ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်က အမှတ် ၁ စစ်ဘေးရှောင်စခန်းရဲ့စာသင်ကျောင်း မှာ ကျောင်းလည်ပတ်ဖို့ ရန်ပုံငွေ နဲ့ ကျောင်းသုံးပစ္စည်း ကိရိယာတွေ လိုအပ်မှု ရှိနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ဆရာမတစ်ဦးက ပြောပါတယ်။
ကျောင်းသုံး ကျောက်သင်ပုန်း (ဝိုက်ဘုတ်)၊ မာကာပင်( marker pen ) ၊ မင်ရည် နဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာရေးကိရိယာတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
“ အဓိက ကတော့ ဆရာ/မတွေ ထောက်ပံ့ကြေးတွေလိုတာပေါ့နော်။ ပြီးတော့ ကျောင်းအတွက်တွေကတော့ မင်ရည် မင်ချောင်းတို့ ကျောင်းသင်ပုန်းတို့ ဗလာ စာအုပ်တို့တွေ အခက်အခဲ ရှိတာပေါ့။ အလှူရှင်တွေလည်း ရောက်မလာတော့ဘူး။ ” လို့ သူက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းရဲ့ စာသင်ကျောင်းမှာ KG တန်းကနေ ၅ တန်းထိ ရှိနေပြီး ကျောင်းသူ/ သား စုစုပေါင်း ၁၃၈ ဦး ရှိပါတယ်။ လက်ရှိမှာ ဆရာမ ၁၂ ဦးနဲ့ သင်ကြားပေးနေပြီး သင်္ချာ၊ အင်္ဂလိပ်၊ မြန်မာ၊ သိပ္ပံ၊ စာရိတ္တ၊ ဘဝ၊ ပန်းချီ၊ လူမှုရေး ၊ ပထဝီ၊ ကရင်နီစာပေ နဲ့ ရှမ်းစာပေတွေလည်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။
လိုအပ်တဲ့ ကျောင်းသုံးကုန်ကျစရိတ်အတွက် ကျောင်သားမိဘတွေဆီကနေ ကောက်ခံအသုံးပြုနေရသလို ကျောင်းဆရာမတွေအတွက် ထောက်ပံ့ကြေးကို ၃လတစ်ကြိမ်သာ ပေးနိုင်ပြီး ဆရာ၊ဆရာမ တစ်ဦးကို ကျပ် ၁သိန်းနှုန်းနဲ့ ထောက်ပံ့ပေးတာပါ။ ဒီထောက်ပံ့မှုကိုလည်း IEC နဲ့ ဆယ်သဲဖောင်ဒေးရှင်းက ပူးပေါင်းပြီး ထောက်ပံ့ပေးနေပါတယ်။
“ လောလောဆယ် ကျောင်းသားမိဘတွေပေးတဲ့ လစာနဲ့ ဘုတ်အဖွဲ့ ရှာတဲ့ ရန်ပုံငွေနဲ့ IEC၊ ဆယ်သဲ ကနေ ဆရာ/မ တွေကို ထောက်ပံ့ကြေးက ၃ လ တစ်ကြိမ် လာပေးတယ်။ လောလောဆယ် ကျောင်း/ ရုံး စရိတ်ကတော့ မိဘတွေဆီကပဲ ကောက်ခံနေသေးတယ်။ အကယ်၍များ အခြား အဖွဲ့အစည်းတွေက ကျမတို့ စစ်ရှောင်ကျောင်းအတွက် ထောက်ပံ့မှုတွေ ပေးလာမယ်ဆိုရင် ကျမတို့ စစ်ရှောင် ပညာရေး ဝန်ထမ်း ဆရာ/မတွေနဲ့ ကျောင်းသားမိဘ အတွက် ဝန်ထုပ်ဝန်ပိုး သက်သာစေမှာ ဖြစ်ပါတယ်။” လို့ ကျောင်းတာဝန်ခံ ဆရာမတစ်ဦးကပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ လူဦးရေ ၅၀၀ ကျော်ရှိနေပြီး အများစုကတော့ ရှားတောမြို့ခံတွေဖြစ်ပါတယ်။
ဆိုမိုဖေစိုးလေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တော်လှန်ရေးတပ်တွေကနေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီကင်းစင်တဲ့နယ်မြေတစ်ခု အဖြစ်ရှိနေခဲ့တာပါ။ စစ်ကောင်စီတပ်တွေ အခြေချခဲ့တဲ့ ရှားတောမြို့ပေါ်နဲ့ ကျေးရွာတွေမှာ မြေမြုပ်မိုင်းတွေရှိနေသေးတာကြောင့် ဒေသခံတွေဟာ စစ်ရှောင်စခန်းမှာ ဆက်လက်နေထိုင်နေကြဆဲဖြစ်ပါတယ်။
လက်ရှိပြည်နယ်တွင်း စစ်ရေးအခြေအနေတွေကြောင့် ဆိုမိုဖေစိုးလေးမြို့နယ်ကို သွားလာဖို့ လုံခြုံရေးအရ အဆင်မပြေသေးသလို တချို့စစ်ရှောင်စခန်းတွေဆီကို သွားလာဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတာကြောင့် အလှူရှင်တွေမလာရောက်နိုင်ကြဘူးလို့ ဆိုပါတယ်။