ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့က တောမီးလောင်ရာကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတနေရာက စစ်ရှောင်တဲအိမ်နှစ်လုံး မီလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
တောမီးလောင်တဲ့နေရာနဲ့ စစ်ရှောင်စခန်းက အလှမ်းဝေးပေမယ့် လေတိုက်အားပြင်းလွန်းတာကြောင့် မီးစတွေလွင့်လာပြီး စစ်ရှောင်တဲအိမ်နှစ်လုံး မီးလောင်ပြာကျသွားတယ်လို့ အဆိုပါစစ်ရှောင်စခန်းရဲ့ စစ်ရှောင်ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၇ ရက်နေ့တုန်းက တောမီး အဝေးတစ်နေရာကနေ လောင်တယ်။ ဒါပေမယ့် လေတွေ အရမ်းကောင်းနေတော့ ညနေပိုင်း ၃ နာရီလောက်မှာ တော်တော်ဝေးပေမယ့် မီးစက လွင့်လာပြီးတော့မှ တဲနှစ်လုံးမီးထဲ ပါသွားတယ်” လို့ ပြောပါတယ်။
လူထိခိုက်မှုမရှိပေမယ့် နေအိမ်အတွင်းက ပစ္စည်းတွေအားလုံး မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ နေအိမ်မီးလောင်သွားတဲ့ မိသားစု (၂) စုကို စစ်ရှောင်ကော်မတီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကပဲ ကူညီပေးနေကြတာဖြစ်ပြီး အပြင်ကနေတော့ အကူအညီတွေ မရရှိသေးဘူးလို့ တာဝန်ရှိသူကအခုလို ဆက်ပြောပါတယ်။

“မီးလောင်သွားတဲ့ အိမ်နှစ်အိမ်ကိုတော့ ဒီမှာရှိတဲ့ဟာတွေနဲ့ ပေးထားတယ်။ မိုးကာတို့၊ အိုးခွက်၊ပန်းကန်တို့၊ ဆန်၊ ဆီ၊ ဆားတို့ ဒီမှာရှိသလောက်ပေါ့နော်။ ကော်မတီအဖွဲ့တွေကော အုပ်ချုပ်ရေးအဖွဲ့တွေကကော ဝိုင်းပြီးတော့မှ ကူညီပေးကြတာတော့ ရှိတယ်။ဒါပေမယ့် အပြင်ကနေပြီးတော့ အကူအညီတွေတော့ ပြောပြထားပေမယ့် အခုချိန်ထိ လာတာတော့ မရှိသေးဘူး”လို့ သူက ဆက်ပြောပါတယ်။
အဆိုပါစစ်ရှောင်စခန်းမှာ အိမ်ခြေ တစ်ထောင့်ငါးရာရှိပြီး လူဦးရေခြောက်ထောင်ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် မတ်လ အတွင်းမှာလည်း လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ တောမီးလောင်ပြီး ကျေးရွာအထိ ကူးစက်မှုကြောင့် နေအိမ် ၂၉ လုံး မီးလောင်ပြာကျခဲ့ပြီး စပါးကျီ၊ စပါးတွေ ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။