသူပါ။ တရားရုံးချုပ် ညွှန်ကြားရေးမှူးတဦးရဲ့ လုပ်ငန်းတာဝန်ဟာ တရားရေးမှာ ဆောင်ရွက်မယ့် အမှုစစ်ကိစ္စအဝဝတွေကို ဦးဆောင်ဦးရွက်ပြုရတာဖြစ်ပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့ကြား ပေါင်းကူးသဖွယ် ဆက်သွယ်ပေးရတဲ့ တာဝန်ကို လည်း ဆောင်ရွက်ရတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ “ဂျွန်” တယောက် ကရင်နီပြည်တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်တာ တနှစ်ကျော် ရှိနေပါပြီ။ ပုံမှန်နေ့တွေမှာ မနက်ခင်းရုံးတက် ညနေရုံးဆင်းပြီး နိစ္စဓူဝလုပ်ငန်းတာဝန်ကို ထမ်းဆောင်ရင်း တနေ့တာကိုကုန်ဆုံးပေမဲ့၊ ဝေးလံခေါင်ဖျားဒေသက တရားရုံးတွေရှိတဲ့ နေရာတွေကို သွားတဲ့အချိန်မှာတော့ “ဂျွန်”ဟာ အမျိုးသားတွေနည်းတူ ညအိပ်ညနေ ခရီးသွားရတတ်ပါတယ်။

အာဏာမသိမ်းခင်အထိ “ဂျွန်” ဟာ လွိုင်ကော်မြို့မှာရှိတဲ့ ပြည်နယ်တရားရုံး၊ တရားခွင်မှာ အစိုးရ ဝန်ထမ်းအဖြစ် အကြီးတန်း စာရေးရာထူးနဲ့ နှစ် ၂၀ လုံးလုံး လုပ်လာခဲ့သူပါ။ ဒါကြောင့်လည်း လက်ရှိ တာဝန်ထမ်းဆောင်တဲ့အခါမှာ သူမအတွက်တော့ အစစအရာရာ မခက်ခဲနေတော့ပါဘူး။

“ယခင်ကရှိနှင့်နေပြီးသား ပုံမှန်အလုပ်ဘဲပြောရမှာပေါ့။ တရားစီရင်တဲ့ လုပ်ငန်းကို ကျမက လုပ်လာခဲ့တာ နှစ်ပေါင်း ၂၀ ဆိုတော့ နေ့စဉ်ဘဝ လုပ်နေကျအလုပ်လည်းဖြစ်တယ်။ ကျမရဲ့ ကျွမ်းကျင်တဲ့ အလုပ်တခုလည်းဖြစ်တယ်ပေါ့” လို့ ဂျွန် က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် “ဂျွန်” ဟာ CDM ကို အစောဆုံးပြုလုပ်ခဲ့သလို၊ လမ်းပေါ်ထွက်ဆန္ဒပြတဲ့အခါမှာလည်း သူမကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ တခြားသောဌာနတွေထက် CDM ပါဝင်မှုနည်းနေတဲ့ တရားရေးဌာနမှာ “ဂျွန်” တယောက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မျက်စိစပါးမွေးစူးစရာ ဖြစ်လာပါတော့တယ်။

အဖမ်းအဆီးကိုရှောင်တိမ်းရင် ၂၀၂၁ ခုနှစ် မတ်လပိုင်းကစလို့ သူမရဲ့လွိုင်ကော်မြို့ပေါ်က အိမ် နဲ့ မိသားစုကို စွန့်ခွာခဲ့ပါတယ်။ “အဲဒီအချိန်ကစလို့ အခုချိန်ထိ အိမ်တခါမှ မပြန်ရတော့ဘူး” လို့ “ဂျွန်” ကပြော ပါတယ်။ ဒါတွေအပြင် မိသားစုဝင်တွေနဲ့ ခွဲခွာပြီး နေထိုင်ခဲ့ရပါတယ်။

“လေးနှစ်တာအတွင်းမှာ မိသားစုနဲ့ ဘယ်လိုဆုံဆည်းရမလဲ။ ငါ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ငါဘာတွေ ထပ်လုပ်ရမလဲဆိုပြီးတော့ မိသားစုအတွက် စဉ်စားရတဲ့ အနေအထားဖြစ်လာတယ်ပေါ့။ ဆိုတော့ ဒီမိသားစုတွေကလည်း အတူတကွ နေထိုင်ဖို့ဆိုတာက လူတိုင်းလိုချင်နေတဲ့အရာ ဖြစ်တယ်လေးနော်။ ကိုယ်တိုင်လည်း ရွေးချယ်ခဲ့တဲ့လမ်းကိုလည်းအဆုံးထိလျှောက်ရမှာဘဲ” လို့ ဂျွန်က ပြောပါတယ်။

“ဂျွန်” ဟာ အိမ်ထောင်ရှင်အမျိုးသမီးတဦးဖြစ်ပြီး ခင်ပွန်းသည်အပါအဝင် သားသမီးသုံးဦး၊ စုစုပေါင်း မိသားစုဝင် ငါးဦးရှိပါတယ်။ သူမရဲ့သားသမီးတွေဟာ ပညာသင်တဲ့အရွယ်ဖြစ်တာကြောင့် ပညာဆက်လက်သင်ယူနိုင်ဖို့ သူမနဲ့ အဝေးတနေရာမှာရှိတဲ့ မိဘတွေဆီကို အပ်ထားရတာပါ။

လက်ရှိ “ဂျွန်” ဟာ သူမခင်ပွန်းနဲ့အတူ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတနေရာမှာ နေထိုင်နေပြီး၊ သူမရဲ့ အားလပ်ရက်တွေမှာမှ သားသမီးတွေကို အွန်လိုင်းကနေပဲ တွေ့ခွင့်ရပါတယ်။ “သားသမီးတွေကို အဝေးကနေလွမ်းတာက မိခင်တယောက်အနေနဲ့ ကြီးမားတဲ့သောကတခုဖြစ်ပေမဲ့ တခြားပိုခက်ခဲ တဲ့သူတွေလောက်တော့ မပြောပလောက်ဘူး” လို့ သူမက ပြောပါတယ်။

“တစ်” ကနေ ပြန်စရတဲ့ အခုလိုကြားကာလမှာ ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်တဲ့ အခါမှာလည်း စိန်ခေါ်မှုများစွာရှိနေပါတယ်။

“စိန်ခေါ်မှုအရမ်းကြီးမားတယ်။ ကျမတို့မှာ ဘာမှမရှိတာကနေ အစကနေပြန်စရတဲ့ အနေအထား ဖြစ်တယ်။ ဒီပြည်နယ်အနေနဲ့ တရားရုံးဆိုတာဘာလဲ၊ တရားရုံးက ဘယ်နေရာမှာလဲ၊ ဆိုတာကိုလည်း အတိအကျ စတင်ထူထောင်ခဲ့တဲ့ နေရာမလို့ပေါ့နော်။ ကျမတို့က ရှေ့လုပ်ငန်းစဉ်တွေလည်း အများကြီးရေးဆွဲထားရတယ် ။ စားပွဲခုံပေါ်မှာအကြာကြီး တတ်နိုင်တဲ့ဖက်က စာအုပ်စာပေတွေ ကြားမှာ ပညာရှင်တွေနဲ့စုပေါင်းပြီး တည်ထောင်ခဲ့ရတယ်ဆိုတဲ့ အနေအထားပေါ့ ” လို့ “ဂျွန်” ကပြောပါတယ်။

လက်ရှိသူမရဲ့ အလုပ်ဟာ သူမနဲ့ကိုက်ညီမှုရှိသလို တဖက်မှာလည်း “တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်မှာ အကောင်းဆုံးဖြစ်ရမယ်” ဆိုတဲ့စိတ်တခုတည်းနဲ့ ရှေ့ဆက်နေတယ်လို့ ဆိုပါတယ်။

“အရမ်းပျော်လားလို့ မေးရင်တော့ ကျမကအလုပ်လုပ်ရတာကို ပျော်နေတဲ့လူမျိုးပေါ့နော်။ အဲ့လိုလူထဲ မှာပါတဲ့အတွက်ကြောင့်မို့လို့ ကျမပျော်ရပါတယ်။ အခုအသိုင်းအဝိုင်းအသစ်လို့ဘဲ ပြောရမလား။ အခု ကရင်နီပြည်မှာ နှစ်ပေါင်း တော်တော်ကြာ တွဲလုပ်ဖူးတဲ့ လူတွေနဲ့မဟုတ်ဘဲနဲ့ အခြားလူသစ်တွေနဲ့ လက်တွဲပြီးတော့မှ အလုပ်အတူတူလုပ်ရတယ်။ ကျမတို့မျိုးဆက်သစ် လူငယ်လေးတွေ ကျမသမီး အရွယ်ရှိတဲ့လူတွေကိုလည်း (ကျမရဲ့ပညာတွေမျှဝေပေးတယ်) ရှဲပေးနိုင်တယ်။ ဆိုတော့ကျမက လုပ်ငန်းခွင်မှာ ကျမက(အပြည့်အဝ)ပျော်နေပြီဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ မရောက်ဘူးပေါ့။ ဒါပေမဲ့ အရမ်းနဲ့ကိုယ့်ကိုယ်ကို အားရတယ်ပေါ့” လို့ “ဂျွန်”က ပြောပါတယ်။

ဒါတွေအပြင် “ဂျွန်” ဟာ နှစ် ၂၀ လုံလုံးရရှိခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း သူမရဲ့လုပ်ဖော် ကိုင်ဖက်တွေ၊ လက်အောက်ဝန်ထမ်းတွေကို မျှဝေးပေးနေပါပြီ။ ရှေ့ဆက်ရမယ့် အနာဂတ်မှာလည်း ကရင်နီပြည်မှာ ကောင်းမွန်တဲ့ တရားစီရင်ရေးမဏ္ဍိုင်တခု ဖြစ်ပေါ်လာရမယ်လို့ ပြောဆိုသွားပါတယ်။

“အနာဂတ်မှာ ပြည်သူလက်လှမ်းမီတဲ့ တရားစီရင်ရေး၊ လက်လှမ်းမီတဲ့ တရားရုံးဆိုတာ လူတွေ သိအောင်ပေါ့။ အရင်ကတည်းကတော့ တရားရုံးဆိုတာ ရှိနှင့်နေပြီးသားဖြစ်တယ်။ သို့ပေမဲ့ တရားရုံး ဆိုတာအားလုံးကြောက်တဲ့နေရာ၊ တရားမျှတမှုကိုရှာဖွေတဲ့နေရာ မဟုတ်ဘူးဆိုတဲ့ ကျမတို့ ရှေ့အဆက် ဆက်ကတည်းက လက်ခံထားကြတဲ့ပြည်သူလူထုတွေ ငါတို့ပြည်နယ်က တခြားပြည်နယ်၊ တိုင်းတွေနဲ့ ယှဉ်ရင် ပြည်နယ်ကသေးပေမဲ့ ငါတို့ကစပြီးတော့မှ အကောင်းဆုံးလုပ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်”

spot_img
spot_img
spot_img

Recent posts