spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

WHO က အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ မျောက်ကျောက်ရောဂါ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

မျောက်ကျောက်ရောဂါလို့ လူသိများတဲ့ Mpox ရောဂါကို မကြာသေးခင် ဩဂုတ် ၁၄ ရက်နေ့မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကနေပြီး ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဒုတိယအကြိမ် ကြေညာလိုက်ပါတယ်။

ဒါကြောင့် မျောက်ကျောက်ရောဂါဟာ လူတွေကို ဘယ်လို အန္တရာယ်ပြုစေလဲ ဆိုတာ ကန္တာရဝတီတိုင်း(မ်) ပရိတ်သတ်တွေကို မျှဝေပေးချင်ပါတယ်။

မျောက်ကျောက်ရောဂါဘယ်လိုဖြစ်လာတာလဲ

မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်၊ ဒိန်းမတ်နိုင်ငံရှိ ဓာတ်ခွဲခန်းတခုမှာ မျောက်တွေကနေတဆင့် ဗိုင်းရပ်စ် ရောဂါပိုးတမျိုးကို စတင်တွေ့ရှိခဲ့တဲ့အတွက် Monkeypox (သို့) မျောက်ကျောက်ရောဂါလို့ ခေါ်ဆိုခဲ့ပါတယ်။

အဲဒီရောဂါကို စတင်တွေ့ရှိတဲ့အခါမှာ လူတွေကို ကူးစက်တာမျိုးမရှိခဲ့ပါဘူး။ ၁၉၇၀ နောက်ပိုင်းမှာတော့ အာဖရိကတိုက်မှ လူတွေကို ကူးစက်မှုစတင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်း မျောက်ကျောက်ရောဂါဟာ ပျောက်ကွယ်သွားခဲ့ပေမယ့် ၂၀၀၀ ခုနှစ် အလွန်မှာ တဖန်ပြန်လည် ဖြစ်ပွားခဲ့တာပါ။

၂၀၀၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ၊ ၂၀၂၂ ခုနှစ်မှာ အာဖရိက၊ မြောက်အမေရိက နဲ့ ကမ္ဘာနေရာအနှံ့ကို ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။

လက်ရှိ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေမှာလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဘယ်လိုကူးစက်စေသလဲ
မျောက်ကျောက်ရောဂါရှိသူတဦးနဲ့ အရေပြားချင်း ထိတွေ့တာ၊ နမ်းတာ၊ လိင်ပိုင်းဆိုင်ရာထိတွေ့ ဆက်ဆံတာ၊ မျက်နာချင်းဆိုင် အနီးကပ်တွေ့ဆုံတာ (ဥပမာ- နီးနီးကပ်ကပ် စကားပြောတာ) စတာတွေကနေ ကူးစက်နိုင်ပါတယ်။

ရောဂါပိုးခံစားနေရတဲ့ တိရိစ္ဆာန်တွေကို တိုက်ရိုက်ကိုင်တွယ်ထိတွေ့တာတွေကလည်း မျောက်ကျောက် ရောဂါကူးဆက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တဦး မျောက်ကျောက်ရောဂါကို ခံစားရပြီဆိုရင် အချင်းတိုင်ကနေတဆင့် သန္ဓေသားကို ကူးစက်နိုင်သလို မီးဖွားချိန်နဲ့ မီးဖွားပြီးချိန်တွေမှာလည်း ကလေးငယ်နဲ့ အရေပြားချင်း ထိတွေ့တာကနေ ရောဂါပိုးကူးစက် ခံရနိုင်ပါသေးတယ်။

ဒါတွေအပြင် ရောဂါခံစားနေရသူတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာကလည်း မျောက်ကျောက်ရောဂါကို ကူးစက်စေပါတယ်။

မျောက်ကျောက်ရောဂါ ဖြစ်ပွားနေတဲ့ လူတဦးဟာ ရောဂါလက္ခဏာခံစားနေရချိန် ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင် အခြားသူကို ကူးစက်စေနိုင်ပြီး ရောဂါလက္ခဏာခံစားနေရတဲ့ သူကို အနီးကပ် ကိုင်တွယ်ထိတွေ့တာကနေလည်း ရောဂါကူးစက်ခံရနိုင်တယ်လို့ WHO က အသိပေးထားပါတယ်။

ရောဂါလက္ခဏာများ

လူတဦးမှာ မျောက်ကျောက်ရောဂါကို ဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ပေါ်မှာ အနီကွက် နဲ့ အရည်ကြည် ဖုတွေဟာ ၂ ပတ်ကနေ ၄ ပတ် ကြာအောင် ထွက်နိုင်ပါတယ်။

အရည်ကြည်အဖုအပိန့်တွေနဲ့ အနီကွက်တွေရဲ့ အရေအတွက်မှာ အနည်းငယ်ကနေ ထောင်ပေါင်းများ စွာအထိ ထွက်လာတတ်ပါတယ်။ မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်၊ လိင်အင်္ဂါတဝိုက်နဲ့ မျက်စိလို နေရာမျိုးတွေမှာ အများအားဖြင့် ထွက်လေ့ရှိပါတယ်။

ဒါတွေအပြင် ဖျားတာ၊ ခေါင်းအရမ်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ အားအင်ကုန်ခမ်း တာ၊ ပြန်ရည်အိပ် (Lymph node) တွေ ရောင်ရမ်းတာတွေလည်း ခံစားရနိုင်ပါတယ်။

ခန္ဓာကိုယ်ပေါက်က အနီကွက်တွေကို စတင်ဖျားပြီး တရက်မှ သုံးရက်အတွင်းမှာ ပြလေ့ရှိပါတယ်။

ရောဂါလက္ခဏာတွေဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားပါတယ်။

နောက်ဆက်တွဲကျန်းမာရေးပြဿာနာများ

မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရတဲ့ လူနာအများစုဟာ ကုသမှု မခံယူဘဲ ပြန်လည် ကောင်းမွန်လာ ကြပါတယ်။ ဒါပေမဲ့ တချို့လူနာတွေမှ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ အဆုတ်ရောင်တာ၊ မျက်ကြည်လွှာ ပိုးဝင်ပြီး အမြင်အာရုံဆုံးရှုံးတာ၊ အရေပြားပေါ်ရှိ အနာတွေမှာ ဗက်တီးရီးယား ပိုးဝင်တာ၊ အစာမျိုရခက်တာ၊ အော့အန်တာ၊ ဝမ်းလျှောတာတွေကြောင့် ပြင်းထန်တဲ့ရေဓာတ်ခန်းခြောက်တာ ၊ အာဟာရချို့တဲ့တာ၊ နှလုံးရောင်တာ၊ ဦးနှောက်ရောင်တာ၊ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းတုံ့ပြန်တာ နဲ့ သွေးဆိပ်တက်တာ စတဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။

တချို့ နောက်ဆက်တွဲရောဂါတွေကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် နာတာရှည်ရောဂါအခံရှိသူ နဲ့ နာတာရှည်ဆေး မှီဝဲနေရသူတွေ မျောက်ကျောက် ရောဂါကို ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး သောက်နေကြဆေးတွေကို ဆက်လက် သောက်သုံးသင့်ပါတယ်။

ဘယ်လိုကာကွယ်နိုင်သလဲ

မျောက်ကျောက်ရောဂါကို အထိရောက်ဆုံး ကာကွယ်နည်းကတော့ တခုခု ကိုင်တွယ်မိတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် သေချာပွတ်တိုက် ဆေးကြောနည်းပါပဲ။

ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်းတွေကနေတဆင့် မျောက်ကျောက်ရောဂါ ဗိုင်းရပ်က ဝင်ရောက်ကူးစက်နိုင်တဲ့အတွက် မျက်နှာကိုလက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်သင့်ပါဘူး။
လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေ သွားရမယ်ဆိုရင် နှာခေါင်းစည်း (Mask) တပ်ထားရမှာဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါဖြစ်တဲ့အခါ အနာကထွက်တဲ့ အရည်တွေ၊ နှာချေ ချောင်းဆိုးတဲ့ အခါထွက်လာ တဲ့အမှုန်တွေ၊ အနာဖတ်တွေနဲ့ ထိတွေ့တာကလည်း ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။

ဒါကြောင့် ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်ကိုင်တွယ် ထိတွေ့တာမျိုး ရှောင်သင့်ပါတယ်။

မျောက်ကျောက်ရောဂါအပါအဝင် တခြားသောရောဂါတွေ ကာကွယ်နိုင်ဖို့အတွက် အိပ်ရေးဝဝ အိပ်တာ၊ အာဟာရပြည့်ဝအောင် စားသောက်တာ။ ကိုယ်ခံအားကောင်းဖို့အတွက် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ မျှတအောင်စားပေးဖို့ လိုအပ်ပါတယ်။
တိရစ္ဆာန်တွေကိုအကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုးတွေလည်း ရှောင်သင့်ပါတယ်။ အဖျားကြီး သေဆုံးနေတဲ့ တိရစ္ဆာန်တွေကနေ ရောဂါပိုးကူးစက်နိုင်လို့ အကာအကွယ်ဝတ်စုံဝတ်ပြီးမှ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေပြီး ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်တဲ့ မျောက်ကျောက်ရောဂါ မကူးစက်ဖို့ ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်တယ် ဆိုတာကို တင်ဆက်ပေးလိုက်ရပါတယ်။

ကိုးကား – WHO Myanmar website, Wikipedia website.

spot_img
spot_img

Recent posts