spot_imgspot_imgspot_imgspot_img
Saturday, March 29, 2025
spot_imgspot_imgspot_imgspot_img

“ တိုက်ပွဲတွေမှာ အဆိပ်ငွေ့ ပိုသုံးလာတဲ့အပေါ် စစ်ကောင်စီက ဝါဒဖြန့်ပြီး ငြင်းဆို “

Author

Date

Category

Fact Check / ကန္တာရဝတီတိုင်း ( မ် ) ၊ The Red Flag

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကို ပိုမိုအသုံးပြုလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အတည်ပြု ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို နယ်မြေပြန်စိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။

အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်တဲ့နေ့တွေမှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေအပြင် မီးလောင်ဗုံးတွေကိုလည်း သုံးစွဲလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့ဟာ စစ်ကောင်စီအတွက်သာမက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အရေးကြီးတဲ့နယ်မြေတခုဖြစ်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ အဓိကမြို့နယ်ကြီး ၂ခုကို ဖြတ်သန်းသွားလာနိုင်တဲ့ တံခါးပေါက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မိုးဗြဲ – လွိုင်ကော် ၊ မိုးဗြဲ – ဒီးမော့ဆို မြို့နယ်အတွင်းကို သွားလာနိုင်တဲ့ လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီက အပြင်းထန် ထိုးစစ်ဆင်နေပြီး ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်နေတာပါ။

မိုးဗြဲတိုက်ပွဲအတွင်း ဘယ်လိုအဆိပ်ငွေ့တွေကို သုံးစွဲသလဲ။

ပြီးခဲ့တဲ့နှစ် ၊ ဒီဇင်ဘာလအတွင်းမှာ မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ခမရ (၄၂၂) တပ်ကနေ မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်း အသုံးပြုခဲ့ပါသေးတယ်။

ယခုနှစ်ဦးပိုင်းမှာ တကျော့ပြန်လည်တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့ဧရိယာတွေမှာ တွေ့ရတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေနဲ့ ဒရုန်းဗုံးကြဲမှုတွေမှာ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုနေတယ်လို့ လည်းတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရှိရပါတယ်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့မှာ KNDF ရဲ့ သတင်းထုတ်ပြန်ချက် – https://www.facebook.com/share/p/1AQxFNTPWf/

သတင်းမီဒီယာတခုဖြစ်တဲ့ ကန္တာရဝတီတိုင်း ( မ် ) ရဲ့သတင်းဖော်ပြမှု – https://shorturl.at/0mMK3

တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KNDF တပ်ရင်း ( ၃ ) တပ်ရင်းမှူးရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြထားတဲ့ အဆိပ်ငွေ့၊ မီးလောင်ဗုံးကို စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေတဲ့ ရုပ်သံဖိုင် – https://www.facebook.com/share/v/1ULG8xM4zp/

အဆိပ်ငွေ့ နဲ့ ဓာတုငွေ့ အမျိုးအစား တူသလား

အဆိပ်ငွေ့ (Toxic Gas) နဲ့ ဓာတုဗုံး (Chemical Bomb)တွေဟာ အကျိုးအာနိသင်က တူညီမှုရှိပေမယ့် အနည်းငယ် ကွဲပြားတယ်လို့ သိရပါတယ်။ နှစ်မျိုးလုံးဟာ ဓာတုလက်နက် (Chemical Weapons) ဖြစ်ပြီး လူသားတွေကို ထိခိုက်စေနိုင်တဲ့ ဓာတုဓါတ်တွေပါဝင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

နှစ်ခုစလုံးကတော့ ဓာတုလက်နက်တွေဖြစ်ပြီး တိုက်ပွဲတွေမှာ စစ်ကောင်စီက ပိုမိုသုံးလာပါတယ်။ သက်ရှိသတ္တဝါတွေကို ထိခိုက်စေနိုင်ပြီး နိုင်ငံတကာဥပဒေနဲ့ တားမြစ်ထားတဲ့ လက်နက်တွေထဲက တစ်ခုဖြစ်ပါတယ်။

မိုးဗြဲတိုက်ပွဲမှာ တွေ့ရတဲ့ အဆိပ်ငွေ့ဟာ ဂတ်စ်အဖြစ် အငွေ့ပျံ၊ ပျံနှံတာကို တွေ့ရပါတယ်။ ပြန့်နှံ့မှုမြန်ဆန်ပြီး လေထဲမှာ ပျော်ဝင်တာကြောင့် အငွေ့ရှူရှိုက်မိသူတွေဟာ ပုံမှန်မဟုတ်ဘဲ လက္ခဏာကို ချက်ချင်းခံစားကြတယ်လို့ သိရပါတယ်။

အဆိပ်ငွေ့ ဟာ ဗုံးမဟုတ်ပဲ ဓာတုဓါတ်ပါဝင်တဲ့ အငွေ့ဖြစ်ပြီး ဓာတုဗုံးကတော့ ပေါက်ကွဲပြီး ဓာတုပစ္စည်းတွေကို ဖြန့်နှံ့နိုင်တဲ့ လက်နက်ပဲ ဖြစ်ပါတယ်။

မိုးဗြဲရှေ့တန်းတစ်နေရာမှာ စစ်ကောင်စီ အသုံးပြုတဲ့ အဆိပ်ငွေ့အမျိုးအစားတခုက တောင်သူတွေအသုံးပြုတဲ့ ဝိစာရထုတ် အဆိပ်ငွေ့ဆေးပြားဖြစ်ပါတယ်။ ဒါဟာ စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်း ၊ တိရစ္ဆာန်ကုန်ကြမ်းပစ္စည်းတို့ကို သိုလှောင်တဲ့အခါ ကျရောက်ဖျက်ဆီးနိုင်တဲ့ပိုးကို ကာကွယ်နှိမ်နှင်းနိုင်တဲ့ အဆိပ်ငွေ့မိုင်းတိုက် ဆေးပြားခဲ ဖြစ်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒီလိုအဆိပ်ငွေ့ပြားတွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အခါ ရောပါအသုံးပြုတာဖြစ်ပြီး ဗုံးသီးကျရောက်တဲ့ အနီးမှာ မီးခိုးအများအပြားထွက်တာကို တွေ့ရပါတယ်။

ဘယ်ဒေသ ၊ တိုက်ပွဲတွေမှာ အဆိပ်ငွေ့ဗုံးကို သုံးသလဲ

အဆိပ်ငွေ့ကို အသုံးပြုတာကတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ရေးသားတင်ပြချက်အရ မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၃ခုနှစ် ၊ မတ်လ ၂၇ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ်အတွင်းမှာ အဆိပ်ငွေ့ဗုံး အစောဆုံး အသုံးပြုခဲ့တာကို တွေ့ရှိရပါတယ်။

အလားတူ ၂၀၂၄ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ကရင်နီပြည်၊ ဖားဆောင်းမြို့တိုက်ပွဲတခုမှာလည်း အဆိပ်ငွေ့လို့ယူဆရတဲ့ လက်နက်ကို စစ်ကောင်စီက အသုံးပြုခဲ့တာကြောင့် ရဲဘော်တွေဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ခံစားခဲ့ရတယ်လို့ ကရင်နီပြည် တပ်မတော် (KA) က ပြောဆိုထားပါတယ်။ အဆိပ်ငွေ့ ပိုမိုအသုံးပြုလာတာက ၂၀၂၄ နှစ်ကုန် မှာ မိုးဗြဲတိုက်ပွဲတွေမှာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ သုံးသပ်ချက်ကတော့ “ မိုးဗြဲအပါအဝင်ပေါ့ မြေပြင်က တိုက်ခိုက်ရေး ၊ တပ်မှူးတပ်သားတွေနဲ့ စကားပြောကြည့်ချက်အရ ဖက်ဆစ် အကြမ်းဖက်ကောင်တွေက သူတို့အနေနဲ့ ရှေ့ဆက်မတိုးနိုင်လောက်တဲ့ အနေအထား၊ ကျနော်တို့ဖက်က ခိုင်ခိုင်မာမာနဲ့ လူထုထောက်ခံမှုအရကော၊ နေရာအရကော ကောင်းကောင်းခံစစ်ဆင်နိုင်တဲ့ အနေအထား၊ သူတို့ကို အကြီးအကျယ် ခြိမ်းခြောက်နိုင်ပြီး ထပ်မံ အင်အားတိုးချဲ့ ဝိုင်းပတ် ပိတ်ဆို့ပြီး သူတို့ရဲ့ ငွေ့ငွေ့ကျန်တဲ့ တပ်စခန်းတွေကို ချေမှုန်းသိမ်းပိုက်လာနိုင်ပြီဆိုတဲ့ အနေအထား အဲ့လိုအနေအထားမျိုးတွေမှာ သူတို့ အဆိပ်ငွေ့ကို သုံးတယ်လို့ ကျနော်ခန့်မှန်းသုံးသပ် တွေ့ရှိတယ်ပေါ့။”လို့ ပြောဆိုထားပါတယ်။

မိုးဗြဲရှေ့တန်းစစ်မြေပြင်မှာတော့ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ တစ်ကြိမ် ၊ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ် စစ်ကောင်စီက အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ သို့ပေမယ့် အသုံးပြုတဲ့ အကြိမ် အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

“မိုးဗြဲမှာကတော့ ၂၀၂၄ ဒီဇင်ဘာမှာစသုံးတယ်ပေါ့။ ၂၀၂၅ နှစ်စပိုင်းကနေ ခုထိသုံးနေတုန်းပဲ။ အကြိမ်ရေ အတိကျတော့ ပြောရခက်တယ်။ ဒရုန်းဗုံး ၊ မီးလောင်ဗုံးတွေနဲ့ အဆိပ်တွေပါတယ်။ အငွေ့ပါတယ် ဆိုတော့ ခနခဏ ကြုံတွေ့ရတာရှိပါတယ်။”လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်တာဟာ ကရင်နီတစ်ပြည်ထဲတော့မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် မတ်လက ဆီဆိုင်မြို့တိုက်ပွဲတခုမှာ တစ်ကြိမ် စစ်ကောင်စီက အသုံးပြုခဲ့ပါသေးတယ်။ ဓာတုအဆိပ်ငွေ့ဗုံး ရှူရှိုက်မိတဲ့ရဲဘော်တွေဟာ တစ်ကြိမ်တည်း ပုံစံတူလက္ခဏာကို ခံစားခဲ့ရတာပါ။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

TNLA ထုတ်ပြန်ချက် – https://www.facebook.com/share/p/1BNd8cKLf5/

ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြတဲ့သတင်းမှာလည်း မတ်လအတွင်း နောင်ချိုမြို့နယ်က တိုက်ပွဲတွေမှာလည်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ဆက်လက်အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

“နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်လက်အသုံးပြုပြီး တိုက်ခိုက်နေ” ဆိုပြီး ရေးသားထားပါတယ်။ သတင်းလင့် – https://t.me/spmnewsagency2019

၂၀၂၃ခုနှစ်က ၁၀၂၇ ရှမ်းမြောက်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး မကြာခဏ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။

အဆိပ်ငွေ့ကို ရှူရှိုက်မိတဲ့အခါ ခံစားရတဲ့ လက္ခဏာများ

တော်လှန်ရေးရဲဘော်တွေရဲ့ ပြောကြားချက်အရ ရှူရှိုက်မိတဲ့သူတွေကတော့ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်အားပြတ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားခဲ့ရတယ်လို့ ‌ပြောပါတယ်။ အဆိပ်ငွေ့ကို ရှူရှိုက်မိသူဟာ လူ့ခန္ဓာကိုယ်ကို နုံးသွားစေပြီး ပြန်လည်အနားယူမှသာ သက်သာစေတာပါ။

အဆိပ်ငွေ့ကိုရှူရှိုက်မိသူတွေကတော့ အသက်အန္တရာယ်ထိခိုက်တဲ့အဆင့်ထိ မဟုတ်ပါဘူး။ သို့ပေမယ့် ၂ရက်ခန့် ကိုယ်ခန္ဓာကို အနားပေးရတယ်လို့ ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးကာကွယ်ရေး (KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “ ဗုံးသီးတွေကနေ ထွက်လာတဲ့အငွေ့တွေက အရင် S-PHOS ( အက်စ်ဖော့စ် ) သုံးတဲ့အဆိပ်ငွေ့နဲ့တူတယ်။ သူ့ရဲ့အာနိသင်က တူတယ် ရဲဘော်တွေ ခံစားရတဲ့ဝေဒနာက တူတာမျိုးဖြစ်တယ်။ သီးသန့်ချည်းတော့ S-PHOS ( အက်စ်ဖော့စ် )လို အခွံ သိမ်းဆည်းရမိတာတော့မရှိဘူး။ ရှေ့တန်းမြေပြင် ရဲဘော်တွေပြောပြချက်အရ သူတို့ရှူရှိုက်ရတဲ့ အဖြူရောင်အဆိပ်ငွေ့တွေက S-PHOS ( အက်စ်ဖော့စ်) လိုမျိုး အာနိသင်ရှိတယ်လို့ ရဲဘော်တွေက ပြန်ပြောပြပါတယ်။”လို့ မိုးဗြဲမြို့အခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

ဓာတုလက်နက်တွေမှာပါဝင်တဲ့ အဆိပ်တွေဟာ တိုက်ခိုက်ခံရတဲ့ အနီးပတ်ဝန်းကျင်တွေမှာ ဓာတ်ငွေ့၊ အရည် ၊ အမှုန့် စတဲ့ ပုံစံမျိုးစုံနဲ့ တည်ရှိနေနိုင်တာကြောင့် ဓာတုလက်နက်ကျ ရောက်ထားတဲ့ နေရာအနီးကို အကာအကွယ်ဝတ်စုံမပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းတွေကို ကိုင်တွယ်ခြင်း၊ လူနာတွေကို ကြည့်ရှုခြင်း မပြုလုပ်သင့်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ NUG ကာကွယ်ရေးဝန် ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

NUG ထုတ်ပြန်ထားတဲ့ ဓါတုလက်နက်တွေရဲ့ ဘေးအန္တရာယ် ကာကွယ်နိုင်ရေး အကြံပြုချက်များကို https://www.facebook.com/share/p/15DoZ5upCq/ ကို ဖတ်ရှုနိုင်ပါတယ်။

စစ်ကောင်စီက အခုထက်ပိုပြီး အဆိပ်ငွေ့ဗုံး၊ ဓာတုဗုံးကို ပိုမိုအသုံးပြုလာနိုင်သလား

စစ်ကောင်စီက မြေပြင်မှာ စစ်ကြောင်းထိုးနိုင်တဲ့ အင်အား နည်းပါးလာတာ၊ တိုက်ပွဲအထိနာတာ၊ လက်နက်အသုံးပြုမှု အဆင့်မြှင့်တင်တာ စတဲ့အချက်တွေကြောင့် အဆိပ်ငွေ့ပြားတွေ၊ ဓာတုဗုံးတွေကို အသုံးပြုမှု ပိုမိုများလာနိုင်ပါတယ်။ ဒီအနေအထားမှာ မိမိတို့ရန်သူ အထိနာဖို့ အဆိပ်ငွေ့ဗုံးက ဗုံးကြဲတိုက်ခိုက်တဲ့ နည်းလမ်းဟာ လွယ်ကူတာကြောင့် လည်း ပိုမိုသုံးစွဲလာနိုင်တာပါ။ လတ်တလောမှာတော့ တိုက်ပွဲအတွင်းမှာ အသုံးပြုနေတယ်ဆိုပေမယ့် အရပ်သားအပေါ်လည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်မှုရှိနေကြပါတယ်။

စစ်ကောင်စီကတော့ တိုက်ပွဲတိုင်း အသုံးပြုနေတာ မဟုတ်ပေမယ့် အထိနာတဲ့တိုက်ပွဲတွေမှာတော့ အသုံးပြုတယ်လို့ KNDF ပြန်ကြားရေးက ပြောပါတယ်။

“အဆိပ်ငွေ့ကိုသုံးတဲ့အနေအထားကိုကြည့်ရင်တော့ ကြည်းစစ်ဆင်ရေးအမိန့်နဲ့ သွားတဲ့သဘောမျိုးမဟုတ်ဘူး။ တွေ့ရှိတဲ့ နောက်ဆုံး မိုးဗြဲဖက်က သိမ်းဆည်းရမိတဲ့အဆိပ်ငွေ့တွေနဲ့ ပတ်သက်ပြီး ကက လေယာဉ်ကနေ ကြဲတယ်လို့ သိရတယ်။ “ လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သုံးသပ်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံကတိုက်ပွဲတွေမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တဲ့ အမျိုးအစားကို သီးခြားအတည်မပြုနိုင်ပါဘူး။

အဆိပ်ငွေ့သုံးနေတဲ့ စစ်ကောင်စီက ဝါဒဖြန့်ချန်နယ်တွေမှာ ဘယ်လိုတန်ပြန်တုန့်ပြန်နေလဲ

တိုက်ပွဲတွေမှာ အဆိပ်ငွေ့ဗုံး အသုံးပြုမှုနဲ့ ပတ်သက်တဲ့ တော်လှန်ရေးဖက်က ပြောဆိုချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် channel တွေမှာ ငြင်းဆိုထားပါတယ်။ ဥပမာ – ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရှမ်းပြည်၊ နောင်ချိုမြို့နယ်က တိုက်ပွဲမှာ အဆိပ်ငွေ့ဗုံး အသုံးပြုခဲ့တယ်လို့ TNLA ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက အဲ့ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

“ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်ရှိ စခန်းသစ်လုံခြုံရေး စခန်းအား TNLA အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက တိုက်ခိုက် လျက်ရှိပြီး တပ်မတော်မှ နယ်မြေဒေသ လုံခြုံရေးနှင့် တရားဉပဒေ စိုးမိုးရေးအတွက် လိုအပ် သော လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများဖြင့် တိုက်ခိုက်လာခဲ့သည်ဟု TNLA အဖွဲမှ မဟုတ်မမှန် သတင်းထုတ်ပြန် ချက်တစ်ခုကို Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပြီး တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်အခါမျှ သုံးစွဲလေ့မရှိကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။” လို့ စစ်ကောင်စီက ဝါဒဖြန့်ချန်နယ်တွေကနေ တန်ပြန် ဝါဒဖြန့်ချိပါတယ်။

ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Snow Queen ရဲ့ ချန်နယ်လင့်ခ် – http://archive.today/bK8Kg
ဆက်စပ်သတင်းလင့်ခ်တွေလည်း ထပ်မံဖြန့်ချိတာကို တွေ့ရပါတယ်။

RFA သတင်းတစ်ပုဒ်မှာတော့ “နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို တိုက်ခိုက်ခဲ့တယ်။ တပ်မတော်က ပြန်လည် တိုက်ခိုက်တယ်။ ပြန်လည်တိုက်ခိုက်တာမှာ TNLA အနေနဲ့ အကျအဆုံးများစွာ ရှိခဲ့တယ်။ ထုံးစံအတိုင်းပါပဲ သူတို့ အကျအဆုံး များပြီဆိုရင် TNLA အနေနဲ့ ယခင်ကအတိုင်း သူတို့ သုံးနေကျအသံပေါ့၊ ထွက်လာပြီပေါ့၊ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တယ်တို့ ဘာတို့ တွေ့ရတာဖြစ်ပါတယ်”လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဖြေဆိုထားပါတယ်။

နိုင်ငံတကာရာဇဝတ်မှုပြစ်ဒဏ်များ

နိုင်ငံတကာက တားမြစ်တဲ့အဆိပ်ငွေ့ဗုံးကို စစ်ကောင်စီက အသုံးပြုပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

အဆိပ်ငွေ့ဗုံးအသုံးပြုတာဟာ နိုင်ငံတကာ စစ်ရေးဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်တာကြောင့် စစ်ကောင်စီကို အရေးယူပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဓာတုပစ္စည်းတွေအသုံးပြုခဲ့ပြီး စစ်ကောင်စီ တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်ပြီး အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားတယ်လို့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က RFA သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။

RFA သတင်းတစ်ပုဒ်ကို ဒီမှာကြည့်ပါ – https://rb.gy/d6ijb3

စစ်ပွဲတွေမှာ ဓာတုလက်နက်တွေ၊ ဓာတုပစ္စည်းတွေ အသုံးပြုတိုက်ခိုက်တာတွေကို တားဆီးနိုင်ဖို့အတွက် ၁၉၉၂ ခုနှစ်မှာ နိုင်ငံတကာမှာစတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ဓာတုလက်နက်အသုံးပြုခြင်းဆိုင်ရာစာချုပ် (Chemical Weapons Convention(CWC)) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အနှစ်ချုပ်

စစ်ကောင်စီအဆိပ်ငွေ့ အများဆုံး အသုံးပြုတိုက်ခိုက်တာကို ကရင်နီ ၊ ရှမ်း-ကရင်နီနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ တွေ့ရှိရပါတယ်။

နိုင်ငံအနှံ့ စစ်ကောင်စီက အာဏာသိမ်းတဲ့ လေးနှစ်ကာလအတွင်း တော်လှန်ရေးအင်အားစုကနေ သိမ်းပိုက်ထားနိုင်တဲ့ မြို့ပေါင်း (၉၅)မြို့ထိ ရှိလာတယ်လို့ မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဥ်အား စောင့်ကြည့်လေ့လာနေသည့်လုပ်ငန်းအဖွဲ့ BNI-MPM ရဲ့ အစီရင်ခံစာက ၂၀၂၅ ၊ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

စစ်ရေးအရ ထိန်းချုပ်နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ တိုက်ပွဲတွေမှာ နိုင်ငံတကာက တားမြစ်ထားတဲ့ အဆိပ်ငွေ့ကို ပိုမိုအသုံးပြုလာနိုင်သလို စစ်ကောင်စီဝါဒဖြန့်ချီမှုကလည်း တန်ပြန် သတင်းအမှားဖြစ်ကြောင်း ဝါဒဖြန့်ချိမှာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts