spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

လွတ်လပ်ရေးရပြီးခါစကတည်းကနေ ယနေ့အထိ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်လာခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

မြန်မာ့တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးတဲ့အချိန်ကစပြီး ခေတ်အဆက်ဆက်မှာ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကို သက်သေပြခဲ့ပြီဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ အောက်တိုဘာလ ၁၅ ရက်မှာကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်ကို ပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

အစိုးရမှ တာဝန်ပေးချက်ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ဖဆပလ အစိုးရခေတ်ကတည်းကနေ ယနေ့အချိန်ထိ ကာကွယ်ရေးနဲ့ ပြည်တွင်းလုံခြုံရေးတွေကို ပူးတွဲဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်ကစတဲ့နိုင်ငံရေးမတည်ငြိမ်မှုမှာ နယ်မြေဒေသအသီးသီးက လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် လူထုတွေ ဆင်းရဲ ဒုက္ခရောက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ KNPP၊ KNDF၊ PNLO၊ KIA နဲ့ KNU လက်နက်ကိုင်သောင်းကြမ်းသူများဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမောက် လုပ်ရပ်များစွာကိုဆောင်ရွက်ခဲ့ကြပါတယ်။ အကျိုးဆက်ကတော့အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲ ဒုက္ခရောက်ခဲ့ကြရပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ အမျိုးမျိုးသောပံ့ပိုးမှုတွေ အဓိက ပါဝင်နေတာကိုလည်း တွေ့ရှိရပါတယ်။ဒါကိုကျနော်တို့ အစိုးရက မှန်မှန်ကန်ကန် ရှုမြင်ပြီးနိုင်ငံတော်ရဲ့ အကျိုးစီးပွားကိုမထိခိုက်အောင် ကာကွယ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်” လို့ စစ်ခေါင်းဆောင်က မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက နိုင်ငံရဲ့ အမြင်မတူညီမှုတွေကနေတဆင့် ပေါ်ပေါက်လာတာဖြစ်လို့ နိုင်ငံ‌ရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများပြုလျက် ရှိတယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့တုန်းကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းဖို့ PDF အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ခေါင်းဆောင်ဖိတ်ခေါ်ခဲ့တဲ့အပေါ် အယုံအကြည်မရှိသလို တစ်စုံတစ်ရာတုံ့ပြောစရာလည်း မရှိဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း လူထုတွေရှိရာအရပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့ကစလို့ စက်တင်ဘာလ ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၁၅ ဦးသေဆုံးခဲ့ရတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပူးပေါင်းထုတ်ပြန်ထားခဲ့ပါသေးတယ်။

“စစ်အာဏာရှင်တစ်စုက ငါတို့ ပြည်သူပဲ အမြဲတမ်း အဓမ္မပြုကျင့်ခံရတဲ့အတွက် သူတို့ဖက်သွားပူးပေါင်းမယ်ဆိုရင် ကိုယ့်ပေါင်ကို လှန်ထောင်းသလိုမျိုးဖြစ်တယ်။ ကိုယ့်ပြည်သူအချင်းချင်းကို ပြန်နှိပ်စက်ခိုင်းစေချင်တဲ့ သဘောဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင်မင်းအောင်လှိုင်ပြောသွားတာကတောာ့ သူပြောတဲ့အပြောအဆို သူလုပ်တဲ့လုပ်ရပ်ကတော့ လုံးဝအောက်တန်းစားဆန်တယ်လို့ ပြောလို့ရတယ်ပေါ့နော” လို့ ဒီးမော့ဆိုမြို့နယ် အ‌နောက်ဖက်ခြမ်းရှိ ဒေသခံတစ်ဦးက စစ်ကောင်စီရဲ့ မိန့်ခွန်းအပေါ် တုံ့ပြန်ပြောဆိုပါတယ်။

စစ်ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ စပ်လျဥ်းပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေကို တပ်မတော်တစ်ခုထဲမှာ အပြည့်အဝတာဝန်ရှိတယ်လို့ မမှတ်ယူကြပဲ ပြည်သူများရဲ့ အားနဲ့ စစ်မှန်တဲ့ ပူးပေါင်းပါဝင်မှုကိုလည်း လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။

spot_img
spot_img

Recent posts