spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

“လေလှိုင်းကလာမယ့် “အိမ်ပြန်နိုင်ပြီ ” အသံကို စောင့်မျှော်နားစွင့်နေကြသူများ”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

တနေကုန်ပင်ပန်းနွမ်းနယ်ပြီး တညတာလုံး အိပ်မောကျနေရင်း ကြက်တွန်သံကြားလို့ လန့်နိုးလာတဲ့ မနက်ခင်းလေးမှာ နေကတော့ အတော်လေးကို မြင့်နေပါပြီ။ မိုးလေးကတဖွဲဖွဲနဲ့မို့ အိပ်လို့ကောင်းနေသေးပေမဲ့ ကျနော်နေထိုင်တဲ့ နေရာနဲ့ (၁၀) မိုင်အကွာလောက်မှာ ရှိနေတဲ့ စစ်ရှောင်စခန်းတစ်ခုစီကို ခရီးနှင်ဖို့ လိုအပ်နေပြီဖြစ်တာကြောင့် အိမ်ယာကထ၊ ပြင်ဆင်ပြီး ဆိုင်ကယ်လေးတစီးနဲ့ မိုးအေးအေးလေးထဲမှာ မောင်းနှင်သွားခဲ့ပါတယ်။

လမ်းခရီးက ကြမ်းကြမ်း၊ မိုးကဖွဲဖွဲနဲ့ အဲဒီစစ်ရှောင်စခန်းလေးထဲကို မရောက်ခင် အဝင်ပေါက်နားလေးမှာတင်ပဲ တဲအိမ်လေးထဲက အသက် ၃၅ ဝန်းကျင်အရွယ် စစ်ရှောင်စခန်းကော်မတီ အမျိုးသမီးတစ်ဦးက စခန်းလေးဆီကို ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့ ကျနော့်ကို လှမ်းကြည့်နေတာ အဝေးကနေ မြင်လိုက်ရပါတယ်။

သူမ ကျနော့်ကို ခရီးဦးကြိုဆိုလိုက်ပုံက….

“ဟာ ရေဒီယို ဆရာ လာလာ… အိမ်ထဲကိုဝင်”

ကျနော့်နာမည်ကိုတော့ သူတို့(စစ်ရှောင်စခန်းမှာ နေထိုင်သူများ) မမှတ်မိပေမဲ့၊ သူတို့အတွက် အကျိုးရှိတဲ့ သတင်းအချက်အလက်ရရှိဖို့ ရေဒီယို သွားရောက်ဝေပေးခဲ့ဖူးတဲ့ ကျနော့်ကိုတော့ သူတို့နာမည်ပေးလိုက်တာက “ရေဒီယို ဆရာ”ဆိုတဲ့ နာမည်ပါပဲ။

ယိုင်နဲ့နဲ့ တဲအိမ်ငယ်လေးတလုံးထဲမှာ ကျနော့်ကို ရေနွေးကြမ်းလေးနဲ့ တည်ခင်းဧည့်ခံပါတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး သူမတို့ရဲ့စစ်ရှောင်စခန်းမှာ အခက်အခဲတွေနဲ့၊ ကြုံတွေ့ရတဲ့အကြောင်းတွေကို စကားစမြည်ရင်း ကျနော် ဝေပေးခဲ့တဲ့ ရေဒီယိုက ဘယ်လောက်အထိ အကျိုးရှိကြောင်းကို သူမက အခုလိုမျိုးပဲ ပြန်လည်ပြောပြလာပါတယ်။

“အများကြီးကွာတယ်။ ဘာလို့ဆိုရင် ဒီနိုင်ငံရေး ဖြစ်ပျက်နေတဲ့ဟာကို သိရှိရတယ်ပေါ့နော်။ အရင်တုန်းက ရေဒီယို မရှိတဲ့ အချိန်ဆို ကိုယ် သိချင်တာလည်းမသိဘူး။ အခုကျတော့ ရေဒီယို ရခါကျတော့ ဘယ်နိုင်ငံက ဘာဖြစ်နေလည်း၊ ဒီနိုင်ငံက ဘာဖြစ်နေလည်း ကိုယ်သိရတယ်။ အဲ့လိုမျိုးပေါ့နော်။ တိုးတက်တာပေါ့နော်။ ကိုယ်နားထောင်ရတာ။” လို့ သူမကပြောပါတယ်။

စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူ အမျိုးသမီး ပြောပြနေတဲ့ အဆိုပါ ရေဒီယိုလေး တလုံးကိုတော့ ၂၀၂၄ မေလပိုင်းမှာတုန်းက ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက် ကေးဒူ ဖြစ်တဲ့ ကျနော် ကိုယ်တိုင် သွားရောက်ပြီး အခမဲ့ ပေးဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီစစ်ရှောင်စခန်းတခုတည်းကိုပဲ သတင်းအချက်အလက်တွေ ရရှိဖို့ ရေဒီယိုကို ဝေမျှပေးခဲ့တာ မဟုတ်ပါဘူး။ ကရင်နီပြည် က နေရာအသီးသီးမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတိုင်းနီးပါးကို ကန္တာရဝတီတိုင်း(မ်) က သွားရောက်ပေးဝေခဲ့တာပါ။

နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာတော့ ရေဒီယိုဟာ ပျောက်ဆုံးလုနီးပါး ဖြစ်နေခဲ့ပါပြီ။ သို့ပေမဲ့ ၂၀၂၁ စစ်တပ်အာဏာကို သိမ်းယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကရင်နီပြည်ထဲမှာ ရှိတဲ့ ဖုန်းလိုင်း ၊ အင်တာနက် လိုင်းတွေဟာ စတင်ပြတ်တောက် လာပါတော့တယ်။

စစ်ကိုကြောက်ပြီး တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကရင်နီပြည်က စစ်ရှောင်တွေအတွက်ကတော့ ရေဒီယိုဟာ သူတို့အတွက် အဖော်မွန်ကောင်းလေးတခု ဖြစ်လာပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရှိတဲ့ သူတို့နေထိုင်ရာ စစ်ရှောင်စခန်းတွေမှာတော့ သူတို့ကို မျက်စိပွင့်၊ နားပွင့် ဖြစ်စေခဲ့တဲ့ တခုတည်းသောအရာက ရေဒီယိုလို့ ဆိုရင်လည်းမမှားနိုင်ပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် ရေဒီယိုဟာ အသင့်တော်ဆုံးပါပဲ။

သူတို့ရှိတဲ့ စစ်ရှောင်စခန်းကို သွားတဲ့ လမ်းခရီးရဲ့ ကြမ်းတမ်းပုံကတော့ ကျောက်ခဲ စားသွားရင်တောင် အစာကြေ လောက်ပြီထင်ရဲ့။ မိုးရာသီသွားပြန်တော့လည်း ကားတွန်းနေရတဲ့ အလုပ်ကတခု။ စစ်ရှောင်စခန်းဆီကို သွားတဲ့ လမ်းခရီး ပိုမို ကြမ်းတမ်းလေလေ လာရောက်လှူဒါန်ပေးတဲ့ အလှူရှင်တွေက နည်းပါးလေလေ ဆိုတာကိုတော့ မြင်တွေ့ခဲ့ရပါတယ်။

သို့ပေမဲ့ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကို ဖြတ်ကျော်လာပြီး သူတို့ဆီကို ရောက်သွားတဲ့ အချိန်မှာတော့ ကြိုဆိုလိုက်တဲ့ သူတို့ရဲ့ ရိုးသားဖြူစင်လှတဲ့အပြုံးတွေ၊ အပြစ်ကင်းစင်လှတဲ့ မျက်နှာလေးတွေနဲ့ လှမ်းကြည့်နေကြတဲ့ ကလေးတွေ၊ အဲ့ဒီလို မြင်ကွင်းလေးတွေကိုတော့ ဘယ်မှာမှ ရှာလို့ မရနိုင်တာတော့ အမှန်ပါပဲ။

ဒီလိုနဲ့ နောက်ထပ် စစ်ရှောင်စခန်းတခုကို သွားဖို့ ဆိုင်ကယ်လေးမောင်းရင်း လမ်းခုလတ် တနေရာမှာ ရောက်တော့ သတင်းဖတ်လွင့်နေတဲ့ အသံတခုကို နားထဲကနေ ဖြတ်ကနဲ ဆိုကြားလိုက်ရတယ်။ ဆိုင်ကယ်ပေါ်ကနေ ဘေးကို လှမ်းကြည့်လိုက်တော့စျေးရောင်းရင်း ရေဒီယိုကို အမြင့်တနေရာမှာထားပြီး သတင်းဖွင့်နားထောင်နေသူတဦးကို တွေ့လိုက်ရပါတယ်။ အဲဒီရေဒီယိုမှာကတော့ Kantarawaddy Times မှ အခမဲ့ ဖြန့်ဝေထားသည် ဆိုတဲ့ စာသားလေးကိုပါ လှမ်းမြင်လိုက်ပါတယ်။

ကာလတန်ဖိုးအားဖြင့် ကြည့်မယ်ဆိုရင်တော့ ရေဒီယို တလုံးရဲ့ တန်ဖိုးဟာ သာမာန်ဝင်ငွေရှိတဲ့ လူတွေအတွက် ဘာမှ မပြောပလောက်ပေမဲ့၊ ဝင်ငွေမရှိဘဲ အလှူရှင်တွေကိုသာ မျှော်ကိုးနေကြရတဲ့ စစ်ရှောင်ပြည်သူတွေ အတွက်ကတော့ အဖိုးတန်တဲ့ အရာတခု ဖြစ်တယ်လို့ ဆိုရင် မှားမယ်တော့မထင်ပါဘူး။

ဒါတွေတင် မကသေးပါဘူး၊ ရေဒီယိုကလာတဲ့ ဖျော်ဖြေရေးတွေကို နားထောင်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာခံစားနေရတာတွေကိုလည်း ခေတ္တခဏသာ ရွှင်လန်းစေပြီး ဒုက္ခတွေကို ခေတ္တမေ့ပျောက်နေစေနိုင်ပါတယ်။

နောက်ထပ်စစ်ရှောင်စခန်းတခုမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသား တဦးကတော့ ကန္တာရဝတီတိုင်း(မ်)ကနေ ပေးဝေတဲ့ ရေဒီယိုကို လက်ခံရရှိပြီးနောက်ပိုင်း သူ့အတွက် အကျိုးရှိပုံလေးကို ကျနော့်ကို အခုလို ပြောပြလာပါတယ်။

“အခုလိုမျိုးက အကျိုးရှိတာပေါ့နော်၊ ကိုယ်ကလည်း ရွာတွေဘာတွေ ပြန်ရင် မိုင်းတွေဘာတွေ အခုလိုမျိုး သတိပေးထားတယ်ပေါ့နော်။ ရေဒီယိုကနေ နားထောင်ရင်း သတိပေးထားတာတွေ ရှိတယ်။ မိုင်းတွေ တချို့တွေကျန်တယ်။ တချို့တွေ ပြန်နင်းမိမှာစိုးလို့ သားသမီးတွေကိုလည်း ပြောပြတာပေါနော်။ အဲ့လိုမျိုးတွေ ပြန်ပြောပြတယ်။ အခုလိုမျိုး သတင်းနားထောင်တဲ့အတွက်ကြောင့် အကျိုးလည်း အများကြီး ရှိတာပေါနော်” လို့ အသက် ၅၀ အရွယ်အမျိုးသားတဦးကပြောပါတယ်။

၂၀၂၁ ခုနစ် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ယခု ၂၀၂၄ ခုနစ်အထိ ကရင်နီပြည် အခြေစိုက်သတင်းဌာန တခုဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်)ဟာ ကရင်နီပြည်မှာ ရှိတဲ့ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရေဒီယိုကို (၃)ကြိမ်တိုင်တိုင် အခမဲ့ ပေးဝေခဲ့တာပဲ ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ဒါရိုက်တာဖြစ်တဲ့ ဆရာမာကု က ကရင်နီပြည်ထဲက စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်ကို ရရှိဖို့ ရေဒီယို အလုံးရေပေါင်းများစွာကို ဖြန့်ဝေပေးနိုင်ခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

“စစ်တပ်အာဏာကို သိမ်းယူပြီး နောက်ပိုင်း ကျနော်တို့ ကန္တာရဝတီတိုင်း(မ်)က အနေနဲ့ ကရင်နီပြည်က စစ်ရှောင်တွေအတွက် ရေဒီယို အလုံးရေအားဖြင့် အလုံးပေါင်း (၇၅၀၀) ကိုဖြန့်ဝေပေးနိုင်ခဲ့တယ်။ ကျန်ရှိနေသေးတဲ့ တချို့သော နေရာတွေကို ဆက်လက်ဖြန့်ဝေဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် သတင်းအချက်အလက်တွေကို ရေဒီယိုကနေသာ စားသုံးနားစွင့်နိုင်ကြတာ သာမကဘဲ၊ အထူးသဖြင့် သက်ကြီးပိုင်းတွေရဲ့ ရေဒီယိုလှိုင်းကထုတ်လွင့်လာမယ့် သူတို့အကြားချင်ဆုံး စကားဖြစ်တဲ့ “အိမ်ပြန်နိုင်ပြီ” ဆိုတဲ့ အသံလေးကိုလည်း စောင့်မျှော်နားစွင့်နေကြပါတယ်။

spot_img
spot_img

Recent posts