spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အ‌နောက်ဖက်ခြမ်းမှာ စားသုံးကုန်ပြတ်လပ်လာပြီး ကြက်ဥလည်း ဝယ်မရတော့

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

အောက်တိုဘာလ အစောပိုင်းကစလို့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ စားသုံးကုန်ပြတ်လတ်မှုနဲ့ကြုံတွေ့နေပြီး ကြက်ဥလည်း ရှာဝယ်လို့မရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“ကြက်ဥကတော့ မရှိသလောက်ဖြစ်သွားပြီ။ ရှိရင်တောင်မှ အပုပ်တွေပဲရတာပေါ့” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဈေးဆိုင်တချို့မှာ ကြက်ဥတစ်လုံး ၅၀၀ ကျပ်နဲ့ ပေးဝယ်နေရသေးပေမဲ့ လက်ကျန်ကြက်ဥတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးဆိုင်နေရာအများစုမှာတော့ ကြက်ဥ ဝယ်ယူလို့မရတော့တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် ကုန်စည်သွင်းတဲ့ လမ်းတံတား ပျက်စီးနေတဲ့အပြင် စစ်ရေးအရ လမ်းပိတ်ဆို့မှုတွေကြောင့် ကုန်စည်ဝင်မရတော့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းကို ကုန်စည်သွင်းတဲ့ လမ်းကြောင်း သုံးခုရှိပြီး လက်ရှိမှာ လမ်းကြောင်းနှစ်ခုဟာ စစ်ရေးကြောင့် ပိတ်ထားရပြီး ကျန်တစ်ခုက ‌ရေဘေးကြောင့် တံတားပျက်စီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အမြတ်အစွန်းမထွက်လာတော့ဘူးလေး။ ထားပါတော့ အမဲလုံးတစ်လုံးကို ကိုယ်က လျှော့လုံးလိုက်မယ်ဆိုရင်လည်း သူများမစားတော့ဘူး။ သူများအတွက်မတန်တော့ဘူးပေါ့နော။ ကိုယ်ပုံမှန်အတိုင်းလုပ်သွားတော့လည်း အမြတ်တွေမကျန်တော့ဘူးပေါ့” လို့ စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ရေးကြောင့်တင်မကပဲ ရေဘေးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ကုန်စျေးနှုန်းမြင့်တက်မှု နဲ့ လမ်းပန်းဆက်သွယ်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြီးကြပ်သတ်မှတ်ပေးနိုင်ဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် စပါးအပြင် တခြားသီးနှံစိုက်ခင်း ဧက သောင်းနဲ့ချီပျက်စီးခဲ့ရပြီး ပြည်နယ်တွင်း ကုန်သွယ်ရေးကို သတ်မှတ်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကလည်း ပြောဆိုထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်အများဆုံး နေထိုင်ကြတာဖြစ်ပြီး ကုန်စျေးနှုန်းပိုမိုမြင့်တက်လာမှုအပေါ် ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို အခုလို ပြောပါတယ်။

“တော်ရုံတန်ရုံ မဝယ်စားရဲ‌‌တော့ဘူးပေါ့နော။ အသားတွေဆိုလည်း အရင်လို ပေါပေါသီသီမဝယ်စားရဲတော့ဘူး။ ကိုယ့်ဟာကို ပိုက်ဆံနဲနဲပိုခြွေတာ တတ်လာတယ်ပေါ့“ လို့ သူက ပြောပါတယ်။

စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ဒီးမော့ဆိုမြို့နယ်မှာ စပါးစိုက်ခင်း ဧက ၁၀၀၀ ရေလွှမ်းမိုးခဲ့ပြီး တခြား ကောက်ပဲသီးနှံ ၊ နှမ်းခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ IEC က ပြောထားပါတယ်။

spot_img
spot_img

Recent posts