spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

စားဝတ်နေရေးအတွက် နှမ်းတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြတာကြောင့် ဈေးကောင်းမရမှာကို ဒေသခံတွေစိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့ နဲ့ ဘောလခဲ နယ်စပ်မှာရှိတဲ့ နန်းဖဲ၊ တော်ခူအုပ်စုကျေးရွာက စစ်ဘေးရှောင်နဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် နှမ်းတစ်မျိုးတည်းကိုသာ အဓိကထား စိုက်ပျိုးကြပြီး ဈေးကောင်းမရမှာကို စိုးရိမ်နေကြပါတယ်။

စစ်ဘေးရှောင်ကြာလာတာနဲ့အမျှ အလှူရှင်ကနေ ထောက်ပံ့ကူညီမှုကလည်း နည်းပါးလာတာကြောင့် စားနပ်ရိက္ခာမပြတ်လပ်အောင် စစ်ရှောင်စခန်းကနေ မိမိတို့ရဲ့တောင်ယာစိုက်ခင်းကို ပြန်လာပြီး နှမ်းစိုက်ပျိုးကြပါတယ်။ နန်းဖဲဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်နေထိုင်လို့မရတာ ၃နှစ်ကျော်ရှိနေပြီလို့ ဆိုပါတယ်။

စားဝတ်နေရေးအတွက် တောင်ယာ ၊ နှမ်းကိုသာ အားထားစိုက်ပျိုးကြပေမယ့် နှမ်းအထွက်နှုန်းမကောင်းမှာ၊ နှမ်းဈေးနှုန်းမကောင်းမှာကိုလည်း စိုးရိမ်နေကြတာပါ။

ဆန်ရရှိဖို့အတွက် အချင်းချင်း ချေးငှားစားကြသလို အခြေခံစားသောက်ကုန်ဝယ်ယူဖို့ နှမ်းရောင်းချပြီးမှ ငွေပေးချေစနစ်နဲ့ ပြုလုပ်လာတာ ၅လ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

“ဒီမှာက ဘယ်လိုဖြေရှင်းလဲဆိုရင် နောက်ဆုံးရှိတဲ့ နှမ်း၊ ဆီကြိတ်ထားတယ်မလား၊ နှမ်းပေါ်ရင်တော့ အချင်းချင်း ချေးစားကြတယ် ဆီ ပေါ့။ ဆန်ကတော့ မရှိဘူးဆိုရင်တော့ ဆန်က အိတ်တဝက်ရောက်ရှိပြီဆိုရင် ဘယ်နေရာမှာရနိုင်လဲ အဲ့ဒီ ရောင်းတဲ့သူနဲ့ပဲ တစ်သိန်းသုံးသောင်းဆိုလည်း ဝယ်စားရတာပဲလေ ပေါင်စရာရှိရင်ပေါင် ရောင်းစရာရှိရင်ရောင်းပေါ့။ “ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးရာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ကုန်စည်စီးဆင်းမှုပြတ်လပ်ခဲ့ပြီး အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန် ပြတ်လပ်ခဲ့ပါတယ်။ ဆန် အစား ပြောင်းကောက် ကို ချက်ပြုတ် စားသောက်ခဲ့ရတယ်လို့ ဒေသခံအမျိုးသမီး ဒေါ်သန်းသန်းညွှန့်က ပြန်ပြောပါတယ်။

“ပြောင်းကောက်ကို ၃ လအထိ စားလိုက်ရတယ်။ ဒီချိန်ပဲ လမ်းပန်းဆက်သွယ်ရေးကြောင့် အလှူရှင်လည်း မရောက်ဘူး။ ပြောင်းကောက်မရှိတဲ့ သူတွေက ဒီတိုင်းပဲပေါ့” လို့ သူက ဆိုပါတယ်။

နှမ်းစိုက်ခင်းဟာ အထွက်နှုန်းကောင်းနေပေမယ့် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးကျရောက်မှု ၊ လေကြောင်းရန် ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက် မှု နဲ့ မိုးများလို့ နှမ်းပျက်စီးမှုရှိမှာကို စိုးရိမ်တယ်လို့ နှမ်းစိုက်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ရိတ်သိမ်းတဲ့အချိန် တိုက်ပွဲဖြစ်ရင် ဒီဟာတွေက ရိတ်ရမလား ထွက်ပြေးရမလား စိုးရိမ်ရတာပေါ့။ ခုတ်ပြီးလို့ မခါရသေးဘဲနဲ့ မိုးရွာလို့ရှိရင် အကြွေးတွေ ဘယ်လိုဆပ်ရမလဲ စိုးရိမ်မှုတော့ရှိတာပေါ့။” လို့ အဆိုပါ နှမ်းစိုက်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကတော့ နှမ်း ဈေးနှုန်းကျဆင်းပြီး နှမ်းဝယ်ယူမယ့်သူမရှိမှာကို စိုးရိမ်နေကြတာကြောင့် မီးဖိုချောင်အသုံးစရိတ်ကိုလည်း တတ်နိုင်သမျှ လျှော့ချနေရတယ်လို့ ဆိုကြပါတယ်။

နန်းဖဲ၊ တော်ခူအုပ်စုအတွင်းက ဒေသခံတွေဟာ အခြေခံစားသောက်ကုန်ရရှိဖို့အတွက် ဒီးမော့ဆိုမြို့နယ်ကနေ အဓိက သယ်ယူနေတာဖြစ်ပြီး မိုးရွာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် ကုန်ဈေးနှုန်းကြီးမြှင့်လာတယ်လို့ ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts