ကေးဒူ / ကန္တာရဝတီတိုင်း(မ်)
“ဟေ့ယောင် မင်းအသုဘ မသွားဘူးလား”
တောင်ပေါ် လမ်းခုလတ်တနေရာမှာ အသိမိတ်ဆွေတယောက်က ကျနော့်ကို လှမ်းနှုတ်ဆက်လိုက်တာပါ။ ဒီစကားကို ကြားကြားချင်း ဘယ်သူ့အသုဘ များလဲလို့ တွေးပြီး ခဏသာ ဆွံ့အသွားခဲ့ရပါတယ်။
အကြောင်းစုံကို သူပြောပြတော့မှ ကျနော်နေထိုင်ခဲ့တဲ့ ကျေးရွာလေးက အိမ်နီးချင်းတဦးဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို သိလိုက်ရတယ်။
သူ့ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ မိဘတွေ အလာကို စောင့်ဆိုင်းခဲ့ပေမဲ့ လမ်းခရီးအခက်ခဲကြောင့် မိဘတွေ ရောက်မလာနိုင်ပဲ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့သာ ဘဝကူးပြောင်းသွားခဲ့ရတဲ့ ကောင်လေးတယောက်ရဲ့ အကြောင်းပေါ့။
သူ့နာမည်ကတော့ ခူးပါးဒီပါ။ အသက်က ၁၅ နှစ်ဝန်းကျင်သာရှိပါသေးတယ်။ သူ့မှာ သိပ်ချစ်ရတဲ့ ညီမလေးတယောက် ရှိပါတယ်။
မွေးချင်း မောင်နှမ နှစ်ယောက်အနက် သားကြီးဖြစ်တဲ့သူဟာ မိဘတွေအားကိုးရသူဖြစ်သလို၊ သူသိပ်ချစ်ရတဲ့ သူရဲ့ ညီမလေးအတွက်လည်း ညနေခင်း ကျောင်းဆင်းချိန်ဆို ငှက်ပစ်၊ ငါးရှာပြီး အမြဲတမ်း ဟင်းကောင်းလေး တခွက်ရှာဖွေကျွေးမွေးတတ်တဲ့ အစ်ကိုကြီးပီသတဲ့ လူငယ်လေးတဦးပါ။
ဒါပေမဲ့လည်း သူဖြစ်ချင်တဲ့ ပညာတတ်တဦးဖြစ်လာဖို့ သူသိပ်ချစ်တဲ့ ညီမလေးနဲ့ မိဘနှစ်ပါးကို ချန်ပြီး နယ်စပ်ဒေသဘက်မှာ ပညာသင်ဖို့ ထွက်လာခဲ့ပြီး ပညာရေးဆုံးခန်းမတိုင်ခင်မှာပဲ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရပါတယ်။
သူ့ရဲ့ ဇာတိကတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာလေးတရွာပဲဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ရွာမှာ မနေရပဲ တခြားကျေးရွာတွေဆီကို စစ်ရှောင်ရင်း နဲ့ ကျောင်းဆက်တက်ခဲ့ရသူပါ။ ၂၀၂၄ ခုနှစ် ရဲ့ ဖေဖော်ဝါရီလမှာ သူနေထိုင်တဲ့ စစ်ရှောင်စခန်းအနီးက စာသင်ကျောင်းကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး ကျောင်းသား ၄ ဦးသေဆုံးတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ပြီးနောက်ပိုင်းမှာ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားနိုင်မယ့် နယ်စပ်ဒေသဘက်ကိုအရောက်သွားပြီး ပညာသင်ယူဖို့ သူဆုံးဖြတ်ခဲ့တာပါ။ နယ်စပ်ဒေသက စစ်ရှောင်စခန်းကိုရောက်လာတာ လပိုင်းလောက်ပဲ ရှိပါသေးတယ်။
ဆွေမျိုးရင်းချာမရှိ မျက်စိသူငယ်၊ နားသူငယ်နဲ့ အသိမိသားစုရဲ့ အိမ်မှာ နေထိုင်ပြီး ပညာကို ကြိုးစားသင်ယူနေတာပါ။ ပညာတတ်ဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်လူငယ်လေးဟာ ၁၀ တန်း (အထက်တန်း)ကိုတောင် ပြီးမြောက်အောင် မတက်ရောက်နိုင်တော့ပါဘူး။
စစ်ရှောင်စခန်းမှာပဲ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတခုကြောင့် မထင်မှတ်ပဲ ခူးပါးဒီ တယောက် လောကကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီ။ ယခင်ကတော့ အသက်ရှုကြပ်တဲ့ လက္ခဏာမျိုးတွေ မကြာခဏဖြစ်ဖူးပေမဲ့ သာမန်အနေနဲ့ပဲ ယူဆပြီး အရေးမထားခဲ့ဘူးလို့ သူနဲ့ နီးစပ်တဲ့ သူတွေက ပြောပြပါတယ်။
ခူးပါးဒီရဲ့ သေဆုံးမှုကို အသိမိတ်ဆွေတွေကနေတဆင့် မိသားစုတွေကို အကြောင်းကြားခဲ့ပြီးပြီဖြစ်ပေမဲ့ သုံးရက်ခရီး ခြေလျင်လျှောက်ရမယ့် နယ်စပ်ဒေသကို လာဖို့ကတော့ မိသားစုဝင်တွေအတွက် အလွန်ခက်ခဲနေတာပါ။ ဒါကြောင့်လည်း ခူးပါးဒီရဲ့ အသုဘကို မိသားစုတွေမပါပဲ၊ အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေကနေပဲ နောက်ဆုံးခရီးကို ပြင်ဆင်ပို့ဆောင်ပေးခဲ့ကြပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်နဲ့ အမျှ နေရာတိုင်းမှာ ဖြစ်ပွားနေခဲ့တာပါ။ တိုက်ပွဲတွေ ကြားထဲမှာ ပိတ်မိနေခဲ့တဲ့ ပြည်သူလူထုတွေ များစွာ ရှိသလို တိုက်ပွဲတွေကြားကနေ ရုန်းထွက်ရင်း အသက်ပေးခဲ့ရတဲ့ လူငယ်တွေလည်း မနည်းတော့ပါဘူး။
စစ်ကောင်စီရဲ့ လက်နက်ကြီးရန် ၊ လေကြောင်းရန် အန္တရာယ်တွေကို အမြဲစိုးရိမ်ပူပန်နေရတာကြောင့် ပညာရေးကို စိတ်ဖြောင့်ဖြောင့်နဲ့ မလေ့လာနိုင်ကြပါဘူး။
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း (၅၀၀) ကျော် ရှိတယ်လို့ (IEC) ရဲ့ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
ကရင်နီပြည်က တောတောင်တွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းက စာသင်ကျောင်းတိုင်းနီးပါးဟာ ပုန်းခိုကျင်းတွေ တူးထားလေ့ ရှိကြပါတယ်။ သို့ပေမဲ့လည်း လုံခြုံရေးအတွက် စိတ်ချရတဲ့ အနေအထားမှာ မရှိနေပါဘူး။ စစ်ကောင်စီဟာ ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို မကြာခဏ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတာကြောင့်ပါ။
တချို့တွေကတော့ ဘေးကင်းလုံခြုံမယ်လို့ ထင်ရတဲ့ တောထဲ တောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တချို့တွေကတော့ ကရင်နီပြည်နဲ့ နီးစပ်တဲ့ ထိုင်းနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
အခုလို နေရာဒေသ အသီးသီးကို ထွက်ပြေးတိမ်းရှောင်နေရပေမဲ့ မိမိတို့ ကလေးတွေရဲ့ ပညာရေး အတွက် ရောက်တဲ့နေရာမှာ စာသင်ကြားနိုင်ဖို့ လုပ်ဆောင်နေကြတဲ့အပြင်၊ လုံခြုံတယ်လို့ ယူဆရတဲ့ နေရာဒေသကို ပို့ဆောင်ပြီးတော့လည်း ပညာသင်ကြားတာတွေကို ပြုလုပ်စေကြပါတယ်။
တောထဲတောင်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ ဝါးတဲကလေး ထိုး၊ မိုးကာလေး အုပ်ပြီး ပညာရေးကို ရှေ့ဆက်နေကြရတဲ့ လူငယ်တွေရဲ့ ဘဝကို တွေးကြည့်ရင် ရင်လေးစရာပါပဲ။
ပညာရှာရမယ့်အရွယ်တွေမှာ မိုးလုံလေလုံတဲ့ စာသင်ကျောင်းခန်းထဲမှာ ယူနီဖောင်းလှလှလေးတွေ ဝတ်ဆင်ပြီး ပညာရေးကို လေ့လာသင်ယူရမယ့်အစား၊ လူငယ်တွေအများစုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်၊ လေကြောင်းရန် အန္တရာယ်ကြားကနေ သူတို့ရဲ့ ပညာရေး လမ်းစဉ်ကို ရဲရဲတောက် ဆက်လျှောက်နေကြတာပါ။
ဒါတွေကို မြင်တွေ့ ရသူအဖို့မှာ အလွန်ပင် လေးစားစရာ ကောင်းသလို ဝမ်းနည်းဖို့လည်း ကောင်းပါတယ်။ ပညာရေးကို ရဲရဲတောက် ဆက်လျှောက်နေကြတဲ့ ကရင်နီပြည်ရဲ့ လူငယ်တွေထဲက ခူးပါးဒီ ဟာလည်း တဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူဆက်မလျှောက်လှမ်းနိုင်တော့ဘဲ လမ်းခုလတ်မှာ အသက်ပျောက်သွားခဲ့ရပါပြီ……..