ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်ရှောင်လိုအပ်ချက်တွေအပြင် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေအတွက် တစ်ဖက်တစ်လှမ်းကနေ ကူညီနိုင်ဖို့ ရည်ရွယ်ပြီး စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ (Karenni Hope) ကနေ ပြုလုပ်တဲ့ ကမ်ပိန်းရဲ့ ကာလဟာ ပြီးဆုံးတော့မှာဖြစ်ပေမယ့် ၃၉ ရာခိုင်နှုန်းသာရရှိသေးပြီး ၅၀ ရာခိုင်နှုန်းထိ ပြည့်မှီနိုင်အောင် လူထုတွေအနေနဲ့ ဆက်လက်ပါဝင်ကူညီပေးဖို့ ကမ်ပိန်းတာဝန်ခံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“စစ်ရှောင်ကူညီကယ်ဆယ်ဖို့ လိုအပ်တာတွေ ဖြည့်တင်းဖို့ “ ဆိုတဲ့ကမ်ပိန်းဖြစ်ပြီး ကယ်ဆယ်ရေးကားတစ်စီး ဝယ်ယူနိုင်ဖို့ဖြစ်ပါတယ်။ ကမ်ပိန်းကာလကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ သတ်မှတ်ထားပြီး မျှော်မှန်းငွေ ကျပ်သိန်း ၅၀၀ သတ်မှတ်ထားတာပါ။ ကမ်ပိန်းကာလ ၈ရက်သာ ကျန်ရှိတော့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
“ကျနော်တို့ အခုလုပ်နေတဲ့ကမ်ပိန်းလေးက ၃၉ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။ ကျနော်တို့ကတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းတော့ ပြည့်ချင်ပါတယ်။ ဘာလို့ဆို အရမ်းနည်းနေသေးလို့လေ။ အဲ့ဒါအတွက် ဝိုင်းကူပေးကြဖို့ ပြောချင်ပါတယ်။ “ လို့ ကမ်ပိန်းတာဝန်ခံက ပြောပါတယ်။
အဖွဲ့ကနေ ပုံမှန်ဆောင်ရွက်သွားနေတဲ့ စစ်ရှောင်အရေးကူညီဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ကမ်ပိန်းစတင်ခြင်းဖြစ်သလို လက်ရှိမှာလည်း လာရောက်အကူအညီတောင်းခံတဲ့ စစ်ဘေးရှောင်တွေလည်းရှိနေတာကြောင့် ကမ်ပိန်းကနေ သတ်မှတ်ထားတဲ့ ပမာဏပြည့်မှီဖို့ နိုးဆော်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကမ်ပိန်းကနေရရှိမယ့် ငွေကြေးဟာ ကယ်ဆယ်ရေးကား တစ်စီးရရှိဖို့ အဓိက ရည်ရွယ်ထားတာဖြစ်သလို စစ်ရှောင်တွေရဲ့ လိုအပ်ချက်အတွက်လည်း ပြန်လည် စီးဆင်းသွားမှာဖြစ်တယ်လို့ ကမ်ပိန်းတာဝန်ခံက အခုလိုဆက်ပြောပါတယ်။
“ စစ်ရှောင်တွေကယ်ထုတ်ဖို့ စစ်ရှောင်ရိက္ခာတွေ သယ်ပေးဖို့ ရဲဘော်တွေကို ကျနော်တို့ ကယ်ဆယ်ဖို့အတွက် အဲ့လိုမျိုးတွေ ရဲဘော် ရိက္ခာ သယ်ပို့ဖို့ အတွက် ပြန်လည်အသုံးပြုသွားဖို့ ” လို့ သူကဆိုပါတယ်။
ကမ်ပိန်းမှာ ပါဝင်ကူညီလိုသူအနေနဲ့ Karenni Hope လူမှုကွန်ရက်စာမျက်နှာကနေတဆင့် လာရောက်ချိတ်ဆက်နိုင်တယ်လို့ ကမ်ပိန်းတာဝန်ခံက ဖြည့်စွက်ပြောဆိုထားပါတယ်။