ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတွင်းရှိ ပြည်သူလူထုတွေ စားနပ်ရိက္ခာဖူလုံရေးအတွက် ခေတ်မှီနည်းစနစ်တွေအသုံးပြုပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ခရီးစဥ်မှာ ပြောလိုက်ပါတယ်။
အဋ္ဌမအကြိမ် (၈ကြိမ်)မြောက် မဟာမဲခေါင်ဒေသခွဲ GMS ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာကျင်းပခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ တို့ရဲ့ ဝန်ကြီးတွေနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ၊ မဟာမဲခေါင်ဒေသနိုင်ငံခွဲမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများနဲ့ တာဝန်ရှိသူများက တက်ရောက်ခဲ့စဥ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုကဲ့သို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံးနိုင်ငံများထဲမှာ အဆင့် ၈ ဖြစ်ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင် ရေးအတွက်လည်း ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ ကမ္ဘာ့လူဦးရေဟာ ယခု ၈ ဒသမ ၃ ဘီလီယံရှိပြီး ၂၀၃၀ မှာ ၈ ဒသမ ၆ ဘီလီယံ၊ ၂၀၃၅ခုနှစ်မှာ ၈ ဒသမ ၉ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားတာကြောင့် ရိက္ခာဖူလုံမှု ပြဿနာဟာ ပိုမိုကြီးမားလာဖွယ်ရှိတယ်လို့ သူက ပြောဆိုပါတယ်။
ထိုကဲ့သို့ ပြောနေစဥ်မှာပဲ မြန်မာပြည်က လူထုတွေဟာ စစ်ဘေး၊ သဘာဝဘေး ကို တစ်ပြိုင်ထဲ ရင်ဆိုင်ကြုံတွေ့နေကြရပြီး စားနပ်ရိက္ခာပြတ်လတ်နိုင်တဲ့ အခြေနေကို ကြုံတွေ့နေတာဖြစ်ပါတယ်။ ဒါ့အပြင် ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာမှုကိုလည်း ရင်ဆိုင်နေရတာပါ။
“ထမင်းဆို နပ်မမှန်တော့ဘူးပေါ့နော။ တစ်ရက် နှစ်နှပ်ပဲစားတော့တယ်။ ဟင်းအတွက်ဆိုလည်း တစ်လ တစ်ခါပဲ အမဲရိုးဝယ်စားတယ်။ တစ်နပ်ဝယ်စားရင် တစ်နေကုန် လောက်အောင် စားရတယ်ပေါ့နော။ အသားကုန်ရင် အရည်ပဲသောက်တော့တာပေါ့။ ပုံမှန်ဆိုရင် ခရမ်းချဥ်သီးထောင်းတို့ ငါးပိထောင်းတို့ပဲစားတယ်။ တချို့ဆို ငရုတ်သီးထောင်း နဲ့ ထမင်းစားကြတာပေါ့” လို့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင်းက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူလူထု ၅၆ ဒဿမ ၆ သန်းရှိတဲ့ အနက် ၁၈ ဒဿမ ၆ သန်းက လူသားချင်း စာနာထောက်ထားမှု လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောဆိုထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာ WFP ကလည်း မြန်မာ့လူထု သန်း ၅၀ ကျော်အနက် ၁၃ သန်းကျော်က စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
ကရင်နီပြည်မှာလည်း ပြင်းထန်နေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် လူထုတွေက တောတောင်ထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး ကာလကြာမြှင့်တာနဲ့အမျှ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲလာကြတာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ပြောကြားချက်အရ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေမှာ ထမင်းလျော့စားရတဲ့ မိသားစုတွေလည်း ပိုမိုများပြားလာတယ်ဆိုပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်ပါဘူး။
စစ်ရေးကြောင့် လမ်း၊ တံတားပိတ်ဆို့မှုဖြစ်ပွားလာပြီး ဒေသတွင်း ကုန်စည်ဝင်ရောက်ဖို့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကိုဖြတ်ရတာကြောင့် လုံခြုံရေးဆိုင်ရာမှာလည်း စိန်ခေါ်မှုရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အာဏာသိမ်းတဲ့ အတွက်ကြောင့်ပဲ ကုန်စျေးနှုန်းတွေလည်းတက်တယ်။ လမ်းကြောင်းသွားလာရခက်ခဲတယ်။ ပစ္စည်းသွားယူတဲ့အခါမှာ လုံခြုံမှုမရှိဘူးဆိုတော့ အဲဒီကနေပြီးတော့မှ သယ်ယူခတွေက စ ဆိုင်တာပေါ့နော” လို့ ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အစောပိုင်းက အခြေခံစားသောက်ကုန်ထဲက တစ်လုံး ၁၀၀ ကျပ်တန် ကြက်ဥကလည်း လက်ရှိမှာတော့ တစ်လုံး ၆၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်ထိ ရှိနေပါတယ်။ တစ်ဖက်မှာလည်း စစ်ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ တိုင်း ၊ ပြည်နယ် က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် လူသားချင်းစာနာမှုအကူအညီကို ရရှိဖို့ နိုင်ငံတကာကို တော်လှန်ရေးအင်အားစုတွေက မကြာခဏ တောင်းဆိုလျက်ရှိနေပါတယ်။