ကန္တာရဝတီတိုင်း ( မ် )
ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာ တစ်လကျော်ကြာမြှင့်နေပြီး ဖယ်ခုံ ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရသလို တိမ်းရှောင်ကြတဲ့ နေရာမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းရန် ၊ လက်နက်ကြီးပစ်ခတ်မှုကို ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်နေရပါတယ်။
တိုက်ပွဲတွေကြောင့် ထပ်မံစစ်ရှောင်နေကြရတဲ့ ဖယ်ခုံဒေသခံတွေရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
အသက်၄၀ ဝန်းကျင်ရှိတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး
“ လိုအပ်ချက်တွေကတော့ အများကြီးရှိတာပေါ့နော ကိုယ့်ရပ်ရွာ ဒေသမဟုတ်တဲ့အတွက်လေ အလုပ်အတွက်ဆိုလည်း ခက်ခဲတာပေါ့နော။ ကျန်းမာရေးပိုင်းကော ဆေးဝါးတွေလည်း လိုအပ်တာပေါ့နော။ ဆေးခန်းတွေနဲ့လည်း အလှမ်းဝေးတော့ အခက်အခဲရှိတာပေါ့။ လေယာဥ်သံတွေ အမြဲတမ်းကြားရတဲ့ အခါကျတော့ စိုးရိမ်ခြင်းတော့ အမြဲတမ်းရှိတာပေါ့နော်။ စိတ်က လုံခြုံမှု မရှိဘူးပေါ့နော်။ ကိုယ်က ဗုံးခိုကျင်းတွေရှိပေမယ့်လည်း ဗုံးခိုကျင်းထဲသွားမယ်ဆိုလည်း ကိုယ့်စိတ်ကလေ လေယာဥ် ကြဲလိုက်တဲ့အခါ အဲ့ထဲမှာ ကျရင် ဘယ်လိုလုပ်မလဲပေါ့ စိုးရိမ်စိတ် တွေကတော့ အမြဲတမ်းတော့ ရှိတာပဲပေါ့။”
အသက် ၅၀ ကျော်ရှိပြီဖြစ်တဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး
“စိုးရိမ်ရပါတယ်။ တခါတလေလည်း မိုးပေါ်က လေယာဥ်ဝဲလာပြီး ဗုံးတွေလာကျအုံးမလားမသိဘူးဆိုပြီးတော့ စိတ်ကတော့ စိုးရိမ်ရတယ်ပေါ့နော်။ ကြောက်ရတယ်ပေါ့နော်။ ကတုတ်ကျင်း နည်းနည်းပါးပါးတော့ တူးရမယ်ထင်တယ် ဆိုပြီး ကလေးကိုပြောနေတာပေါ့”
မောင်စိန် (ဖယ်ခုံဒေသခံတစ်ဦး)
“ဒီမှာလိုအပ်တာကတော့ အမျိုးမျိုးပဲပေါ့နော် စစ်ရှောင်ဘဝဆိုတော့ လိုအပ်ချက်က များကြီးရှိတယ်။ ပြီးတော့ ကိုယ်က ဘားမှမရှိတဲ့သူဆိုတော့ ခုလိုရှောင်ရတော့ အဆင်မပြေဘူး။ ဒီမှာရှောင်တာလည်း သူများ စက်ငှားလာတာ ခုထိ စက်ခမပေးနိုင်သေးဘူး။ ဒီကိုလာဖို့ ခက်ခက်ခဲခဲနဲ့လာရတာပေါ့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ပေါ့။ ဒီမှာလည်း တဲဆောက်တာလည်း အမြဲနေရမလား မနေရဘူးလားဆိုတဲ့ စိတ်နဲ့ ခနနေ နောက်ထပ်တစ်နေရာထပ်ပြေးရမလား ဆိုတဲ့ စိတ်နဲ့ လေယာဥ်လည်း တစ်ရက်တစ်ခေါက် နှစ်ခေါက်ဝဲသံ ကြားနေရတယ်။ စိုးရိမ်တဲ့စိတ်နဲ့ ကိုယ်ကဒီမှာ တဲဆောက် တာလဲ ဘယ်နှနှစ်လောက်နေရမလဲ ဘယ်နှလလောက်နေရမလဲ ဆိုတာထက် ဘယ်အချိန်ပြေးရမလဲ ဆိုတာကို စိတ်က အဲ့ဒါပဲ တွေးနေတယ်ပေါ့။”
ဒေါ်ဒေးဒေး (ဖယ်ခုံဒေသခံတစ်ဦး )
“စိုးရိမ်တာတော့ အများကြီးရှိတာပေါ့။ အသံတွေကြားပြီဆိုရင် ကိုယ်နေတဲ့ နေရာနားကို ရောက်လာမလား၊ ထပ်ပြေးရအုံးမှာလား အဲ့လိုမျိုးတွေပေါ့ ။ အဒေါ်တို့ မကဘူး သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် စဥ်းစားပြီးတော့ စိတ်ပူတယ်။ ပြေးတာက အိမ်ကနေ ထွက်တာက တစ်နေရာတည်းမဟုတ်ဘူး နှစ်နေရာ သုံးနေရာ ရွေ့ပြီးမှ ရောက်လာကြတယ် ဒီနေရာကို။ အဲ့ခါကျတော့ သူတို့က ဘယ်နေရာထပ်သွားမလဲ သွားမယ်ဆိုလည်း လမ်းစရိတ်တွေက မရှိတော့ဘူး။ ထပ်သွားဖို့ နေရာကလည်းမရှိတော့ အမျိုးမျိုးစဥ်းစားပြီး စိတ်ပူတာပေါ့။ စပါးစိုက်တယ် ပြောင်းစိုက်တယ် ပြောင်းတော့နည်းတာပေါ့။ စစ်ရှောင်ကတော့ တချို့ စပါးစိုက်တယ် တချို့က နေ့စားလိုက်တယ် သူများခြံတွေမှာ။ သူတို့လုပ်ရတဲ့အလုပ်နဲ့ မိသားစုအတွက် မလုံလောက်ဘူး ဒီမှာရှိတဲ့အလုပ်ပေါ့။ ကုန်းဈေးနှုန်းတွေကလည်း တရက်ပြီးတရက်မြငှ့်တက်လာတော့ လုံလောက်မှုမရှိဘူး။ ”