ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်ကို အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို တင်ပို့တဲ့နေရာမှာ ပေးဆောင်ရတဲ့ အခွန်ခတွေများနေတာကြောင့် ကုန်စည်ပို့ဆောင်နေသူတွေ အခက်တွေ့နေသလို ဝယ်ယူစားသုံးနေတဲ့ ပြည်သူတွေအတွက် ကုန်စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်ပေါ်စေတယ်လို့ ကုန်စည်တင်ပို့နေသူ တစ်ဦးက ပြောပါတယ်။
မော်ချီးဒေသက ပြည်သူတွေဟာ စားသောက်ကုန်၊ အသုံးအဆောင်၊ စက်သုံးဆီတွေကို ဒီးမော့ဆိုမြို့နဲ့ နယ်စပ်ဒေသကနေ ပြန်လည်ဝယ်ယူကြတာဖြစ်ပါတယ်။
ဒီလို ကုန်စည်တွေကိုတင်ပို့တဲ့နေရာမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံ သွားလာရေးအတွက် ခွင့်ပြုချက်လက်မှတ် အပြင် တပ်ရင်းတပ်ဖွဲ့တွေဆီက ထောက်ခံစာကိုပါ ရယူနေရပြီး ကုန်စည်အတွက် သတ်မှတ်ထားတဲ့ အခွန်ခတွေကိုလည်း ပေးဆောင်ရတယ်လို့ သိရပါတယ်။
“IEC လက်မှတ် က (၃)သိန်း၊ တပ်ရင်းထောက်ခံစာက (၅)သိန်း စုစုပေါင်း (၈)သိန်းပေါ့နော်။ ဒါမဲ့ ကန့်သတ်ကုန်တွေဘာတွေဆို သပ်သပ်ထပ်ပေးရတယ်ပေါ့။ အကြမ်းအားဖြင့်သိတာတော့ ဘီယာက တစ်ဖာကို (၅)ထောင်၊ ဆန်က တစ်အိတ် (၅)သောင်း အဲ့လိုပေးရတာပေါ့။” လို့ ဒီးမော့ဆိုမှ မော်ချီးကို ကုန်စည်တင်ပို့နေသူတစ်ဦးက ပြောပါတယ်။
IEC ကနေ သတ်မှတ်ထားတဲ့ ကန့်သတ်ကုန်တွေကတော့ ဘီယာ၊ ဆန် နဲ့ စက်သုံးဆီ တွေဖြစ်ပါတယ်။ ဒီးမော့ဆို – ဖားဆောင်း- မော်ချီးဒေသဖက်ကို ကုန်စည်တင်ပို့သူတွေက သယ်ယူပို့ဆောင်ခွင့်လက်မှတ်ကို ပြုလုပ်ထားရတယ်လို့ သိရပါတယ်။
အခုလိုအခွန်များတာကြောင့် မော်ချီးဒေသဘက် ရောက်သွားတဲ့ကုန်ပစ္စည်းတွေကို စျေးနှုန်းမြင့်တင်ရောင်းရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်လာပြီး ပြည်သူတွေအခက်တွေ့နေကြတယ်လို့လည်း ကုန်စည်တင်ပို့နေသူတစ်ဦးက ဆက်ပြောပါတယ်။
“များတယ်လို့ ထင်တာထက် တစ်ခါတလေ လက်မှတ်က ဆိုင်ရာ၊ပိုင်ရာ တွေပဲ အဆင်ပြေတာပေါ့။ ကိုယ်တွေက အသိမိတ်ဆွေမရှိတော့ တောင်းဝယ်ရတယ်။ များတယ်လို့ ပြောရမှာပဲ ပြီးရင် ဒီထိရောက်ရင် အများအတွက်လဲ ဈေးပြန်တင်တော့ ပြည်သူလူထုအတွက်လဲ မကိုက်ဘူးပေါ့။ ကုန်တင်သူအတွက်လဲ အဆင်မပြေဘူးပေါ့။ ဈေးကိုလာတင်ရောင်းရတယ်ဆိုတော့။” လို့ ကုန်စည်တင်ပို့နေသူတစ်ဦးက ဆက်ပြောပါတယ်။
ဒီးမော့ဆိုကနေ မော်ချီးကို four wheel (ဖိုးဝီးလ်)ကားတွေနဲ့ ကုန်တွေတင်ပို့နေတဲ့ ကားတွေရဲ့ အသွားအပြန် ကုန်ကျစရိတ်ဟာ အနည်းဆုံး ကျပ်သိန်း(၂၀)ရှိတယ်လို့လည်း သိရပါတယ်။
“ကိုယ်ကပြန်ရောင်းလိုက်တဲ့ခါကျတော့ တချို့ဒီမှာလုပ်စားတဲ့သူတွေက နင်တို့ကုန်ဈေးမကျသေးဘူးလား။ မဟုတ်ဘူး ဒီလိုဒီလိုရှိတယ် အဲ့လိုပေါ့။ အခုလည်း ခဲကျင်းကလုပ်တဲ့သူတွေ များလာတယ်။ ခဲကလည်း ပုံမှန်မရကြတော့ဘူးပေါ့။ လူဦးရေနည်းတုန်းကတစ်မျိုးပေါ့နော ကျနော်တို့က တစ်ပတ်တစ်ခါ အကြွေးစနစ်နဲ့ရောင်းပေးတယ် တချို့ကျတော့လည်း မပြေလည်ကြဘူး လာမပေးနိုင်တဲ့ခါကျတော့ သူတို့လည်း မျက်နှာပူတယ်။” လို့ မော်ချီးဒေသမှာ အခြေခံစားသောက်ကုန်ဆိုင် ဖွင့်ထားတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
မော်ချီးဒေသမှာ ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ်၁ သိန်းကျော်မှ ၃ သိန်းအထိ စျေးရှိနေပြီး ဝက်သားတစ်ပိဿာ ၄သောင်းကျပ်၊ ကြက်ဥတလုံး ၁ထောင်၊ ကန်စွန်းရွက်တစ်စီးကို ၂၅၀၀ ကျပ် နဲ့ တခြားသော အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကား အသွားအလာသိပ်မရောက်တော့လေ။ မိုးရာသီဆို ပိုဆိုးတယ်။ ကုန်ဈေးအရမ်းမြင့်တော့ တခါတလေကျရင် ကျောက်ကပ် (ခဲ) ကောက်တဲ့အဖွဲ့ကတော့ အဆင်မပြေဘူးပေါ့နော။ တခါတလေ ငါးပိ ငါခြောက် အဲ့တာတွေဘဲ စားနိုင်တယ်ပေါ့နော။ အခုက ဂေါ်ဖီတစ်လုံးဆို ၅ ထောင်၊ ပန်းပွင့်တွေဆိုရင် ၈ ထောင် ၉ ထောင် ရှိတယ်။”လို့ မော်ချီးဒေသက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ခဲသတ္တုတွင်းကိုသာ အဓိက မှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ မော်ချီးဒေသမှာ အာဏာမသိမ်းခင်က ကုန်ဈေးနှုန်းပုံမှန်ရှိပေမဲ့ ဒေသတွင်းတိုက်ပွဲဖြစ်ပွားလာပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။