spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဆောင်းပြောင်းနဲ့ နောင်ဝိုးကျေးရွာကြား တံတားပျက်စီးသွားတာကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာနဲ့ နောင်ဝိုးကျေးရွာကြားက တံတားကြီးတစ်ခု ပျက်စီးသွားတာကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံရသလို ရှမ်းပြည်ကနေ ကရင်နီပြည်ကို ပြန်ဝင်လာတဲ့ ကရင်နီဒေသခံတွေအနေနဲ့ သွားလာရ ခက်ခဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါတံတားဟာ ရှမ်းပြည်နဲ့ ကရင်နီပြည်ကို သွားလာတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က နောင်ဝိုးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ အဲ့တံတားက အရင်လ ၃၀ရက်နေ့ကဖြစ်တယ်လို့ကြားတယ်။ ကရင်နီပြည်ကနေ ရှမ်းပြည် သွားလာဖို့အတွက် အဓိကလမ်းလားဆိုတော့ မိုးဗြဲ-ဖယ်ခုံလမ်းလောက်တော့ အဓိကမကျဘူးပေါ့နော်။ ဒါပေမဲ့ ရှမ်းပြည်ကနေ ကရင်နီပြည်ဖက်သွားလာဖို့က တံတားပျက်စီးသွားတယ်ဆိုတော့ ဒေသခံတွေအတွက် အနည်းနဲ့အများသွားလာဖို့အတွက် အခက်အခဲတော့ဖြစ်ရတာပေါ့။ အခုဆို အဲ့တံတားလမ်းက ပိုအသုံးဝင်တယ်ပြောလို့ရတယ်။” လို့ သူက ဆိုပါတယ်။

အဆိုပါကျေးရွာအနီးအနားမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲရှိခဲ့ပေမဲ့ တံတားပျက်စီးတဲ့အကြောင်းအရင်းကိုတော့ မသိဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ဒီဆောင်းပြောင်း-နောင်ဝိုးဖက်မှာတော့ ထိတွေ့မှု တိုက်ပွဲတွေကပေါ့နော် ရှိတော့ရှိတယ်။ပြီးတော့ ဒီတံတားပျက်တဲ့ကိစ္စက ကျနော်တို့ ခုထိမသိရသေးဘူးပေါ့နော်။” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတွေအတွက် အရေးပါတဲ့ နောင်ဝိုးတံတား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပင်လောင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ဖာမှု၊ နောင်ဝိုး၊ ဆောင်းပြောင်း၊ ကားရား၊ ကုန်းပေါ၊ ဗန်းမော်၊ တောင်မဲသင်း စတဲ့ ကျေးရွာက ဒေသခံတွေအပြင် လာရောက်တိမ်းရှောင်တဲ့ စစ်ဘေးရှောင်တွေလည်း ထပ်မံတိမ်းရှောင်ခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ၁သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img