မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်)
“ကျနော် မျက်ရည်တွေကျတယ်။” လို့ ၂၀၁၆ ခုနှစ် မန္တလေးဆေးရုံက ဆေးစစ်ချက်မှာ HIV ပိုးကူးစက်ခံရမှန်းသိသွားတဲ့ ဦးရေချမ်း (အမည်လွှဲ) ကပြောတာပါ။
“ကိုယ်မလိုချင်တဲ့ အရာက ကိုယ့်ဆီမှာရောက်နေတော့”
ဦးရေချမ်းက သူ့ရဲ့ ဆိုးတူကောင်းဖက် အတူရုန်းကန်လာခဲ့တဲ့ ဇနီး ဆီကနေ HIV ပိုးကူးစက်ခံရတာပါ။
“နင်ဘာလို့ငါ့ မပြောပြတာလဲ” လို့ ဦးရေချမ်းက သူ့ဇနီးကို အဲဒီတုန်းက မေးခွန်းထုတ်နေပေမဲ့ ဇနီးဖြစ်သူက သူ့မေးခွန်းကို တစုံတရာ တုံ့ပြန်မှုမရှိခဲ့ပါဘူး။
“ပထမတရက်တော့ သူ့ကို စိတ်တိုမိတာပေါ့ ။ နောက်ပိုင်းတော့ မတိုဖြစ်တော့ဘူးလေး ။ တိုရင်လည်းဘာထူးမှာလဲ” လို့ HIV ပိုးကူးစက်ခံရလို့ သူ့ဇနီးအပေါ် ဒေါသထွက်မိကြောင်းကို ပြောပါတယ်။
သူတို့နှစ်ယောက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာရှိတဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုမှာ စတွေ့ခဲ့ကြတာပါ။ တွေ့ပြီး နှစ် နှစ်အကြာ ၂၀၁၂ခုနှစ်မှာ လက်ထပ်လိုက်ကြပြီး ရွှေကျင်လုပ်ငန်းကို အတူလုပ်ကိုင်ကြရင်း တရက်တာစားသောက်ဖို့အတူတကွ ဖြေရှင်းခဲ့ကြပါတယ်။
“ဇနီးမောင်နှံနှစ်ယောက် အတူတူ လုပ်တာ။ တရက်လုံးမှာ ရွှေတရွေး နှစ်ရွေး ရလာတယ်။ အဲဒါနဲ့ စားဝတ်နေရေး ရှာဖွေပြီးမှ ပျော်ရွှင်ရတယ်။” လို့ ဇနီးနဲ့ နှစ်ယောက်ဘဝစခဲ့ပြီး ရုန်းကန်ခဲ့တဲ့အချိန်ကို ဦးရေချမ်းက သိမ်ဝင်သွားတဲ့ အသံနဲ့ အမှတ်တရကို ပြန်ပြောင်းပြောပြပါတယ်။
အဲဒီတုန်းကလည်း သူ့ဇနီးက လူကောင်းတယောက်အတိုင်း သွက်သွက်လက်လက်လုပ်ကိုင် နေနိုင်တာကြောင့် ဇနီးအပေါ် HIV ပိုးရှိကြောင်း သံသယထားစရာစိတ်တစွန်းတစမှ သူ့မှာမရှိခဲ့ပါဘူး။
ဦးရေချမ်းက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးဖြစ်ပြီး အရပ် ၅ပေ ၇ လက်မ၊ ထွားကျိုင်းတဲ့ခန္ဓာ အသားညိုညိုနဲ့ အသက် ၄၂ နှစ် ရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ခန္ဓာကိုယ် သန်မာနေဆဲဖြစ်ပေမဲ့ HIV ပိုးရှိနေတယ်ဆိုတဲ့ စိတ်ကပဲ ကြံ့ခိုင်လှပါတယ်ဆိုတဲ့ ဦးရေချမ်းကို အားငယ်စိတ် တဖွားဖွားပေါ်လာစေခဲ့ပါတယ်။
HIV ပိုးရှိမှန်းသိတဲ့ ပထမနေ့မှာ ဆောက်တည်ရာမရဖြစ်ခဲ့ပေမဲ့ နောက်နေ့တွေမှာတော့ ဦးရေချမ်းတယောက် ကျောက်ပြန်တူးရင်း သူ့ရဲ့ ကျန်းမာရေးစရိတ်၊ စားဝတ်နေရေးစရိတ်အတွက် တယောက်တည်းပြန်လည် ရုန်းကန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူတို့အိမ်ထောင်ရေးလည်း မသာယာလှတော့ပါဘူး။ အလုပ်မှာ အဆင်မပြေတဲ့ခါလည်း “နင့်ကြောင့် ဒါမျိုးဖြစ်ရတာ။ နင့်အတွက်နဲ့ ဒါမျိုးလုပ်နေရတာ” လို့ ဇနီးကို ဒေါသနဲ့ အပြစ်ပြန်လှန်ပြောလေ့ ရှိလာတယ်လို့ ဦးရေချမ်းက လေသံမာမာနဲ့ ပြောပြနေပါတယ်။
“မင်္ဂလာဆောင်ပြီး ၃ နှစ်အကြာမှ သိရတာပေါ့။ ကလေးမွေးပြီးမှပဲသိရတာ။“ ဇနီးဖြစ်သူက ရေချမ်းကို တလျှောက်လုံး ဖုံးကွယ်လာခဲ့ပြီး သားဦးမွေးမှ အမှန်တရားကို သူသိလာရတဲ့အပေါ် ဦးရေချမ်း ခံပြင်းနေခဲ့ပါတယ်။
သူ့ဇနီးက ကိုယ်ဝန် ၆ လရရှိချိန်မှာပဲ HIV ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ထိန်းပေးတဲ့ ART ဆေးစသောက်နေခဲ့တာပါ။ ဆေးကိုလည်း ဦးရေချမ်း ကိုယ်တိုင်က ဆေးရုံမှာ သွား သွားယူပေးနေခဲ့တာပါ။ ဘာဆေးမှန်းတော့ သူမသိပါဘူး။
“အဲတာ ဘာဆေးလဲ။ ဘာအတွက်သောက်ရလဲ ဆိုတာ အကုန်လုံးမေးပါတယ်။ ဒါမဲ့ သူက မပြောပြပေးဘူး။” လို့ ဦးရေချမ်းက ပြောပါတယ်။
သာမာန်ဆေးသောက်နေတယ်အထင်နဲ့ ဦးရေချမ်းလည်း အဲဒီအပေါ်ကို အကျယ်တဝင့် ဂရုစိုက်မနေခဲ့ပါဘူး။
HIV ပိုးကူးစက်ခံရတာကို ကိုယ်တိုင်က ရှက်ကြောက်နေတဲ့ ဦးရေချမ်းက ၈ နှစ်ကြာလာတဲ့ လက်ရှိအချိန်ထိ သူ့ရဲ့ အခြေနေကို လျှို့ဝှက်ထားနေခဲ့ပါတယ်။
“သူများလည်း စိတ်အနှောက်အယှက်ဖြစ်သွားမှာ အထင်သေးသွားမှာ စိုးလို့လေး။” လို့ အကြောင်းရင်းကို ပြောပါတယ်။
အသိုင်းဝိုင်းကြားထဲ မကောင်းတဲ့လူလို့ အထင်မခံချင်တဲ့စိတ်က ဦးရေချမ်းကိုယ်တိုင်ကို အပြစ်သားတယောက်လို ခံစားနေစေခဲ့တာပါ။ ခေတ်ရေစီးကြောင်းအရ HIV ပိုးကူးစက်ခံရသူအပေါ် လူငယ်တွေက ပွင့်လင်းမြင်သာမှု ရှိလာကြပေမဲ့ HIV ဆိုင်ရာ ဗဟုသုတ နည်းပါးသူတွေက HIV ကို ဆိုးဆိုးဝါးဝါးအရာတခုလို့ မြင်နေကြဆဲဖြစ်တယ်လို့ HIV ပရောဂျက်တခုမှာပါဝင်ခဲ့ဖူးတဲ့ မခိုင်ဆုက ပြောပါတယ်။
“ပွေတာကိုး ရှုပ်တာကိုး၊ မကောင်းတဲ့ အလုပ်လုပ်တာကိုး၊ အဲလိုမျိုးသတ်မှတ်မယ်လို့တော့ အမက ခံစားမိတယ်။ တကယ်တော့ အဲလိုသတ်မှတ်တယ် ဆိုတာကလည်း သူတို့က သေချာမသိလို့ကလည်း ပါပါတယ်။” လို့ မခိုင်ဆုက ပြောပါတယ်။
HIV ပိုးရှိသူတွေအပေါ် မကောင်းမြင်တာ၊ ခွဲခြားဆက်ဆံတာ မဖြစ်ရတော့လေအောင် ပညာပေး လုပ်ငန်း များများ လုပ်ပေးဖို့လည်း လိုတယ်လို့ ပြောပါတယ်။
HIV ဆိုတာ ခန္ဓာကိုယ် ခုခံအားစနစ်ကို အားနည်းအောင်တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးပါ။ ကပ်ရောဂါဆိုးတခုမဟုတ်ပါဘူး။ HIV ဗိုင်းရပ်စ်ပိုးက လေထဲကနေ လုံးဝ မကူးစက်နိုင်ပါဘူး။ တအိမ်ထဲ အတူနေထိုင်တာ၊ အိမ်သာအတူသုံးစွဲတာ၊ အတူသွားလာ လုပ်ရှားတာ၊ အတူစားသောက်တာ၊ အပြင်ပန်း ထိတွေ့တာ၊ ပွေ့ဖက်နမ်းရှုံ့တာ ကနေတဆင့် မကူးစက်နိုင်ပါဘူး။
HIV ပိုးရှိနေတဲ့ ဦးရေချမ်း ရဲ့ဇနီးက ၂၀၁၅ ခုနှစ်မှာပဲ သားဦးလေးကို မွေးခဲ့ပါတယ်။ သားလေးကိုမွေးပြီး ၂၀၁၉ မှာ ဦးရေချမ်းရဲ့ဇနီးက သားအိမ်ခေါင်း ကင်ဆာ တတိယ အဆင့်နဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဒါကလည်းသူ့ဇနီး ခံစားရတဲ့ HIV နောက်ဆက်တွဲရောဂါ ကြောင့်လားဆိုတာ ဦးရေချမ်းက အခုထိ အဖြေရှာ မရ ဖြစ်နေဆဲပါပဲ ။
အဆိုးထဲက အကောင်းတခုက သူတို့ သားလေးမှာ HIV ပိုးကူးစက်မခံရပါဘူး။ သားလေးက ၈ လသားအရွယ်ပဲထိ မိခင်နို့ နဲ့အတူ HIV ကာကွယ်ဆေးသောက်တာကို ဖြတ်ခဲ့တာပါ။ လက်ရှိမှာတော့ သားလေးက အသက် ၈ နှစ်ထဲ ဝင်လာပြီး အများနည်းတူ ကျောင်းတက်နေပြီလို့ ဦးရေချမ်းက စိတ်ကျေနပ်စွာပြောနေပါတယ်။
ဒါပေမဲ့ လူသူမမြင်နိုင်တဲ့ အပူတခု ထပ်တိုးရှိနေပြန်တဲ့ ဦးရေချမ်းက သူ့ရဲ့ ကလေးကို ဆေးတကြိမ်ပဲစစ်ခဲ့တာပါ။
“ကိုယ့်လိုမျိုးဖြစ်လာမှာကိုကြောက်နေတာ။ သူကငယ်ပြီးတော့ ခံနိုင်ရည်ချင်း ရှိပါ့မလား။ ကျန်းမာရေးက သူများလိုမျိုး ဒေါင်ဒေါင်မြည် ဖြစ်လာနိုင်မလား။” လို့ သားအတွက် စိုးရိမ်တကြီးနဲ့ ပြောနေပါတယ်။
စစ်ရှောင်ပြီးနောက်ပိုင်းလည်း သားလေးရဲ့ ဆေးစစ်မှုကို ငွေကြေးအကြပ်အတည်း၊ လမ်းခရီး အခက်အခဲကြောင့် စစ်ဆေးမှုထပ်မလုပ်ပေးနိုင်တော့ပါဘူး။
လက်ရှိမှာ ဦးရေချမ်းနဲ့ သူ့သားလေးက ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေပါတယ်။ တိုက်ပွဲပြင်းထန်ပြီး အစိုးရယန္တရားလည်ပတ်မှု မရှိတော့တဲ့ ကရင်နီပြည်မှာ ဆေးဝါး၊ အထူးသဖြင့် HIV ပိုးထိန်းပေးတဲ့ ART ဆေး လုံးဝမရနိုင်တော့တာပါ။
ဆေးရယူဖို့ တောင်ကြီးကို လူကိုယ်တိုင်သွားမှရတယ်လို့ ဦးရေချမ်းက ပြောပါတယ်။ ရှည်လျားတဲ့ ခရီးအတွက် ခရီးစရိတ်ကုန်ကျမှုကလည်း အနည်းဆုံး ကျပ်ငွေ ၂ သိန်းကျော် တာကြောင့် သူ့ရဲ့ပိုင်ဆိုင်မှုကို ရောင်းချပြီး ဆေးကုနေရပါတယ်။
ဦးရေချမ်းက HIV ဒုတိယအဆင့် ဖြစ်နေပါပြီ။ HIV မှာအဆင့် ၃ ဆင့်ရှိပါတယ်။ ပထမဆင့်မှာ ရောဂါလက္ခဏာ မပြပဲ ၈ နှစ်မှ ၁၀ နှစ်အတွင်း ငုပ်လျှိုးနေတတ်ပါတယ်။ သာမာန်ဖျားနာမှုလိုပဲ ဖြစ်နေတတ်ပြီး သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ဒုတိယအဆင့်မှာ ရောဂါတွေ ဝင်လာနိုင်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ AIDS ရောဂါ ဖြစ်ပါတယ်။
“အဲလူနာတွေက ခုခံအားမရှိတော့ဘူး။ ခုခံအားမရှိတော့ ရှိသမျှ ရောဂါပေါင်းစုံ အကုန်ဝင်။ ဝင်တဲ့ ခါမှာခုဏလို စိတ်ဓာတ်ကျတဲ့အခံ စိတ်အခြေနေရှိနေတဲ့ခါမျိုးမှာ သူ့ရောဂါကို ကောင်းကောင်းမထိန်းသိမ်းနိုင်ဘူးပေါ့နော” လို့ ဒေါက်တာစိုးရန်နိုင်က ပြောပါတယ်။
ဦးရေချမ်းက သူချစ်ခင်ရင်းနှီးရတဲ့ ကျောက်စိမ်းလုပ်ငန်းခွင်က သူငယ်ချင်းတွေနဲ့ ဆေးကုပေးနေတဲ့ ကျန်းမာရေးဆရာတွေကလွဲလို့ သူ့ရဲ့ မွေးချင်း မောင်နှမ၊ မိသားစုဝင်တွေကိုတောင်သူ့အခြေနေကို ပေးမသိပါဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေကပါ သူ့ကို မခေါ်မပြောလာတော့တာ သူသိသတိထားမိလာပါတယ်။
“ ကိုယ်သွားရလာရမယ့်လမ်းမှာ သွားရောသွားနိုင်ပါ့မလားစိတ်ထဲ အဲလိုမျိုးတွေဖြစ်လာတာ” လို့ လက်ရှိအခြေနေကို ဖွင့်ဟလာတဲ့ ကိုရေချမ်းက စိတ်ဓာတ်ကျနေပါပြီ။ ဒါပေမဲ့ ကျန်နေတဲ့ သားလေး ကို အားနာစိတ်ကြောင့် သူကိုယ်တိုင် ပြိုလဲမသွားအောင် အားတင်းထားနေရပါတယ်။
HIV ဆိုတဲ့ ခုခံအားစနစ်တိုက်ဖျက်တဲ့ ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ လူနာတွေကို ခွဲခြားဆက်ဆံတာက အမှားကြီးမှားတဲ့ အမှားတခုဖြစ်တယ်လို့ ဒေါက်တာ စိုးရန်နိုင်က ပြောပါတယ်။
ခုခံအားကျဆင်းတဲ့ လူတယောက်မှာ ရောဂါပေါင်းစုံ အလွယ်တကူ ဝင်လာနိုင်လို့ HIV ပိုးရှိတဲ့ လူနာကို တခြားလူနာတွေနဲ့ တန်းတူမဆက်ဆံတာ၊ အကောင်းမမြင်ပဲ ခွဲခြားဆက်ဆံတာက လူနာတွေမှာ စိတ်ကျရောဂါကိုအလိုလို ခံစားလာနိုင်ပါတယ်။ အဲလိုနဲ့ HIV ပိုးရှိတဲ့လူတယောက်အနေနဲ့ တခြားရောဂါတွေနဲ့အတူ စိတ်ကျရောဂါကိုပါ ထပ်မံခံစားရရင် သူ့ကိုသေတွင်းပို့နေသလိုပဲ ဖြစ်စေမှာပါ။
HIV ရောဂါပိုးဟာ တကယ်တော့ ဆေးထိုးအပ် ပေါင်းသုံးတာ၊ လိင်ဆက်ဆံတာမျိုး မဟုတ်ရင် ပုံမှန်ထိတွေ့ဆက်ဆံသူတွေကို ကူးစက်တတ်တာ မဟုတ်ပါဘူး။
ဦးရေချမ်းကလည်း အဲတာကိုခံပြင်းနေပါတယ်။ ”ဘယ်ရောဂါမဆို ဘယ်သူဘယ်ဝါပဲ ဖြစ်ဖြစ် မခွဲခြားမဆက်ဆံပဲ တန်းတူညီတူနဲ့ တဦး တပန်းကန်ထဲတူတူ တမိသားစုထဲ အတူနေထိုင်သွားရင်အဆင်ပြေမယ်။“ လို့ သူ့မျှော်လင့်ချက်ကိုပြောပြနေပါတယ်။
၁၉၅၀ ခုနှစ်နှောင်းပိုင်း အာဖရိကမှာ ပထမဆုံး HIV ဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်ပွားခဲ့တာပါ။ HIV ဗိုင်းရပ်စ်ပိုးက သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည်နဲ့ မိခင်နို့ကနေတဆင့် ကူးစက်နိုင်ပါတယ်။ အကာအကွယ်မပါပဲ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်တခုတည်းကို ဝိုင်းသုံးတာတွေကို အထူးရှောင်ကြဥ်သင့်ပါတယ်။
ဇနီးမောင်နှံအချင်းချင်းကြားလည်း ပိုးကူးစက်ိနုင်တာကိုလည်း ဦးရေချမ်းက ထပ်မဖြစ်စေလိုတော့တာကြောင့် အချင်းချင်းကြား ပွင့်လင်းမှုရှိသင့်ကြောင်း ပြောလိုက်ပါတယ်။
HIV ဗိုင်းရပ်စ်ပိုးကြောင့် အိမ်ထောင်ရေးသက်တမ်းတဝက်လုံး မသာယာခဲ့တဲ့ ဦးရေချမ်းက ဆုံးပါးသွားတဲ့ သူ့ဇနီးနဲ့ အတူရုန်းကန်ခဲ့တဲ့အခိုက်အတန့်တွေကိုတော့ သတိရတမ်းတနေဆဲပါပဲ။
သူ့ချစ်ရတဲ့ ဇနီးနဲ့အတူ သူကပါ HIV ဖြစ်နေမှန်းသိစက စိတ်ဆိုးမိခဲ့ပေမဲ့ သူနဲ့အတူ တအိုးတအိမ်တည်ထောင်ရင်း အတူရုန်းကန်လာခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးကို ခုချိန်မှာတော့ ခွင့်လွှတ်လိုက်ပါပြီလို့ ဦးရေချမ်းက ပြောပါတယ်။