spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အရပ်သားဝတ်စုံတွေ နဲ့ စစ်ရေးလှုပ်ရှားနေတယ်လို့ ကရင်နီပြည် ၊ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ သူတို့ (စစ်ကောင်စီ) အရပ်ဝတ်နဲ့ပဲနေတာပေါ့ လက်နက်တော့ပါတာပေါ့။ အရှေ့ဘက်ခြမ်းက ၂ နေရာ ၃ နေရာယူထားတယ်လို့ ပြောတယ်။ လူတွေကို မရိုက်မပုတ်ဘူးပေါ့။ လွတ်လွတ်လပ်လပ်တော့ ပေးသွားလာတယ်။ စစ်ရေးအရ လုပ်တာလည်း ပါမှာပေါ့။ နောက်တခုက လွိုင်ကော်မြို့ရဲ့ လုံခြုံရေး ယူတာလည်း ပါတာပေါ့။ “ လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ဇူလိုင်လအတွင်းမှာ လွိုင်ကော် – လောပိတ ကို သွားလာတဲ့ လမ်းမကြီးပေါ်က ကျေးရွာ ၃ ရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး နေရာယူလာတာဖြစ်ပြီး ဒါဟာ လွိုင်ကော်မြို့အဝင် အတွက် လုံခြုံရေး ယူတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ဇရပ်ဖြူ၊ စံပြလေးမိုင်ကျေးရွာမှာရှိနေပြီး လတ်တလောမှာတော့ နှစ်ဖက်ပစ်ခတ်မှုမရှိပေမယ့် ဒေသခံတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

“ တိုက်ပွဲတော့ မဖြစ်သေးဘူး။ မြို့ထဲဘက်တော့ တခါတရံ အသံကြားတယ်။ ရွာတွေဖက်မှာ စစ်ကြောင်းရှိနေတယ်လို့တော့ ကြားတယ်။ ရွာသားတွေတော့ သွားသွားလာလာ နားစွင့်ရတယ်ပေါ့နော။ သွားလာရတာတော့ အဆင်မပြေဘူး။ သွားလည်းမသွားရဲတော့ဘူး။ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ကတော့ လွိုင်ကော်မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ ၁ လေးလုံးစစ်ဆင်ရေးစတင်တဲ့အချိန်ကစပြီး လွိုင်ကော်မြို့နေရာအနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီက လွိုင်ကော်မြို့တွင်းအခြေအနေနဲ့ပတ်သက်ပြီး ဝါဒဖြန့်နေတာကိုလည်း သတိပြုဖို့လိုအပ်ပြီး လုံခြုံရေးကို ဦးစားပေးကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့မှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လ တစ်လအတွင်း အရပ်သားနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီတပ်ကတော့ စစ်ဆင်ရေးတွေမှာ ဒရုန်းအသုံးပြုမှုကိုသာ အဓိက အားထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts