spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

အဖြစ်များလာတဲ့ အသည်းရောင်အသားဝါ (အေ) ရောဂါ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အသည်းရောင်အသားဝါရောဂါလို့ ပြောတဲ့အခါမှာ အများစုက အသည်းရောင်အသားဝါ ဘီပိုး နဲ့ စီပိုး ရောဂါတွေကိုပဲ အကျွမ်းတဝင် ရှိကြပါတယ်။ အသည်းရောင်အသားဝါရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားကတော့ အဓိကအားဖြင့် အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး ဆိုပြီး ၅ မျိုး ရှိပါတယ်။

ပြီးခဲ့တဲ့ ၄ လ ကစလို့ အသည်းရောင်အသားဝါ (အေ) ရောဂါဟာ မြန်မာနိုင်ငံရဲ့ မြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့မှာ အဖြစ်များလာခဲ့ပါတယ်။ ဒီလိုအဖြစ်များလာတဲ့ အသည်းရောင် အသားဝါ (အေ) ရောဂါဟာ အလွယ်တကူ ကူးစက်တတ်ပြီး ကပ်ရောဂါအသွင်လည်း ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ( ၂ ) ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ လတ်တလောအဖြစ်များလာတဲ့ အသည်းရောင်အသားဝါ (အေ) ရောဂါကိုတော့ ပြည်သူတွေ အကျွမ်းတဝင်မရှိလှပါဘူး။ ဒါကြောင့် အသည်းရောင်အသားဝါ (အေ) ရောဂါဆိုတာဘာလဲ၊ ဘယ်လောက် အန္တရာယ်ရှိပါသလဲ၊ ဘယ်လိုကြိုတင်ကာကွယ်လို့ရသလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါဆိုတာ ဘာလဲ

အသည်းရောင်အသားဝါ (အေ)  ရောဂါဟာ ကူးစက်မြန်တဲ့ အသည်းရောင်ရောဂါတမျိုးဖြစ်ပါတယ်။ Hepatitis A virus ကြောင့် ဖြစ်ပြီး အဲဒီ virus ပိုးဟာ ခံနိုင်ရည်အားပြင်းတဲ့ virus တမျိုးဖြစ်တယ်။ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေနေတတ်ပြီး သာမန်အပူပေးတာနဲ့ သန့်စင်ဆေးရည်တွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

ဒါတွေအပြင် အစားအသောက်သန့်ရှင်းရေး၊ အစားအသောက်ပိုးသတ်ရေး လုပ်ရိုးလုပ်စဉ် process တွေကိုလည်း ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားသူရဲ့ ဝမ်းနဲ့သွေးထဲမှာ ပိုးတွေ ရှိနေတတ်ပြီး အစားအသောက်နဲ့ရေ စတာတွေ မသန့်ရှင်းတဲ့အခါ ရောဂါပိုးတွေ ပြန့်ပွားတတ်ပါတယ်။

ဒါကြောင့် အသည်းရောင်အသားဝါ (အေ) ရောဂါပိုး (HAV) ဟာ ရောဂါပိုးပါနေသောရေ (သို့မဟုတ်) အစားအစာတွေ စားသုံးမိတာကနေတဆင့် ကူးစက်တာပါ။ အချို့မှာတော့ လိင်ကနေတဆင့် HAV ရောဂါပိုးကို ပျံ့နှံ့စေနိုင်ပါသေးတယ်။

တကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းတဲ့ ဒေသမှာရှိတဲ့ လူအများစုဟာ HAV ရောဂါပိုး  ကူးစက်ခံရမှု ပိုမိုများပြားနိုင်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါပိုးရဲ့ ရောဂါလက္ခဏာနဲ့ အသက်အန္တရယ်

အသည်းရောင်အသားဝါ (အေ) ရောဂါပိုးက ခန္ဓာကိုယ်ထဲဝင်ပြီးရင် ရောဂါလက္ခဏာပြဖို့ ၁၄ ရက်မှ ၂၈ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ အစပိုင်းရက်တွေမှာ အဖျားငွေ့ငွေ့လေးရှိတာ၊ အလွန်အမင်းနုံးချိတာ၊  ပျို့အန် ဝမ်းပျက်တာ၊ အစားအသောက်ပျက်တာတွေကို ခံစားရမှာပါ။

အဲဒီနောက်မှာတော့ အသည်းရောင်ခြင်း အဆင့်ထိ ဖြစ်လာနိုင်ပြီး တဖြည်းဖြည်း မျက်လုံးလေးတွေ ဝါလာတာ၊ အသားတွေဝါလာတာ၊ ပျို့ချင် အန်ချင်တာ‌တွေ ပိုဆိုးလာတာ၊ ဗိုက်မအီမသာတာ ဖြစ်တာ၊ အသားယားယံလာတာ၊ ဆီးအရောင်ရင့်ပြီး ဝါလာတာ၊  ဝမ်းဖျော့ဖျော့သွားတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါပိုး ခံစားရသူအများစုဟာ  ပြင်းထန်ရောဂါမခံစားရဘဲ တဖြည်းဖြည်း သက်သာလာတတ်ပါတယ်။ ဒါပေမဲ့ အလွန်အမင်းဖျားနာတာ၊ ပင်ပန်းနွမ်းနယ်ပြီး မောပန်းတာ၊ အဆစ်အမြစ် နာကျင်ကိုက်ခဲတာစတဲ့  ရောဂါပြင်းထန်ခံစားရတဲ့သူတွေမှာ ရုတ်တရက် အသည်းပျက်စီးပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ရင် ဘယ်လိုကုသမှုခံယူရမလဲ

အသည်းရောင်အသားဝါ (အေ) ရဲ့ အစပိုင်းမှာ ခန္ဓာကိုယ် မဝါသေးတဲ့အတွက်  မအီမသာဖြစ်တာ၊ ဗိုက်အောင့်တာကို အရင်ခံစားရနိုင်ပါတယ်။ ဒါကြောင့် မအီမသာဖြစ်တဲ့အခါနဲ့ ဝမ်းဗိုက်လေထိုးတဲ့ အခါမျိုးမှာ သာမန်အစာအိမ်ရောဂါ (သို့မဟုတ်) အစားမှားတာ စတာတွေနဲ့ မှားတတ်ပြီး ရောဂါ အခြေအနေ ဆိုးမှ သိရတဲ့ အခြေအနေမှာ ရှိနိုင်ပါတယ်။

ဒါကြောင့်  အသည်းရောင်အသားဝါ (အေ) အပြင် ရောဂါကို အတည်ပြုဖို့ သွေးစစ်ဖို့က အသေချာဆုံး ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ (အေ) ရောဂါကို သာမာန် ခံစားနေရသူတဦးဟာ အနားယူတာ၊ အိပ်ရေးဝဝအိပ်တာ၊ အာဟာရဖြစ်တဲ့ အစားအစာတွေကို မျှတအောင်စားတာနဲ့  သန့်ရှင်းတဲ့ရေကို လုံလောက်စွာ သောက်သုံး ရပါမယ်။ လူနာဟာ လန်းဆန်းပြီး အသင့်အတင့်စားသောက်နိုင်ရင်  ဆေးတွေသွင်းစရာမလိုပါဘူး။

အိမ်မှာပဲ‌ ကောင်းစွာအနားယူပြီး  အညစ်အကြေးတွေ သေချာစွန့်ပစ်တာ၊ စားသုံးတဲ့ အိုးခွက်ပန်းကန် တွေကို သေချာဆေးကြောပြီး သီးသန့်ထားရပါမယ်။ အန်မယ်၊ ဗိုက်နာမယ်ဆိုရင်တော့ ဖြစ်လာတဲ့ လက္ခဏာတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသပြီး ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါအတွက် သီးသန့် ကုသတဲ့ဆေး Antiviral treatment တော့ မရှိပါ ဘူး။ ဒါပေမဲ့ ပြင်းထန်စွာ ပျို့အန်တာ၊ အစားမဝင်တာ၊ ရေဓာတ်ခမ်းခြောက်တာ၊ မှိန်းတာ၊ ဆီးနည်းတာ၊ သွေးထွက် သွေးယိုတာ၊ သတိလစ်တာ စတဲ့လက္ခဏာတွေဟာ အရေးပေါ် လက္ခဏာတွေဖြစ်တာကြောင့်  ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသရမှာဖြစ်ပါတယ်။

အထူးသတိပြုရမှာက ရောဂါဖြစ်ချိန်မှာ အသည်းထိခိုက်မှု ပိုမဆိုးအောင် တိုင်းရင်းဆေးနဲ့ အရွက်ပြုတ်ရည်တွေ၊ အကိုက်အခဲပျောက်ဆေးနဲ့ ပါရာစီတမောစတာတွေကို  မလိုအပ်ဘဲ အလွန်အကျွံသောက်တာကို  ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

အသည်းရောင်အသားဝါ (အေ)  ရောဂါပိုးဟာ မစင်၊ မသန့်ရှင်းတဲ့ ရေ နဲ့ အစာကနေ ကူးစက်ပြန့်ပွားတာကြောင့် တကိုယ်ရည် သန့်ရှင်းရေးအပြင် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။

အိမ်သာဝင်ပြီးနဲ့  အစားအသောက်မကိုင်တွယ်မီအချိန်တွေမှာ လက်ကို ရေ၊ ဆပ်ပြာနှင့် စက္ကန့် (၂၀) ခန့် သေချာစွာဆေးရပါမယ်။ အိမ်သာတွင်း မျက်နှာပြင် သန့်ရှင်းရေးအတွက် အိမ်သုံးချေးချွတ်ဆေး (Household bleach) နဲ့ သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးရမှာပါ။

အစားအသောက်တွေကို မချက်ပြုတ်မီ ရေသန့်နဲ့  ရေသေချာဆေးကြောပြီး ချက်တဲ့အခါမှာလည်း ကျက်အောင်ချက်ပြုတ်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဂုံး၊ ကမာ၊ ခရု စတဲ့ အခွံမာကောင်တွေကို ကျက်အောင်ချက်ပြီးမှာ စားသောက်ရမှာဖြစ်ပြီး အသားစိမ်း၊ ငါးစိမ်းစားခြင်းကို ရှောင်ကြဉ်ရပါမယ်။

အစားအသောက်တွေကို ယင်မနားအောင် စနစ်တကျ ထားသိုရပါမယ်။

ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီး သောက်သုံးရမှာဖြစ်သလို ကျိုချက်ဖို့ ခက်ခဲတဲ့ နေရာတွေမှာ ကလိုရင်းခပ်ပြီး  သောက်သုံးရပါမယ်။ အသည်းရောင်အသားဝါ (အေ)ရောဂါပိုးအတွက်  ကာကွယ်ဆေး ထိုးနှံနိုင်ပါတယ်။

အသည်းရောင်အသားဝါ (အေ) ရောဂါပိုးဟာ ကူးစက်ပြန့်ပွားမြန်တယ်ဆိုပေမယ့် စတင်ပြန့်ပွားမှုဖြစ်တဲ့ အရင်းအမြစ်နဲ့ ရောဂါကွင်းစက်တွေ မိမိထံမရောက်လာနိုင်အောင် ကြိုတင်ကာကွယ်ခြင်းက အထိရောက်ဆုံးဖြစ်ပါတယ်။

ရောဂါဖြစ်ဖူးသူရဲ့ အိမ်သားတွေ၊ အတူနေ လိင်ဆက်ဆံဖော်တွေ၊ ရောဂါဖြစ်ဖူးသူကို ပြုစုပေးဖူးတဲ့သူတွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်သူတွေ၊ အများအတွက် အစားအသောက် ချက်ပြုတ်ပြင်ဆင်နေရသူတွေ၊ အပြင်အစားအစာ ပိုစားသူတွေ၊ ဆေးရုံဆေးခန်းနဲ့ လူထုတွေကို ပြုစုပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်း တွေမှာ  အသည်းရောင်အသားဝါ (အေ) ကူးစက်နိုင်ချေ များတဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။

ကိုးကား – NUG, MOH facebook page

spot_img
spot_img
spot_img

Recent posts