မူဖိလစ်စတာ၊ ထွန်းကျော်၊ ပီတာ
အာဏာရှင်အမြစ်ပြတ်ဖို့ တိုက်ပွဲဝင်နေကြချိန်မှာပဲ တပြိုင်နက်တည်း မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ ဒေသအသီးသီးက စီးပွားရေးအကြောင်းကို ကြိုတင်လေ့လာထားဖို့က အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ချက်နိုင်ငံ ပရာဂ်ဟာမြို့ အခြေစိုက် နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ် ကပြောပါတယ်။
အီဂေါဗလာဇီဗစ်ဟာ ကမ္ဘာ့ဒီမိုကရေစီရေးလုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နှစ်အတော်ကြာ နေထိုင်ခဲ့ဖူးသူတဦးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ် က မြန်မာသတင်းထောက်တချို့တွေနဲ့ တွေ့ဆုံချိန်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
“အာဏာရှင်ပြုတ်သွားရုံ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရုံ အဲဟာလုပ်ရုံနဲ့မပြီးဘူး။ တကယ်တမ်း အဲဟာကိုကျော်လာတဲ့အချိန်မှာ ကြုံရမယ့်စီးပွားရေးပြဿနာကိုဖြေရှင်းဖို့ အခုရှိနေတဲ့ လူငယ်တွေကို အဲ့ပညာတွေကို တတ်အောင်သင်ပေးထားရမယ်။ အနာဂတ်မှာ စီးပွားရေးကို ဘယ်လိုပေါ်လစီနဲ့သွားမလဲ။ လာမယ့် တနှစ် ၊ နှစ် နှစ် အတွင်းမှာ ကျနော်တို့က ရဲရဲရင့်ရင့်နဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ဖို့ လိုတယ်။ အဲလို ချမှတ်တဲ့နေရာမှာ ဘယ်လိုလုပ်မှာလဲဆိုတဲ့ဟာကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့လိုတယ် “ လို့ အီဂေါဗလာဇီဗစ်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ တနေ့တချိန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်လာခဲ့ရင်တောင် တိုင်းပြည်ရဲ့ ဝင်ငွေ လိုအပ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းရှင် ငွေပင်ငွေရင်းတွေရဲ့ ခြယ်လှယ်မှုကို ခံရလာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါက စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာလူထုအပေါ် ပိုမို အမြတ်ထုတ်နိုင်ပြီး မြန်မာနိုင်ငံက ဆင်းရဲတွင်းထဲ ပိုရောက်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် မှန်ကန်တဲ့ စျေးကွက်စီးပွားရေးကို ကြိုတင်လေ့လာခြင်းက တော်လှန်ရေးအလွန်ကာလမှာ ပြည်နယ်၊ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးရေးအတွက် အရေးပါတဲ့ စီးပွားရေးစနစ်ကို သမတ်ကျကျ စီမံနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး ယေဘုယျအားဖြင့် စနစ်နှစ်ခုရှိပြီး Neoliberalism ( နီယိုလစ်ဘရယ်လီဇင်) နဲ့ Keynesianism ( ကေနီဆီယမ်နီဇင်) လို့ခေါ်ပါတယ်။ Neoliberalism ဟာ လွတ်လပ်တဲ့စျေးကွက်ကို အလေးထားပြီးအစိုးရရဲ့ ထိန်းချုပ်မှုမရှိတဲ့စနစ်ဖြစ်ပါတယ်။ Keynesianism ကတော့ စီးပွားရေးအတက်အကျကို စီမံခန့်ခွဲဖို့အတွက် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုရှိတဲ့ စနစ်တခုဖြစ်ပါတယ်။
neoliberalism တနည်းအားဖြင့် လွတ်လပ်တဲ့စျေးကွက်စီးပွားရေးစနစ် ဟာ နိုင်ငံအချင်းချင်းကြား လွတ်လပ်စွာ ကုန်သွယ်စီးဆင်းနိုင်တဲ့ စီးပွားရေးဆိုင်ရာစနစ်တခုဖြစ်ပြီး၊ ၁၉၉၀ ပြည့်နှစ်ကစလို့ ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်က ဦးဆောင်ပြီး စတင်ကျင့်သုံးခဲ့ပါတယ်။
လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်က စတင်ကျင့်သုံးတဲ့ နှစ်ပေါင်း ၃၀ အတွင်း စိန်ခေါ်စရာမရှိလောက်အောင်ကို အလုပ်ဖြစ်ခဲ့တဲ့ စီးပွားရေးစနစ်တခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာ ၎င်းစနစ်က လူမှုစီးပွားတရားမျှတမှု အတွက် ပြဿနာအချို့ ရှိလာပါတယ်။
အဲဒီစနစ်ရဲ့အကျိုးဆက်တွေကြောင့် ယနေ့ခေတ်မှာ စီးပွားလုပ်ငန်းရှင်တွေက ပိုမိုချမ်းသာလာကြပြီး သာမာန်လူထုတွေက ပိုပြီးတော့ ဆင်းရဲလာတဲ့ ပြဿနာမျိုးတွေနဲ့ကြုံနေကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် လွတ်လပ်စွာ ကုန်သွယ်စီးဆင်းနိုင်တဲ့ စျေးကွက်စီးပွားရေးစနစ်ဟာ လူမှုစီးပွားတရားမျှတမှု မရှိခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ကြောင်းကို လူထုက မေးခွန်းထုတ်လာကြတယ်လို့ အီဂေါဗလာဇီဗစ်က ပြောပါတယ်။
လူမှုစီးပွားတရားမျှတမှု ဆိုတာကတော့ ယေဘုယျအားဖြင့် လူတိုင်းအတွက် အလုပ်ကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေ မျှမျှတတရရှိရေး စနစ်တခု ဖြစ်ပါတယ်။ လူမှုစီးပွားတရားမျှတမှုရဲ့ အခြေခံလုပ်ဆောင်ချက်က ပညာရေး ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ နိုင်ငံသားတိုင်းကို တန်းတူအခွင့်အရေး ရရှိစေခြင်းဖြစ်တယ်လို့လည်း ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Sacramento စီးပွားရေးတက္ကသိုလ် အကြီးတန်းကတိက ဒေါက်တာ မင်းမင်းသော် ကပြောပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူမှုစီးပွားတရားမျှတမှုရဲ့ အခြေခံလုပ်ငန်းစဥ်တခုဖြစ်တဲ့ ပညာရေးစနစ်မှာ နိုင်ငံသားတိုင်းကို တန်းတူအခွင့်အရေးရအောင် အစိုးရက ဆောင်ရွက်ပေးထားတာပါ။ အနာဂတ်မှာ မြန်မာနိုင်ငံကလည်း ၎င်းစနစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံက လက်ရှိတော်လှန်ရေးကာလမှာ အနောက်နိုင်ငံတွေဆီက လက်နက်အကူအညီတောင်းလို့မရပေမဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုကိုတော့ တောင်းလို့ရကြောင်းကို စီးပွားရေးပညာရှင် ဒေါက်တာမင်းမင်းသော်က အခုလိုပြောပါတယ်။
“လက်ရှိမှာ စစ်ရေးကနံပါတ် တစ်၊ နံပါတ် နှစ် က တိုင်းပြည်မှာ ပညာတတ်တွေဖော်ထုတ်ပေးတာရော၊ ပြီးတော့ ပြင်ဆင်ပေးနိုင်တဲ့ အစိုးရဖြစ်နေရမယ်၊ ဟုတ်ပါတယ် အနောက်တိုင်းပြည်တွေမှာ သွားပြီးတော့ သေနတ်ကိုတောင်းလို့မရဘူး။ လက်နက်ကို တောင်းလို့မရပေမဲ့ ပညာရေးအခွင့်အရေးကိုတော့ ရအောင်တော့တောင်းရမယ်”
ဒါကို ကြားကာလအစိုးရတွေအနေနဲ့ အထူးလုပ်ဆောင်သင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ မင်းမင်သော်က ထောက်ပြထားပါတယ်။
တော်လှန်ရေးကာလတွင်း အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတဲ့ ပြည်နယ်တွေထဲကတခုဖြစ်တဲ့ ကရင်နီပြည်နယ်မှာလည်း လူသားအရင်းအမြစ်ရှားပါးမှုကြောင့် အုပ်ချုပ်ရေးယန္တရားအတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ လူသား အရင်းအမြစ် မရှိသေးကြောင်းကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်ကအခုလို ပြောပါတယ်။
“အုပ်ချုပ်ရေးနဲ့ ပတ်သတ်ပြီးတော့ စိန်ခေါ်မှုတွေအများကြီးရှိတယ်ပေါ့နော။ ဒါပေမဲ့ နည်းနည်း ပြန်ချုပ်ရင်တော့ နံပါတ် တစ် ကတော့ ကျနော်တို့ရဲ့ လူ့အရင်းအမြစ် ဖြစ်တယ်ပေါ့နော။ လူသားအရင်းအမြစ်က ကျနော်တို့လိုအပ်ချက် ကြီးမားတယ်ပေါ့နော။ သင့်တော်တဲ့နေရာတွေမှာ စီမံခန့်ခွဲနိုင်တဲ့သူ၊ ဦးဆောင်နိုင်တဲ့သူတွေ တကယ်လိုအပ်နေတာ” လို့ ခူးပလုရယ်ကပြောပါတယ်။
၂၀ ရာစုရဲ့ ပထမ ဆယ်ရာစုအစမှာ မြန်မာနိုင်ငံက ကမ္ဘ့ာဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့တာပါ။ စီးပွားရေး၊ ပညာရေး အဖက်ဖက်မှာ ခေတ်မီ တိုးတက်နေခဲ့ပြီး၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုရရှိခဲ့တဲ့ နိုင်ငံတခုဖြစ်ခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်မငြိမ်သက်မှုကြောင့် မြန်မာ့စီးပွားရေး ကျဆင်းလာခဲ့ပါတယ်။
၁၉၆၂ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက စီးပွားရေးစနစ်ကို ဆိုရှယ်လစ်လမ်းစဥ် ပြောင်းလဲ ကျင့်သုံးလိုက်ပြီး မြေယာတွေကို နိုင်ငံပိုင် သတ်မှတ်လိုက်ပါတယ်။ အဲဒီနောက် ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လူမှုစီးပွားရေး ပြန်လည်ဦးမော့လာစ ဖြစ်တဲ့မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် တခါ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ထို့နောက် အာဏာသိမ်းမှုကြောင့် မြန်မာ့ လူမှုစီးပွားရေးက သမိုင်းမှာ မကြုံဖူးသေးတဲ့ ဆင်းရဲမွဲတေမှုကို မြန်မာလူထုတွေက ကြုံနေရပြီလို့ NUG အစိုးရကပြောပါတယ်။
အဲဒီအတွက် လက်ရှိမှာ မြန်မာနိုင်ငံတွင်း ပျက်စီးသွားတဲ့ လူမှုပတ်ဝန်းကျင်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ပြန်လည်ပြုပြင်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ လည်းဆိုပါတယ်။ အနာဂတ်တိုင်းပြည်မှာ လူသားအရင်းအမြစ်ရရှိရေးကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားမဟာမိတ်တွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ ကြိုးစားဆောင်ရွက်နေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
“ကျနော်တို့တွေ ပူးတွဲပြီးတော့ အတူတကွ ဆောင်ရွက်ကြပြီးတော့ လိုအပ်တဲ့ လူသားအရင်းအမြစ်ကို အတတ်နိုင်ဆုံး အကောင်းဆုံး စီမံဆောင်ရွက်နိုင်ဖို့လည်း ကြိုးစားနေတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးအလွန်ကာလ ပြန်လည်တည်ထောင်ရေးအတွက်လည်း နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေတယ်လို့ လည်းဆိုပါတယ်။
နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ်က အနာဂတ်ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းရှင်တွေက နိုင်ငံတနိုင်ငံရဲ့ အစိုးရရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်ငန်းဝင်ရောက်၊ မဝင်ရောက်မှုကို ဆုံးဖြတ်လာနိုင်တယ်လို့ ပြောပါတယ်။ ဒီ့အချက်ကြောင့် ပိုက်ဆံတွေက နိုင်ငံတော်ထက်ကို ပိုပြီးတော့ ဩဇာကြီးလာနိုင်တယ်လို့ သူက ယူဆထားပါတယ်။
တော်လှန်ရေးကာလအတွင်း အဖက်ဖက်က ပျက်စီးယိုယွင်းနေတဲ့ မြန်မာ့ လူမှုစီးပွားရေးကြောင့် ငွေကို မရှိမဖြစ်လိုအပ်လာမှာဖြစ်ပြီး အနာဂတ်မြန်မာနိုင်ငံကတော့ ရွေးချယ်စရာရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တော်လှန်ရေးကာလထဲ သက်ဆိုင်ရာနယ်ပယ် အသီးသီးက လူသားအရင်းအမြစ်တွေ စတင်မွေးထုတ်ခြင်းက တော်လှန်ရေးအလွန်ကာလ လူမှုစီးပွားပြန်လည် တည်ထောင်ရေးအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
ဥပမာအနေနဲ့ ၁၉၅၃ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားစစ်ပွဲအပြီး တောင်ကိုးရီးယားရဲ့ ၈၅ ရာခိုင်နှုန်းက ကျေးလက်ဒေသက လူဆင်းရဲတွေနေထိုင်တဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုးရီးယားအစိုးရက အမေရိကန်အကူအညီနဲ့ ပညာရေးဏဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုအကြီးကြီးကိုလုပ်ခဲ့ပြီး ကျေးလက်ဒေသမှာရှိတဲ့လူ တွေကို ပညာတတ်တွေဖြစ်အောင်၊ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်လာနိုင်အောင် လုပ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ၃၅ နှစ်အတွင်းမှာ တောင်ကိုးရီးယားက တဟုန်ထိုးကြီးပွားချမ်းသာလာခဲ့ပါတယ်။
ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြန်မာနိုင်ငံအနေနဲ့ စက်မှု၊ နည်းပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းမှာ အမီလိုက်ဖို့က စိန်ခေါ်မှုကြီးတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နှစ်အတော်ကြာ ရင်းနှီးမှသာ ရလာမယ့်ခေတ်မီပညာရေးကို လက်လှမ်းယူဖို့ လက်ရှိ ကြားကာလအစိုးရတွေကို စီးပွားရေးပညာရှင် ဒေါက်တာမင်းမင်းသော်က တိုက်တွန်းထားပါတယ်။ ဒါက အနာဂတ်မြန်မာပြည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ငွေပင်ငွေရင်း ခြယ်လှယ်မှုကို သမာအာဇီဝကျကျ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတခုဖြစ်တယ်လို့လည်းဆိုပါတယ်။