ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဘောလခဲမြို့အနီး၊ မိုင်းထန်နဲ့ ဝမ်မလန်းကြားမှာ စစ်ဆင်ရေးထွက်တဲ့ စစ်ကောင်စီတပ်ရဲ့ ဘောလခဲအခြေစိုက် စစ်ဗျူဟာက တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတချို့ရှိပြိး လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုမှာ တော်လှန်ရေးဖက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဖက်မှာတော့ ထိခိုက်သေဆုံးမှု ခန့်မှန်းခြေ ၁၀ ဦးဝန်းကျင်ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကလေးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ခန့်မှန်းတာက (စစ်ကောင်စီတပ်သား) ၁၀ယောက်လား ၈ယောက်လား ဒီလောက်ပဲထင်တယ်။” ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။
စစ်ဆင်ရေးထွက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ရိက္ခာပို့တာ ဒါမှမဟုတ် တပ်အလှည့်အပြောင်း ပြုလုပ်တာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုထားပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်အလာကို တော်လှန်ရေးတပ်ဖက်က မှိုင်းဆင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“တိုက်ပွဲတော့မဟုတ်ဘူးနော်။ ကျနော်တို့ မိုင်းဂျွှိုင်းတာ ပဒေတာမှိုင်းပေါ့။ ပဒေတာ ဆိုတာက အလုံး ၂၀၊ ၃၀ ရှိတယ်လေ။ အတွဲလိုက်ပေါ့နော်။ အဲ့တာ တိုက်ပါတယ်။”လို့ သူကဆိုပါတယ်။
လက်ရှိ ဘောလခဲမြို့နယ်အတွင်းမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းတွေ မရှိသေးဘူးလို့ သိရပါတယ်။ ဘောလခဲမြို့အတွင်းနဲ့ မြို့အစွန်အဖျားတွေမှာ စစ်ကောင်စီတပ်က နေ့စဉ် ကင်းလှည့်တာတွေ ပြုလုပ်နေသလို မြို့ထဲမှာလည်း ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။