spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့မှာရှိတဲ့ ကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံး၊ အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တမင် ပစ်ခတ်မှုတွေကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ရပြီး အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) က အသိပေးထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဩဂုတ်လ ၆ရက်နေ့မှာ ပစ်ခတ်ခဲ့ပြီး ဆီဆိုင်မြို့ အရှေ့မြောက်ဖက်မှာရှိတဲ့ မီရဲ့ ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူနှစ်ဦးဟာ မီရဲ့ ကျေးရွာထဲကို လာရောက်စစ်ရှောင်နေတဲ့ ထီရီးကျေးရွာက ဆယ်ကျော်သက် အမျိူးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်မြို့ အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ တမင်ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်တယ်လို့ လည်း PNLA က ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၆ရက်နေ့အတွင်းမှာပဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်PNLA၊ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ထားတာရှိပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း PNLA နဲ့ မဟာမိတ်တပ်ဖွဲ့ကနေ စစ်ကောင်စီရဲ့ အလောင်း ၁၀ လောင်း ၊ ဒရုန်း ၁ စင်းနဲ့ လက်နက် ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဟာ ဩဂုတ်လ ၃ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ် အတွင်းမှာရှိတဲ့ ပအိုဝ်းကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ တမင်တကာပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထား သွားလာကြဖို့ကိုလည်း PNLA က တိုက်တွန်းထားပါတယ်။

spot_img
spot_img