spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ခွဲခြားဆက်ဆံမှုနဲ့ အာဏာရှင်စနစ်ကို တော်လှန်နေသူ “မူစဲ”

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

“အမျိုးသမီးအရေးဆိုပြီးတော့ လက်ကိုင်ပြီးမှ ကြွေးကြော်နေတဲ့ ဒီအမျိုးသမီးဝါဒီလို့ ပြောလို့ရတဲ့ ကျမတို့တွေကို လူတွေက၊ ဒီအမျိုးသားတွေ ခေါင်းဆောင်လို့ပြောတဲ့သူတွေတွေ့ရင် လှောင်ရယ်၊ ခနဲ့သလိုလို၊ လှောင်သလိုလိုပေါ့နော ဒါမျိုးတွေက ဖြစ်နေတယ်။ အခုကျမတို့နဲ့ အတူတူတွဲပြီးတော့ သွားတယ်ဆိုရင် သူတို့တွေက ဘယ်လိုလဲ။ အခုချိန်ထိအလုပ်လုပ်လာတာ အားရကျေနပ်မှု ဘယ် လောက်ရှိလဲ၊ အမျိုးသမီးအရေးအတွက် ပြောမယ်ဆိုလို့ရှိရင် ပြောလို့ရလား အဲလိုမျိုးတွေပေါ့နော ခနဲ့တာမျိုးတွေက ခုချိန်ထိကြုံတွေ့နေရတုန်းပဲ။”

အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ် နှစ်ခုကြာ တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ မူစဲက ပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ အမျိုးသမီးတက်ကြွလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တဦးအဖြစ်ကနေပြီးတော့မှ ကျားမတန်းတူရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် ဖွဲ့စည်းထားတဲ့ ကျေးလက်မြေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်သူပါ။

မူစဲဟာ ကရင်နီပြည်တွင်းက လူထုတွေကို ပညာပေး၊ စည်းရုံးလှုံ့ဆော်ရေး နဲ့ လူမှုကူညီရေးဆိုတဲ့ ကဏ္ဍ သုံး ခုကို အဓိက လုပ်ဆောင်နေပါတယ်။

အောက်ခြေမှာရှိတဲ့ လူထုတွေကို ကိုယ်စားပြုပြီး လူထုအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို မြှင့်တင်စေလိုတဲ့အပြင် ကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတော်တော်များများက တကယ့်ဘားမှမသိတဲ့အရာတွေ အများကြီးရှိနေတယ်ပေါ့လေ။ အဲကြောင့်မို့ ကျမက တကယ့်တကယ်မြေပြင် မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများ အောက်ခြေကို လိုက်သွားတဲ့အခါမှာ ကျမတို့အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိတယ်။ ပြီးတော့မှ ဒီအကြမ်းဖက်မှုတွေ ခံရတာတွေ၊ သူတို့ကိုယ်တိုင်က ဒါငါတို့ကြောင့်၊ ငါတို့ပဲဆိုတဲ့ဟာမျိုးတွေပေါ့နော သူတို့ကိုယ်သူတို့ အပြစ်တင်တာတွေ များနေတယ်” လို့ မြေပြင်မှာ သူမမြင်တွေ့ရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောပြလာပါတယ်။

မူစဲဟာ သူမရဲ့ဘဝသက်တမ်းတဝက်လောက်ကို အမျိုးသမီးအခွင့်အရေးအတွက် နစ်မြုပ်ပြီးကြိုးစား လုပ်ကိုင်လာတာဖြစ်ပါတယ်။

ခွဲခြားဆက်ဆံမှုတွေအတွက်လည်း အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေတဲ့ မူစဲဟာ ငယ်စဥ်ကလည်း ခွဲခြား ဆက်ဆံမှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပါ။

ကယောနဲ့ ကယန်း ကပြားတိုင်းရင်းသူဖြစ်တဲ့ မူစဲဟာ လွိုင်ကော်မြို့ပေါ် ဇာတိဖြစ်ပါတယ်။ မြို့ပေါ်မှာမွေးဖွားကြီးပြင်းလာခဲ့တယ် ဆိုပေမဲ့ ကျား/မ ခွဲခြားဆက်ဆံမှု ကြီးမားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တာလို့ ဆိုပါတယ်။

“သားတွေကို၊ မြေးယောကျာ်းလေးတွေကို မုန့်ဖိုးပေးတယ်ဆိုလို့ရှိရင် ဆယ်ခါမှာ ကိုယ်တခါပဲရတယ်။ သူများ တကျပ်ပေးတယ်ဆို ကိုယ်ကတမတ်ပဲရတယ်။ အဲမျိုးအနေအထားတွေက ခံစားရတော့ ဒါတွေဆိုလို့ရှိရင်လည်း ကျမတို့က ခွဲခြားဆက်ဆံ ခံရမှန်းမသိခဲ့ဘူးလေး။” လို့ သူမငယ်ရွယ်စဉ် ခွဲခြားဆက်ဆံခံခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။

ယောကျ်ားလေး တယောက်သာ ရှိခဲ့တဲ့ မူစဲတို့ မောင်နှမ ခြောက်ယောက်ဟာ ပတ်ဝန်းကျင်ရဲ့ နှိုင်းယှဥ် ကဲ့ရဲ့ မှုတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

သမီး မိန်းကလေးတွေက ပညာသင်ယူစရာမလိုဘူး၊ တခြားဗဟုသုတတွေလည်း လေ့လာစရာမလိုဘူး ဆိုတဲ့ ပတ်ဝန်းကျင်မှာနေခဲ့ရတဲ့ မူစဲတယောက် သူမရဲ့ ငယ်ရွယ်စဉ်မှာ စာအုပ်၊စာပေတွေ ဖတ်တာနဲ့ ရေဒီယိုတွေကို နားထောင်တဲ့အခါတွေမှာဆိုရင် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ခြင်းကိုလည်း ခံခဲ့ရပါတယ်။

ဒါပေမဲ့ သူမ အရွယ်ရောက်တဲ့အချိန်မှာ ကံကောင်းစွာနဲ့ ခွဲခြားဆက်ဆံခံရတဲ့ ပတ်ဝန်းကျင်ကို စွန့်ခွာပြီး ထိုင်း-ကရင်နီနယ်စပ်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ အဲဒီကနေ ပညာရေးကို ဆက်လက် သင်ကြားခွင့်ရရှိသလို တန်းတူအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး စတင်လေ့လာကာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်လာပါတော့တယ်။

၂၀၀၁ ခုနှစ်က မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ မှာ အလုပ်သင် အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အတွင်းရေးမှူး ၁ ရာထူးအထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ BWU ရဲ့အဖွဲ့ဝင်အဖြစ် ပါဝင်နေပါ သေးတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက အမျိုးသမီးအရေး၊ ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့တဲ့ မူစဲဟာ အတန်းပညာတွေကိုလည်း ပြီးဆုံးတဲ့အထိ မလေ့လာနိုင်ဘဲ နယ်စပ်ဒုက္ခသည်စခန်းမှာရှိတဲ့ ပညာရေးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

အလုပ်တွေကိုပဲ ဦးစားပေးခဲ့တာကြောင့် အတန်းပညာ၊ ဘွဲ့ဒီဂရီဆိုတာ အရေးမကြီးခဲ့ဘူးလို့ မူစဲတယောက် ခံယူခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ခွင်မှာ စနစ်တကျ အလုပ်လုပ်နိုင်ဖို့က သူမကို ထောက်ခံပေးမယ့် ပညာရေးအောင်လက်မှတ်လိုအပ် လာခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ သူမလိုချင်တဲ့ ပန်းတိုင်အတွက် ပညာရေးဖက်ကို တဖန် ကြိုးစားလာခဲ့ပါတယ်။

“ကျမတို့ ကိုယ်လေ့လာခဲ့တဲ့ non-formal education ကျမတို့မှာ ကျမတို့အရည်အချင်း ကျမတို့ ဖြည့်တယ်ပေါ့နော။ ဗဟုသုတတွေကော၊ နည်းပညာတွေကော ဖြည့်တယ်ဆို ဒါကျမတို့က ဘယ်သူနဲ့ ယှဉ်ယှဉ် ကျမတို့က ယှဉ်မယ်ပေါ့နော။ ယှဉ်နိုင်မယ်ဆိုတဲ့ ခံယူချက်ရှိတယ်ပေါ့လေး။ ဒါကြောင့် ကျမ တို့ တက္ကသိုလ်ပညာရပ်ကို မသင်ခဲ့ဘူး။ ဒါပေမဲ့ တကယ့်တကယ့် နိုင်ငံရေးအပြောင်းအလဲဖြစ်လာတဲ့ အခါမှာ တက္ကသိုလ်ပညာရေးက အရေးကြီးပါလားဆိုတဲ့ဟာမျိုးတွေနဲ့ ကျမတို့က သတိပြန်ဝင်ရတဲ့ အခါမှာလေး တကယ်တမ်းကလည်း အသက်ကလည်း တော်တော်ကြီးနေပြီပေါ့နော” လို့ သူမ တက္ကသိုယ်ဆက်တက်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

၂၀၁၆ ခုနှစ် သူမ အသက် ၃၄ နှစ်ရှိတဲ့အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Rangsit University International မှာ International Relations and Development Major နဲ့ Bachelor ကို Scholarship နဲ့ တက်ရောက်ခဲ့ပါတယ်။

တက္ကသိုလ်လေးနှစ်တက်ရမယ့်အစား သုံး နှစ်အတွင်းနဲ့ ပြီးအောင် သူမ ကြိုးစားခဲ့ပါတယ်။

ကျောင်းပြီးသွားတဲ့အချိန်မှာ သူမဟာ ကရင်နီပြည်တွင်းက အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြန်လှုပ်ရှားခဲ့ပါတယ်။ အာဏာမသိမ်းခင် အစိုးရပိုင်းတွေမှာလည်း အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေ ရရှိနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ BWU အဖွဲ့မှာ ပြန်လည်ပါဝင်လာခဲ့ပြီးတော့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ခွဲခြားဆက်ဆံမှုတွေအတွက် မူဝါဒတွေ ရရှိရေး ထပ်မံ ကြိုးစားခဲ့သူပါ။

“အခုနောက်ပိုင်းဆိုလို့ရှိရင် ဒီအမျိုးသမီးပါဝင်မှုကိစ္စတွေကော၊ အမျိုးသမီးတွေကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးကိစ္စတွေကိုကော တပ်ပိုင်းဆိုင်ရာက ဒါကိုပြန်ပြီးမှ သတိမူလာကြတယ်။ ဒါတွေကို လည်း သူတို့ ဆက်လက်ပြီးမှ စာရွက်ပေါ်မှာ မူဝါဒအရကော၊ အကောင်အထည်ဖော်ဆောင်ရွက်ရေး မှာကော သူတို့လုပ်ဆောင်သွားဖို့ရှိမယ်လို့ ကျမမျှော်လင့်တယ်။” လို့ ပြောပါတယ်။

အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ မူစဲဟာ လက်ရှိ ကရင်နီပြည်ကြားကာလ၊ ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့ဝင်အဖြစ်လည်း ပါဝင်နေပါတယ်။

“အမျိုးသမီးအရေးအပေါ်မှာ၊ ကျားမတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး အမျိုးသမီးတွေရဲ့ နိုင်ငံရေးကဏ္ဍအဆင့်ဆင့်တိုင်းမှာပေါ့နော အမျိုးသမီးတွေအနည်းဆုံး ၃၀ရာခိုင်နှုန်း ပါဝင်မှုရရှိရေးအတွက်ရယ်၊ အမျိုးသမီးတွေအကြမ်းဖက်မှု အမျိုးမျိုးကနေ အကာအကွယ်ပေးရေးပေါ့နော၊ ပြီးတော့မှ ကြိုတင်ကာကွယ်ရေးတွေ၊ ဥပဒေမူဝါဒတွေ ထွက်လာဖို့ပေါ့နော၊ ကျမက ဒါကိုဖြစ်စေချင်တယ်ပေါ့နော ၊”

အမျိုးမျိုးပြောင်းလဲနေတဲ့ နိုင်ငံရေးရေစီးကြောင်းထဲ မူစဲဟာ အမျိုးသမီးအခွင့်အရေးတွေအတွက် ဘဝကို မြုပ်နှံ လှုပ်ရှားနေခဲ့ပါတယ်။

ရှေ့ဆက်ရမယ့် ဘဝသက်တမ်းတွေမှာလည်း မူစဲ တယောက် အမျိုးသမီးတိုင်း အခွင့်အရေး အပြည့်အဝရရမယ် ဆိုတဲ့ သူမရဲ့ ရည်မှန်းချက်ပြည့်သည်အထိ ရောက်ရှိနိုင်ဖို့ နဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

“ကျမတို့ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်ရေးဖြစ်သလို အမျိုးသမီးအတွက် ကျမတို့ ကိုယ်ကိုယ်တိုင်အတွက် တွန်းလှန်တဲ့ တော်လှန်ရေးဖြစ်တယ်။ ကျမတို့အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ တရားမျှတမှု၊ အမျိုးသမီးတွေရဲ့ အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ကျမတို့ ဆက်လက်ပြီးမှ ယုံကြည်ရာအတွက် ဦးဆောင်ဦးရွက်လုပ်ဆောင်နိုင်ဖို့ တော်လှန်ရေးဖြစ်တဲ့ အတွက်ကြောင့် အားမလျော့ပါနဲ့” လို့ ကရင်နီက အမျိုးသမီးထုတွေကိုလည်း မူစဲတယောက် တိုက်တွန်း ပြောဆိုသွားပါတယ်။

spot_img
spot_img
spot_img

Recent posts